နှစ်ပေါက်တစ်ပေါက်
နှစ်ပေါက်တစ်ပေါက်
ခြစ်ခြစ်တောက် ပူပြင်းလှသော လတော်သလင်း၏ မွန်းတည့်နေအောက် အရာဝတ္ထုအားလုံး ညှိုးရော်သွေ့ခြောက်ပြားပြားမှောက်နေရချိန်၊ ရွာဦးဘုန်းကြီးကျောင်းထိပ် ညောင်ပင်ကြီးအရိပ်အောက် ကာလသားလူငယ်တစ်စုအပူဒဏ်ရှောင်တိမ်းရင်း အပျင်းပြေ ကျားထိုး၊ကြွေပစ်၊ ကျောခင်း၊ သတင်းစာဖတ်ဖြင့် အေးအေးဆေးဆေးနှပ်နေကြခိုက်၊
“ ဟာ၊ ဟာ၊ ထူးထွေတည့် အံ့ရာသော်၊ ဟေ့ကောင်တွေ၊ ဟေ့ကောင်တွေ၊ တောင်ထိပ်ကြာပေါက် အနောက်
နေထွက်၊ ဘယ်လိုမှ ယုံကြည်လို့မရတဲ့ သတင်းပါလားကွ။ ဒီမှာ ဒီမှာ အားလုံး လာကြည့်ကြစမ်း၊ ´´
သတင်းစာဖတ်နေသော မောင်အူကြောင်၏မြွေကိုက်ခံလိုက်ရသကဲ့သို့ အလန့်တကြား အော်ဟစ်လိုက်မှု
ကြောင့် ကစားနေသူများနှင့် နှပ်နေသူအားလုံး အုံးအုံးကြွက်ကြွက် ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ကြပေတော့သည်။
“ ဟေ့ကောင် အူကြောင်၊ ဘာဖြစ်တာလဲကွ၊ အလန့်တကြား ဘာလဲ မင်းနှမလင်နောက်လိုက်သွားလို့လား။´´
“ တောက်၊´´ “ ဒီမှာ ကျားရှုံးနေရတဲ့အထဲ ဒီကောင်ကတစ်မျိုး၊ မင်းကြီးဒေါ်သေသွားတာ နာရေးထဲ ပါလာ
လို့လား။ ´´
အလန့်တကြား အော်ဟစ်လိုက်မှုကြောင့် အားလုံးက တစ်ယောက်တစ်မျိုးမရိုးရအောင် မေတ္တာတွေဝိုင်းပို့သနေကြသော်လည်း မောင်အူကြောင်မှာ စိတ်မဆိုးနိုင်ရှာပဲ၊
“ အေး၊ ငါ့နှမ လင်နောက်လိုက်သွားလို့ကတော့ ဘာဆန်းသလဲကွာ၊ ဒါလူငယ်တွေရဲ့သဘာဝပဲ။ မြို့က
ငါ့ကြီးဒေါ်ကြီး သေသွားတော့လည်း ဘာအကြောင်းလဲ၊ ဒါလည်း မမြဲတဲ့အနိစ္စတရားပဲ။ ခုဟာက အဲဒါတွေထက် ထူးဆန်းပြီး အံ့သြစရာကောင်းလွန်းလို့ကွ။ ကဲ၊ ကဲ၊ ဒီမှာနားထောင်ကြ၊ ငါဖတ်ပြမယ်။ မထူးဆန်းလို့ကတော့ငါ့ကို ကြိုက်သလို ပြောချင်ရာပြောကြ။ ´´
မောင်အူကြောင်သည် ပြောပြောဆိုဆို အနီးအနားက လူတွေအားလုံးကြားအောင် သံနေသံထားဖြင့် သတင်းစာထဲမှ ဓာတ်ပုံနှင့်တကွ ဖော်ပြထားသော ကြော်ငြာတစ်ခုကို အော်ဖတ်ပြလိုက်သည်။
“ ဝေနေယျသတ္တ၀ါအပေါင်းတို့အား မေတ္တာစေတနာရှေ့ထား၍ သင်တို့ရဲ့ အခက်အခဲ ပူပင်သောကများ စိတ်
အေးသွားရအောင် အကူအညီပေးနေပါပြီ။ ထို့ကြောင့် အကြားအမြင်ဆရာကြီးနှင့် အမြန်ဆုံးလာရောက် တိုင်ပင်ဆွေးနွေးပါ။
ဆရာကြီး ဦးတွန့်၊
အကြားအမြင် ရုံးခန်း၊
အမှတ်(၀၀၀)၊ စေတနာလမ်း၊မေတ္တာရပ်ကွက်၊
ဂရုဏာမြို့နယ်၊ မုဒိတာမြို့။
မောင်အူကြောင်၏ သတင်းစာဖတ်အပြီး အားလုံးမှာ စကားမပြောနိုင်ကြတော့ပဲ မှင်တက်မိ နှုတ်ဆိတ်ငြိမ်သက်
သွားကြပေတော့သည်။ အတန်ကြာမှ ကြွေပစ်နေသော တာတီးက သတင်းစာထဲမှ ကြော်ငြာနှင့်တွဲလျှက်
ဓာတ်ပုံကို လက်ညှိုးထိုးပြီး အခြားကမ္ဘာမှ ဂြိုလ်သားတစ်ယောက်ကို တွေ့လိုက်ရသည့်အလား အထစ်ထစ်အငေါ့ငေါ့ဖြင့်၊
“ ဒါ၊ ဒါ၊ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ငါတို့ရွာက ပျောက်သွားတဲ့ ဦးတွန့်ကြီးမဟုတ်လား ´´
“ အေးလေကွာ၊ သူလည်း ဒီကျောင်းက ကပိယကြီးအုန်းသန်းရဲ့ တပည့်ပဲ။ အလုပ်ဆို အလွန်ချောင်ခိုပြီး
အိယောင်ဝါးနဲ့ နေရာတကာ ဆရာလုပ်ချင်တဲ့လူ ဓာတ်ပုံထဲမှာတော့ နှုတ်ခမ်းမွှေးကားကား မုတ်ဆိတ်မွှေးဖားလျားနဲ့ ခန့်ခန့်ငြားငြားကြီးပါလား ဟရို့ ´´
“ နေပါဦး စာတောင် ကောင်းကောင်းမတတ်တဲ့သူက ဒီလိုလုပ်ကိုင်စားနေတာ အံ့သြစရာပဲ။ ဟုတ်ရောဟုတ်နိုင်ပါ့မလား။ ငါဖြင့် ယုံတောင်မယုံချင်ဘူး ´´
“ အေး၊ အဲဒါကြောင့် လောကကြီးဟာ မယုံကြည်နိုင်စရာ ထူးထွေတည့် အံ့ရာသော်လို့ ပြောတာပေါ့။ ရွာမှာတုန်းကနွားကျောင်း၊ ရေခပ်၊အငှားလိုက်၊ ကင်းစောင့်တာတောင် ပင်ပန်းလို့ဆိုပြီး မလုပ်ချင်တဲ့သူက ဘာတွေနဲ့များ ပွပေါက်တိုးသွားတာပါလိမ့် ´´
ထူးဆန်းအံ့သြစွာဖြင့် တစ်ယောက်တစ်ပေါက် မပြီးနိုင်မစီးနိုင် ဆူညံပွက်လောရိုက် အမျိုးမျိုးထင်ကြေးပေးနေကြလေရာ၊ အတန်ကြာမှ ခပ်လှမ်းလှမ်းအရိပ်အောက်တွင် ၀ါးပက်လက်ကုလားထိုင်တစ်လုံးဖြင့် မှေးနေသော အသက်(၇၀)ကျော်အရွယ် စိတ်ဆတ်သန်မြန် မဟုတ်မခံ အမှန်တရား လက်ကိုင်ထားဟန်တူသော ဦးဇင်းလူထွက် ကပိယကြီးအုန်းသန်းက၊
“ ကဲ၊ မင်းတို့အားလုံး ဒီလိုတောရမ်းမယ်ဘွဲ့တွေ လုပ်နေကြလို့ကတော့ ဘာမှရေရေရာရာရမှာမဟုတ်ဘူး။ မင်းတို့တကယ်သိချင်ရင် ငါနဲ့လိုက်ခဲ့ကြ၊ မနက်ဖြန် ဒီကောင်နဲ့ငါ စာရင်းသွားရှင်းမယ်။ တစ်ချိန်က ဒီကောင်လည်း ဒီကျောင်းထွက် ငါ့တပည့်ပဲ။ မဟုတ်တာ လိမ်စားနေလို့ကတော့ ငါလည်း ကြည့်နေမှာမဟုတ်ဘူး။ အရင်ငါကိုင်တဲ့ ကြက်ဥကြိမ်နဲ့ ကျောကော့အောင် ဆုံးမပစ်လိုက်မယ်။ မင်းတို့လည်း အဲဒီကျမှ တိတိပပ လေ့လာကြ ဟုတ်ပြီလား ´´
ထိုသို့ဖြင့် ထူးဆန်းအံ့ဖွယ် အကြားအမြင် ဆရာဂျီးဦးတွန့်သတင်းမှာ ကာလသား လူငယ်လေးများစိတ်ထဲ သို့လောသို့လောဖြင့် ခေတ်သစ်မော်ဒယ်ဂဲတွေထက်ပင် ပို၍ပို၍ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာကောင်းနေပေတော့သည်။
* * *
ဦးတွန့်သည် အလွန်နာမည်ကြီးသည့် ဆရာဂျီးဖြစ်သောကြောင့် ကားသမား၊မြင်းလှည်းသမား၊ ဆိုက်ကားသမားများကအစ သိကြလေရာ ကပိယကြီးမှာ ခက်ခက်ခဲခဲ မရှာလိုက်ရပဲ ` အကြားအမြင်ရုံးခန်း ´ ကို ကြိမ်လုံးတကားကားဖြင့် ရောက်ရှိသွားပေသည်။ သို့သော်ငြားလည်း ရုံးခန်းရှေ့တွင် အိမ်စီးဆလွန်းကား ဖြူလွလွ(၃)စီး၊အငှားကား(၃)စီး၊ မြင်းလှည်း၊ ဆိုက်ကား(၄)စီး ရပ်နားထားပြီး ဧည့်ခန်းမှာလည်း ထိုင်စရာနေရာ မရှိရလေအောင်ပြည့်ကျပ်နေသည်ကို တွေ့ရသည်။ ရုံးခန်းရှေ့တွင် စာရင်းစာအုပ်တစ်အုပ်ဖြင့် စောင့်နေသောစာရေးလေးထံ မေးမြန်းကြည့်သောအခါ သီးသန့်ဧည့်တွေ့ချိန် မွန်းလွဲ(၂)နာရီနောက်ပိုင်းမှဆိုတာ သိရ၍ တပ်ဆုတ်ခဲ့ရပြန်သည်။
နေ့လည်(၂)နာရီကျော်တွင်ကား၊
ခေတ်မီလှပသော သုံးထပ်တိုက်ကြီး၏ ကြီးကျယ်ခမ်းနားသော ဧည့်ခန်းကြီးအတွင်း နိုင်ငံခြားဖြစ်ဒရင်းဘက်တစ်လုံးပေါ် ဇိမ်ကျကျ မှေးစက်နေသော ဦးတွန့်ကို အတူနေတပည့်ဖြစ်သူက ဧည့်သည့်ရောက်နေသည့်အကြောင်းမ၀ံ့မရဲ ရိုကျိုးစွာဖြင့် နိုးခေါ်နေပေသည်။ ဆရာတွန့်သည် မဖွင့်ချင်ဖွင့်ချင် မှေးရီနေသော မျက်လုံးများဖြင့် ဖွင့်ကြည့်လိုက်လေရာ၊ ကြောက်မက်ဖွယ်ကောင်းသော သူရဲသူဘက်ကို မြင်လိုက်ရသည့်အလား ထိတ်လန့်တုန်လှုပ် သွားလေသည်။
ပြီးမှ သတိရလာလေဟန် ပြူးပြူးပြာပြာဖြင့်၊
“ ဟာ၊ ဆရာကပိယကြီးပါလား၊ ချက်ကြီး၊တာတီးတို့လည်း ပါသကိုး။ ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာကြတာလဲ၊ ဘယ်ကလှည့်လာကြတာလဲ ´´
“မင်းက နာမည်တွေ တအားကြီးပြီး ကျော်ကြားနေတော့လည်း အခြေအနေသိရအောင် ဒီလိုပဲ ရောက်လာကြတာပေါ့။ ကဲ၊ ပြောစမ်းပါဦး၊ မင်းက ဘယ်လိုဖြစ်ပြီး . . . ´´
ဆရာကပိယကြီးစကားမဆုံးသေးမီပင် ဦးတွန့်မှာ ဘုန်းကြီးကျောင်းသားဘ၀ အရိုက်ခံရဖူးသော ကြက်ဥကြိမ်(၃)လုံးပြူးကြီးကို မြင်သွား၍ ကြောက်ကြောက်ရွံ့ရွံ့မျက်နှာငယ်လေးဖြင့် အမြန်ထလိုက်ပြီး အရင်ဦးစွာ နေရာထိုင်ခင်းပေးစေကာအစားအသောက်များဖြင့် ပျူပျူငှာငှာ ကျွေးမွေးဧည့်ခံစေတော့သည်။ ပြီးမှ၊
“ ကျွန်တော် မလိမ်တတ်တာ၊ ရွာမှာကတည်းက ဆရာကပိယကြီး သိပြီးသားပါ။ ဒါပေမယ့် လူတွေက အတော်ဂွကျပါတယ်။ ကိုယ့်ဖာသာ ရွာက စိတ်ညစ်ညစ်နဲ့ထွက်လာခဲ့ပြီး မြို့မှာ စရိတ်ကပြတ်၊ ထမင်းကဆာ၊ အကြံအိုက်လို့ ဘုရားဝိုင်းထဲ လူကျဲတဲ့နေရာမှာ မျက်စိတ်မှိတ်ပြီး ဘာလုပ်ရရင် ကောင်းမလဲလို့ တင်ပလင်ခွေထိုင်စဉ်းစားနေတုန်း မိန်းမ(၃)ယောက် အနားရောက်လာပြီး သူတို့သိချင်တာတွေ မေးလာတာကအစ ဇာတ်လမ်းကစတော့တာပါပဲ။ ကျွန်တော်ကလည်းအလိုက်အထိုက် ပြောချင်ရာတွေ ပြောချလိုက်ရာက သူတို့စိတ်ထဲ တကယ်မှန်တယ်ထင်သွားပြီး ယုံကြည်လာဟန်တူရဲ့။
ကိုယ်က ပိုက်ဆံကိုတောင်မတောင်းရပဲ သူတို့ဖာသာ အဆင်ပြေသလို ပေးသွားကြတာ။ နောက်၊ တဖြည်းဖြည်း လူသိလာရာက များများပြီး ရောက်ရောက်လာကြတော့တာပါပဲ။ မတတ်နိုင်သူက မတတ်နိုင်သလို၊ တတ်နိုင်သူက တတ်နိုင်တဲ့အလျှောက်တစ်သောင်းနှစ်သောင်းဆိုတာများ အားနာစရာတောင်ကောင်းတယ်။ အခြေအနေအရ ဆံပင်မညှပ် မုတ်ဆိတ်မရိတ်
နှုတ်ခမ်းမွှေး မရှင်းနိုင်တာတောင် သူတော်ကောင်းကျင့်စဉ် ကျင့်နေတယ်ထင်ပြီး ဘိုးတော်လို ကိုးကွယ်လာကြ ထိုင်ကန်တော့လာကြတော့ ကျွန်တော် ဘာများတတ်နိုင်ဦးမှာလဲ ဆရာရယ်။ ကျွန်တော်က သူတို့ကို လိမ်ညာခဲ့တာလည်း မဟုတ်ရပါဘူး။
လူတွေက ကျွန်တော့်ဆီ ရောက်ရောက်လာပြီး သူတို့အကြိုက်ပြောခိုင်းဟောခိုင်းနေတာလို့ ခံစားလာရတာနဲ့ သူတို့စိတ်ချမ်းသာပါစေတော့ဆိုပြီး အလိုလိုက်မိရာက ဒီနွံတောထဲမှာ စုံးစုံးမြုပ်နေခဲ့ရတာ။ သေချာတွေးကြည့်ရင် ကျွန်တော့်ဘ၀က သနားစရာပါ။ ဒါပေမယ့် ဒါတွေဟာ ကုသိုလ်ရပါတယ်လေဆိုပြီး ဆရာ့တပည့်ကြီးက လူတွေကို ကူညီနေခဲ့ရတာပါပဲ၊ အဟင့်၊ အီး၊ ရွှတ်။ ´´
ကပိယကြီး။ ။ ဒါနဲ့ မင်းရဲ့အကြားအမြင်ဆိုတာကရော၊
ဦးတွန့်။ ။ ဒါကတော့ ဆရာရယ်။ ကျွန်တော်က မျက်စိမြင်ပြီး နားကြားနေတာပဲဥစ္စာ။ မျက်စိမမြင် နားမကြားပဲ ဟောနေတဲ့သူတွေနဲ့ ကွဲလွဲသွားအောင် သေချာအကြားအမြင်လို့ ထည့်ရေးထားရတာပါ။
ကပိယကြီး။ ။ ဒါဆို မင်းမလိမ်ဘူးဆိုတာ ငါဘယ်လိုယုံရမှာလဲ။ မလိမ်ပါဘူးလို့ရော ငါ့ကို ဂတိပေးရဲရဲ့လား။
ဦးတွန့်။ ။ ပေးရဲပါတယ်ဆရာ။ ရဲရဲကြီးဂတိပေးရဲပါတယ်။ ကျွန်တော် မလိမ်ပါဘူး။ ကျွန်တော့်အတွက်နဲ့
ဆရာ စိတ်မပျက်စေရပါဘူး။
ဆရာတွန့်သည် ကပိယကြီးကို ငယ်ကြောက်ဖြစ်လေရကား၊ မျက်ရည်ကလေး စမ်းတမ်းစမ်းတမ်းဖြင့် ကလီကမာရှင်းတမ်းထုတ်နေပေသည်။ ကပိယကြီးသည်လည်း အသက်ကြီးလှသည့်အပြင် ရိုးအလှသည့်အလျှောက် မယုံတ၀က်ယုံတစ်ဝက် ရှေ့ဆက်ရန် ခက်နေသဖြင့်၊
ကပိယကြီး။ ။ “အေး၊ လိမ်တာညာတာဟာ ငရဲကြီးသဟဲ့၊ ဘုရားများနတ်များကလည်း မကြိုက်ဘူးကွဲ့၊ အင်း တော်ပါသေးရဲ့၊ စိတ်ပူသမျှ ခုမှ စိတ်အေးရတော့တယ်၊ သာဓု၊သာဓု။ နောက်တစ်ခုက တို့ရွာမှာ
ဘုရားထီးတင် အသစ်ပြုပြင်ဖို့ လုံးပမ်းနေကြတယ်။ အဲဒါ မင်းလည်း တတ်နိုင်သလောက်
ကုသိုလ်ကောင်းမှု အလှူဒါနပြုပေါ့ကွာ၊ ´´
ဦးတွန့်။ ။ အာ၊ ပြုရမှာပေါ့ ဆရာရယ်၊ ကိုယ့်ရွာအတွက်ပဲ၊ ၀ိုင်းရ၀န်းရမှာပေါ့။ ကဲ၊ ချက်ကြီး၊ အလှူငွေ
ဖြတ်ပိုင်းစာအုပ်ပါရင် ရေးလိုက်စမ်းကွာ၊ ဝေနေယျသတ္တ၀ါအပေါင်းအား ရည်စူး၍ အကြားအမြင်
ဆရာဂျီးဦးတွန့်က စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် အလှူတော်ငွေ (၅၀)ကျပ် . . .လို့ .။
ထိုသို့ဖြင့် ကပိယကြီးနှင့် ဆရာတွန့်တို့၏ မတင်မကျ ပဋိပက္ခရှင်းလင်းပွဲကြီးမှာ ငြိမ်းချမ်းစွာဖြင့် နိဋ္ဌိတံခဲ့
ပေတော့သည်။
x x x
နောက်တစ်ပတ်တွင်ကား၊
ရွာဦးကျောင်းထိပ် ညောင်ပင်ကြီးအရိပ်အောက် ရွာသူရွာသားများ သတင်းစာထဲမှ မလိမ်မညာသော ကြော်ငြာတစ်ခုကို ၀ိုင်းဖတ်ရှုနေကြသည်မှာ၊
“ ဆရာဂျီးဦးတွန့် အမေရိကန်၊ အင်္ဂလန်၊ပြင်သစ်နှင့် အနောက်ဥရောပနိုင်ငံများသို့ မသွားသေးပါ။
ထို့ကြောင့် ဒီအခွင့်ကောင်းကို လက်လွှတ်မခံပဲ သင်တို့၏ အခက်အခဲများကို ဆရာဂျီးနှင့် အမြန်ဆုံးလာရောက်တိုင်ပင်ဆွေးနွေးပါ။
ပုံ
ဦးတွန့်
အကြားအမြင်ဆရာဂျီး ´´ ဟူသတည်း။
ကိုကိုတွန့်
Comment #1
Kwi..kwi..
lol..