ခေါ်ဆိုခွင့်..။
ခေါ်ဆိုခွင့်..။
မသိပါဘူး…။ ကျွန်တော် ဘာမှမသိပါဘူး….။မသိနိုင်ခြင်းများနဲ့ စလာတဲ့ ကျွန်တော် ဘ၀ ဟိုး…အရွယ် ငယ်ငယ် ကစလို့
ကျွန်တော် စတင်သိခဲ့ရသော အရာဟာ…….မသိခြင်းပါဘဲ…..။
ကျွန်တော် အဖေ ဘယ်သူလဲ…..ကျွန်တော်မသိဘူး။
ကျွန်တော် အမေ ဘယ်သူလဲ…..ကျွန်တော် မသိဘူး။
လူငယ်လေ့ကျင့်ရေးစခန်း တစ်ခုကနေ ကြီးပြင်းလာရတဲ့…ကျွန်တော် မှာ ပုစံခွက် အစားအစာ၊ပုံစံနေချိန်၊ပုံစံ အိပ်ချိန်၊ပုံစံ ကစားချိန် တွေဘဲရှိခဲ့ပါတယ်….။
အများတကာလို ကျွန်တော်ရဲ့ မွေးဖွားရာ အစက အကြောင်းအချင်းအရာ ပေါင်းစုံကို ကျွန်တော် သိခဲ့ချင်ပေမယ့်… ကျွန်တော်မသိခဲ့ရပါဘူး…သိအောင် ကျွန်တော် ကြိုးစားလေလေ ကျွန်တော် အသိတရားထဲကို မသိခြင်းတွေ တိုးဝင်လာလေပါဘဲ…။ နောက်ဆုံး…
ကျွန်တော် အပြင်းအထန် ကြိုးစားအားထုတ်ပြီး ကျွန်တော် မူလဇစ်မြစ်အစကို စုံးစမ်းကြည့်ခါမှ…သိလာရတဲ့ အချက်အလက် ပုံပြတွေဟာ…..ကျွန်တော် အတွက် ပို၍နားမလည်နိုင်သော မသိခြင်းတွေကို ရရိုခဲ့ပါတယ်….။
ကျွန်တော်ဟာ စွန့်အပြစ်ခံ လူသားတစ်ဦး…။
ကျွန်တော်ဟာ မိဘမဲ့သူတစ်ဦး…။
အနှီးတစ်ထည်ဟာ ကျွန်တော်ရဲ့ အရင်းအနှီးဆုံး အဖော်…။
မနက်အာရုဏ်မှာ ငိုနေတဲ့ ကလေးငယ်တစ်ဦးရဲ့ ဆာလောင်ခြင်းတွေ…။
ဆွမ်းခံကိုယ်တော်တွေရဲ့ ဆောင်ကျဉ်းပေးမှု့ ကြောင့် ကျွန်တော် ဒီလို နေရာ…ဒီလို ဘ၀နဲ့ အသက်ဆက်ခွင့် ရခဲ့တာပါ..။
ကျွန်တော်ဟာ အမိအဖ တို့ရဲ့ စွန့်ပြစ်ခြင်း ခံရလောက်အောင် ဘယ်လို အပြစ်မျိုး ကျုးလွန်ခဲ့မိသလဲ…ကျွန်တော် မသိပါ..။
ကျွန်တော်ဟာ ဘယ်ဘ၀ ၀ဋ်ကြွေး ပါလာလို့ ဒီလိုဘ၀မျိုးကို ပိုင်ဆိုင်ခဲ့ရသလဲ….ကျွှန်တော် မသိပါ…။
ကျွန်တော် သိချင်ပါသည်…။
ကျွန်တော်ရဲ့ သောက်စို့ခွင့်ရှိသော အမေ့နို့ရည်တွေ…ဘာကြောင့် ကျွန်တော် ခံယူစို့သောက်ခွင့် မရခဲ့သလဲ……။
အများတကာ နည်းတူ ဘာကြောင့်….ကျွန်တော် အမေ၊ အဖေ..ခေါ်စရာ…လူမရှိခဲ့ သလဲ….။
ကျွန်တော် အဘိုး ဘယ်သူလဲ….။
ကျွန်တော် အဘွား ဘယ်သူလဲ..။
နောက်….
ကျွန်တော် ကိုယ်တိုင်ကကော ဘယ်သူလဲ….။
မသိခြင်းပေါင်းများစွာ……မေးခွန်းပေါင်း များစွာကြားမှာ ကျွန်တော် ဘာမှမသိနိုင်ခြင်းများစွာနဲ့ ကျွန်တော့်ဘ၀က လူလားမြောက်ခဲ့ရပါတယ်….။
နိုင်ငံတော်ကကြွေး…နိုင်ငံတော် ကပေးတဲ့ အတတ်ပညာ အသိတရားတွေနဲ့ ကျွန်တော် ကားဝပ်ရှော့လေး တစ်ခုမှာ…..
စားဝတ်နေရေး ရပ်တည်နိုင်စရာ အလုပ်ကလေး တစ်ခု ရခဲ့ပါတယ်…..။
ရတဲ့ ၀င်ငွေနဲ့ ကျွန်တော်တည်ဆောက်ထားတဲ့ ကျွန်တော့်ကမ္ဘာလေးမှာ ပိုလျှံကြွယ်ဝသည် မရှိသော်ငြားလည်း ချို့ငဲ့
ခေါင်းပါးခြင်းကတော့ ကင်းခဲ့ပါတယ်…။
မနက်မိုးလင်းရင် ကျွန်တော် ငှားရမ်းနေထိုင်ရာ ဆင်ခြေဖုံး ရပ်ကွက်ထဲက အိမ်ခန်းစုတ်ကလေးကနေ…..ညကျန်တဲ့ ထမင်းကြမ်းခဲကို ငပိရည် ဆမ်းလို့ စားပြီး ကျွန်တော်ရဲ့မရိုးနိုင်တဲ့ နေ့စဉ် ဘ၀တိုက်ပွဲကို စတင်ခဲ့ပါတယ်…..။
တစ်နေကုန် သူများအငေါက်အငမ်းခံ အဆူအပူခံပြီး….ရလာတဲ့ နေ့တွက်ခ အသပြာလေးကို လက်မှာဆုပ်လို့ ရပ်ကွက်ထိပ်
ညဈေးတန်းလေးကနေ အသားငါး ဟင်းလျားလေး ၀ယ်ကာ ချက်ပြုတ်စားရင်း…..ကျွန်တော်ရဲ့ တစ်ယောက်ထဲ ညတွေ…
မသိနိုင်ခဲ့တဲ့ ဘ၀အဖြေကို မသိခြင်းတွေနဲ့ မိတ်ဆက်ရင်း…..မျက်ခွံတံခါးကိုပိတ် တိတ်တဆိတ်နဲ့ လောကထဲမှာ အိပ်စက် ခဲ့ပါတယ်။
ဒီလို မနက်တွေ…ဒီလို ညတွေပေါင်းများစွာကို ကျွန်တော် တခါတစ်ရံကျတော့ အလွန်စက်စုပ်ရွံ့ရှာ မိပါတယ်…။ရုန်းထွက်ချင်ခဲ့
မိပါတယ်..။ ဒါပေမယ့်လည်း အလိုပြည့်ခြင်း အလျဉ်းမရှိတဲ့ ကျွန်တော်နေထိုင်ရာ ကမ္ဘာကြီးမှာ ကျွန်တော် ဖြစ်စေချင် သလို မဖြစ်ခဲ့ပါဘူး…။
ငြီးငွေ့စရာကောင်းတဲ့ နေ့နဲ့ ညတွေကို မလွတ်တမ်း ဖက်တွယ်ရင်းနဲ့သာ ကျွန်တော် လူ့သက်တန်း တက်ဝက်ကို ကျော်ဖြတ်လို့ လာခဲ့ရပါတယ်။
ရင့်ကျက်လာတဲ့ အသက်အပိုင်း အခြားအရ ကျွန်တော့်အတွေးအခေါ်တချို့ဟာ ပြောင်းလဲလာခဲ့မှု့များစွာ ရှိခဲ့ သော်လည်း….
ကျွန်တော့် ၀န်းကျင်နံပါးက ပုံသဏ္ဍန်အဟောင်းတွေ….ပုံပြ အသစ်တွေနဲ့ လဲလှယ်သွားခဲ့သော်လည်း …
ကျွန်တော့် အသိတရားထဲမှာ ရှိနေတဲ့ ကျွန်တော့်ရဲ့ မသိနိုင်ခြင်းပေါင်းများစွာက မပြောင်းလဲခဲ့ပါဘူးလေ….။
ကျွန်တော့်ရဲ့ အားလပ်ရက်တချို့မှာ ကျွန်တော်တို့ ရပ်ကွက်နဲ့ မဝေးလှတဲ့ လှိုင်မြစ်ကူးတံတားပေါ်မှာ ကျွန်တော့်ရဲ့ အချိန်တွေကို ကျွန်တော် တွေးတောခြင်းတွေနဲ့ အတူ ဖြုန်းခဲ့ပါတယ်…။
သီအိုရီ တစ်ခုနဲ့ ဖွဲစည်းတည်ဆောက်ထားတဲ့ မြစ်ပြင်ကျယ်ထဲက လှိုင်းလုံးတွေကို ကြည့်ရင်း ကျွန်တော် မသိခဲ့တဲ့….
မသိနိုင်ခြင်းများစွာရဲ့ အဖြေကို ရှာဖွေခဲ့ပါတယ်…..။
ဒါပေမယ့်…..မြစ်အခြေကို ရေတွေသာ ကျသွားတယ်….မြစ်ထက်အညှာကို ရေတွေသာ ဆန်တက်သွားတယ်……ကျွန်တော်
လိုချင်တဲ့ အဖြေတစ်ခု အတွက် ကျေနပ်လောက်နိုင်စရာ…ပုံရိပ်ယောင်တွေက နထ္ထိ သင်္ကေတ ပြမြဲပြလျှက်ပါဘဲ….။
ဒီလိုနဲ့ မသိခြင်းဆိုတဲ့ ခံစားမှု့တွေကို ဖက်တွယ်ရင်း အသက်ဆက်လာတဲ့ ကျွန်တော်ဟာ….တစ်နေ့မှာ ကွန်တော် လိုချင်
တပ်မက်ခဲ့တဲ့ သိနိုင်ခြင်းတွေအနားကို ရောက်ရှိလို့လာခဲ့ရပါတော့တယ်…..။
ကျွန်တော် သိခွင့် ရခဲ့ပါတော့တယ်…..။
ထိုနေ့က ကျွန်တော် အလုပ်အပြန်နောက်ကျခဲ့ပါသည်..။အချိန်အားဖြင့် ဆိုလျှင် ည(၁၂)နာရီ ကျော်စ ပြုနေလောက်ပါပြီ…။
ကျွန်တော် လုပ်တဲ့ အလုပ်ရုံကနေ လိုင်းကားများပြေးဆွဲရာ ကတ္တရာလမ်းမပေါ်သို့ ရောက်ရန် လူနေကျဲသော ရပ်ကွက်တစ်ခု ဘေးလမ်းမှ ဖြတ်လျှောက်လာခဲ့ရင်း…….ကျွန်တော်နှင့် မလှမ်းမကမ်း မှောင်ရိပ်ကျနေသော ၀င်းခြံတစ်ခု အစပ်နားမှ လူနှစ်ယောက် တီးတိုး ပြောနေသော စကားသံ သဲ့သဲ့ကို ကျွန်တော် ကြားလိုက်ရပါသည်…။
“”အမေရယ်…..မွေးလိုက်ကြရအောင်…ဘာဘဲဖြစ်ဖြစ်….ဒီကလေးဟာ..အမေ့မြည်း….သမီးတူလေးဘဲလေ…””
“””ဟဲ့…..ဘယ်ဖြစ်ပါ့မလဲ…နင့်ညီမ လင်ကောင်မပေါ်ပဲ….မွေးတဲ့ ဒီကလေးကို… နင်က နင့်ညီမနဲ့ ငါတို့ အသိုင်းအ၀ိုင်း သိက္ခာ အကျခံပြီး…. မွေးချင်လို့လား…..??????? ဒီမှာ မိစန္ဒာ ငါပြောသလို သာလုပ်….နွားရှေ့ ထွန်မကျုးစမ်း ပါနဲ့အေ…..””
“””အမေရယ်……ကလေးက သနားပါတယ်….”””
ကျွန်တော် ထိုစကားသံတို့ ၏ ပီသထင်ရှားသော အဓိပ္ပါယ် ဖွင့်ဆို မှု့များကို အတိုင်းသား ကြားနေရပါသည်…။ ယင်း..
စကားသံများ ကြားလိုက်ရသော ခဏတာ၌ပင် ကျွန်တော် ခန္ဓာကိုယ်ထဲမှ တသမတ် စီးဆင်းနေသော သွေးအားလုံးဟာ….စီးဆင်းမှု့
ရပ်တန့်သွားသလို ခံစားလိုက်ရပါသည်….။
ကျွန်တော်၏ လျှောက်လက်စ ခြေလှမ်းများက ရုတ်ခြည်းရပ်တန့်လို့ သွားကြပါသည်…။
ကောင်းကင်မှ လရောက်အောက်တွင်….တဒင်္ဂ အသက်မဲ့၍ ……လမ်းလည်ခေါင်၌ ထီးထီးကြီး ရပ်နေသော…. ကျွန်တော်အား ထိုအမျိုးသမီးနှစ်ဦးက မြင်တွေ့သွားခဲ့ဟန် တူပါသည်…။လက်ထဲမှ တစ်စုံတစ်ခု ထုပ်ပိုးထားသော အထုပ်အား
လမ်းနဘေး မြောင်းစပ်တွင် ပြစ်ချပြီး….ခပ်လှမ်းလှမ်းတွင် ရပ်ထားသော ကားတစ်စီးပေါ်တက်၍ တလကြမ်းမောင်းကာ ထွက်သွားကြ
ပါတော့၏….။
ကျွန်တော့် အသိတရား၏ အမှန်ပြဆိုမှု့ နရီစည်းချက်ကို ပြန်လည် ပုံဖမ်းမိချိန်မှာတော့ …….အရာရာဟာ နောက်ကျ သွားပြီ ဖြစ်ကြောင်းကို ကျွန်တော် မြင်တွေ့လိုက်ရသော အခြေအနေတစ်ခုက သက်သေထူပါတော့ ၏..။
လမ်းနဘေးမြောင်းစပ်နားမှ အနှီးဖြူဖြူလေးထဲ၌ တအင်း…..အင်း…တအဲ…အဲ …. နှင့် လူးလွန့်နေသာ အပြစ်မဲ့ ကလေးငယ်တစ်ဦး၏ ငိုသံလေးက ရက်စက်သောလူတွေအား နားကျဉ်းလွန်းသော အသံလား……စာနာမှု့တရား ကင်း၍ သိက္ခာ ပကာသန ၀ါဒတွေကို ရွံ့ရှာစက်စုပ်လွန်းလို့ ညည်းတွားနေသံလား မသိပါ…။
တိတ်ဆိတ်နေသော ညတစ်ည၏ ကြားမှာ တိုးသက်ညင်သာသော ကလေးငယ်တစ်ဦး၏ ငိုသံက စီးမျောလို့နေပါတယ်…။
အလိုအလျောက် ကျွန်တော် မျက်လုံးက စီးကျလာတဲ့ မျက်ရည်စတွေကို လက်ဖမိုးနဲ့ သုတ်ပြီး ……လမ်းဘေးက ခွေးလေခွေးလွင့် တစ်ကောင် လောက်မျှ သံယောဇဉ်ထားခြင်းမခံရတဲ့ သနားစရာကလေးငယ်ကို ကျွန်တော် ကောက်ယူပွေ့ချီလိုက်ပါတယ်…..။
သူဟာ…..အစွန့်အပြစ်ခံ လူသားလေးတစ်ဦးဖြစ်ကြောင်းကို မသိရှာတဲ့ ကလေးငယ်လေးကတော့ ….သူ့ကိုထွေးပွေ့ထားတဲ့
ကျွန်တော့် လက်တွင်းကနေ တဖျတ်ဖျတ်လက်နေတဲ့ ကောင်းကင်ကြီးကို မော့ကြည့်ရင်းနဲ့ ကျွန်တော်နဲ့အတူ ပါလာခဲ့ပါ တော့ တယ်…….။
အပြစ်ကင်းစင်နူးညံ့လွန်းတဲ့ ဒီကလေးကို ကျွန်တော် ရပ်ကွက်ရုံးလဲ သွားမအပ်ပါဘူး…..မိဘမဲ့ဂေဟာလဲ ကျွန်တော် မပို့ပါဘူး.
…။ ဘာဖြစ်လို့လဲဆိုလျှင်…ကျွန်တော်ဟာ မသိနိုင်ခြင်းမေးခွန်းတွေရဲ့ မေးခွန်းပုစ္ဆာများကြားထဲမှာ စိတ်ပျက်အားငယ်မှု့ပေါင်းများစွာကို ခံစားခဲ့ရတယ်မဟုတ်ပါလား…..။
ဒါကြောင့်……..
ကျွန်တော်ဟာ ဒီကလေးရဲ့ “”အဖေ”” ဘဲပေါ့…။
ကျွန်တော်ဟာ ဒီကလေးရဲ့ အဖေမဟုတ်ကြောင်းကို ဘယ်သူက လာပြောနိုင်မှာမို့လို့လဲ………ဘယ်သူကကော အဖေ လုပ်ချင်ကြတာ မို့လို့လဲ…… ဘယ်သူကကော ကန့်ကွက်ချင်ကြမှာ မို့လို့လဲ……..။
ကောင်းကင်မှာ ရှိနေသော လမင်းကြီး၏ အလင်းရောင်နှင့် ကျွန်တော့်၏ လက်တွင်းမှ အပြစ်ကင်းလွန်းလှသော ကလေးငယ်၏ မျက်နှာလေးအားကြည့်၍ ……ချစ်ခြင်းများစွာဖြင့် စကားတစ်ခွန်းအား ခွန်းသီရစ်မိပါတော့သည်……။
“”သား…””
“”မင်းဟာ…ငါ့သား””
“”ငါမွေးတဲ့…သား…ငါ့သား””
ထိုခေါ်ဆိုမှု့များသည်….ကျွန်တော်ဘ၀တစ်လျှောက်တွင် ရှိခဲ့သော မသိနိုင်ခြင်းများစွာ၏ အဆုံးသတ်ရာ…..သို့တည်းမဟုတ်
အနာဂါတ် ဘ၀တစ်ခု အတွက် မသိနိုင်ခြင်းများ အဆုံးသတ်စေသော…””””””””ခေါ်ဆိုခွင့်”””””” တစ်ခုသာ ဖြစ်ပါလိမ့်မည်….။
ကကြီး။ [email protected]
(၁၀.၉.၁၁)
Comment #1
khan sarr arr pay twar par de