Professional Authors

နင် အင်မတန်ပလီတယ်ဆိုရင်ဖြင့် ခံရမှာပါမလွဲ-(၁)-နေ၀င်းမြင့်

(၁)
ဘူတာရုံကလေးက ခပ်မြှောင်မြှောင်ကလေးဆင်းပြီး ဝါးတံတား ခနော်နီခနော်နဲ့ကို ဒယီးဒယိုင်နဲ့ ကူးဖြတ်လာတဲ့ ကိုမှန်ကင်းကို ဝိုင်းကြည့်နေတဲ့ ကလေးတွေက…

 “ဦးမှန်ကင်းကြီး မိန်းမ ခိုးလာပြီ အဖေရေ” တဲ့။

အော်လိုက်ကြတဲ့ ကလေးတွေဆိုတာ ပွက်ပွက်ကို ညံသွားတော့တယ်။ ကလေးတွေက အဖေရေလို့သာ အော်ကြတာ။ ထွက်ကြည့်တော့ အမေတွေချည်း ထွက်ကြည့်တယ်။ အဖေတွေကထွက်ကြည့်လို့လည်း မြင်ရတာမှ မဟုတ်တာ။ သည်တဲစုကလေးတွေမှာ နေကြတဲ့အိမ်ထောင်ဦးစီးဆိုတဲ့ ယောကျာ်းသား ဆယ်လေးငါးယောက်ဟာ မျက်မမြင်တွေချည်းပဲ။

ဒါပေမဲ့ ကိုမှန်ကင်းမိန်းမ ခိုးလာတယ်ဆိုတော့ သူတို့လည်း မမြင်ရပေမဲ့ ထွက်ကြည့်ကြတယ်။ မျက်နှာတွေကလည်း ပြုံးလို့ရွှင်လို့။ သူတို့အားလုံးကဆရာကြီးလို့ခေါ်ကြတဲ့ ဦးကျီးညိုကတောင်

“ဟ မှန်ကင်းကြီးရ၊ နှစ်ယောက်သားတွဲလို့၊ ဟုတ်လှချည့်လား ငါ့လူရ” တဲ့ ၊ လှမ်းအော်တယ်။

ဟုတ်လှချည်လားသာ အော်တာ၊ သူလည်း မြင်ရတာ မဟုတ်ဘူး ၊ တကယ်ကနှစ်ယောက်တည်းလည်း မဟုတ်ဘူး။ ဖိုးငိုလည်း ပါသေးတာ။ မနက်ကခုနှစ်နာရီခွဲကောင်နဲ့ လိုက်သွားတုန်းက ကိုမှန်ကင်းရယ်၊ ဖိုးငိုရယ်နှစ်ယောက်တည်း။ မယ်ဒလင်နဲ့ သွပ်လွယ်ဘူးလေးတော့ ပါတာပေါ့လေ။ အခုညနေပြန်လာတော့ သုံးယောက်။ ကိုမှန်ကင်းကို မိန်းမတစ်ယောက်က တွဲလို့။
တွဲတယ်ဆိုပေမဲ့ မိန်းမက ရှေ့က ကိုမှန်ကင်းက အဲ့ဒီမိန်းမပခုံးကို ကိုင်ရင်း စမ်းစမ်း စမ်းစမ်းနဲ့ ပြန်လာတာ။ ဖိုးငိုကတော့ ဟိုးဝေးဝေးနောက်က ကြံချောင်းတစ်ချောင်းစုပ်ရင်း လိုက်လာတယ် ။

ကိုမှန်ကင်းကတော့ မယ်ဒလင်ကလေး ကျောမှာ ကပ်တဲ့ပြီး ဘူတာကဆင်း၊နည်းနည်းဆက်လျှောက် ဝါးတံတားလေး တွေ့လိမ့်မယ်။ ဖြတ်၊ တဲစုကလေးတွေတွေ့လား၊ ခေါင်စောက်စောက် တဲကလေး တည့်တည့်ကို သွားလို့ နောက်ကလိုက်ရင်းတတွတ်တွတ်နဲ့ လမ်းပြတယ်နဲ့ တူပါတယ်။ ရှေ့က မိန်းမက လူစိမ်းဆိုပေမဲ့
သွားနေလိုက်တာ ဖြောင့်လို့။

တဲကလေးပေါ်ရောက်တော့ ကိုမှန်ကင်းက မယ်ဒလင်ကို ကျောသိုင်းထားရာကဖြုတ်ပြီး ထရံမှာ ညှပ်ထားတဲ့
 နှီးချောင်းမာမာကလေးမှာချိတ်တယ်။ သူခိုးလာတဲ့ မိန်းမကို လှမ်းပြီး ရေတခွက် ခပ်ပေးစမ်းပါတဲ့။
ရောက်ရောက်ချင်း ပိုင်စိုးပိုင်နင်း ခိုင်းနေတဲ့ ကိုမှန်ကင်းကိုလာကြည့်ကြတဲ့ ကလေးတွေနဲ့ မိန်းမတွေက သဘောတွေကျလို့။ ကိုမှန်ကင်းကတော့အိအိဖိုင့်ဖိုင့် ခန္ဓာကိုယ်ကြီးကို တသိမ့်သိမ့် ဖြစ်သွားအောင် ရယ်ရင်းက….

    “မယားနေစ ဆင်သေမှဗျ”

ဆိုတော့ မိန်းမတွေက ဝိုင်းရန်တွေ့ကြကာ ကက်ကက်လန်ရော။ ခဏနေတော့ ကိုမှန်ကင်းက ဖိုးငိုကို လှမ်းခေါ်တယ်၊ ဖိုးငိုက ကြွပ်ကြွပ်အိတ်နဲ့ ဝယ်လာတဲ့ ထမင်းသုံးထုပ်ကို သူ့ရှေ့မှာ လာချတယ်။ တကယ်က ဖိုးငိုကကိုမှန်ကင်းရဲ့သား မဟုတ်ဘူး ဘာမှလဲမတော်ဘူး။ သူ့လို ဘဝတူ မျက်မမြင်ထဲက တစ်ယောက်ရဲ့သားပဲ။ အသက်က ရှိလှမှ ဆယ်နှစ်သာသာပဲ။ ကိုမှန်ကင်းမှာက
လူတွဲမရှိဘူး၊ တစ်ယောက်တည်းသမား။ လူပျိုလား ဆိုတော့လည်း မဟုတ်ဘူး၊ မိန်းမနဲ့လား ဆိုတော့လည်း ရှိတာ မဟုတ်ဘူး။ မိန်းမတော့ ရဖူးတာပေါ့။

ဖိုးငိုကိုပဲ လောလောဆယ် လူတွဲလုပ်နေရတယ်။ ဆရာကြီး သော့ခတ်ပြီး လွှတ်လိုက်တဲ့ သွပ်လွယ်ဘူး လည်ပင်းချိတ်ပြီး တစ်နေကုန်
မီးရထားလိုက်စီးနေလိုက်တာ မှောင်မှချည်း ပြန်ရောက်တယ်။ ရောက်တော့ပိုက်ဆံခွဲ။ ဆရာကြီးက တချို့ တစ်ဝက် နှတ်ပြီး ကျန်တာ ဖိုးငို တစ်ချိုး၊ သူ နှစ်ချိုး ယူနေကျ။ ဖိုးငိုကလည်း ကျေနပ်တယ်။ ကိုမှန်ကင်းနဲ့ ထွက်ရတာ သူပျော်တယ်၊ ပိုက်ဆံလည်း ရတယ်။

ကိုမှန်ကင်းက အဆိုကောင်း၊ အတီးကောင်း။ အသံကတော့ ခပ်အစ်အစ် ၊ ရှတတ၊ ကွဲပြဲပြဲကြီး။ ဆိုတတ်လို့သာ
နားထောင်ကောင်းတာပဲ ရှိတယ်။ ဖိုးငိုကကိုမှန်ကင်းနဲ့ လိုက်ချင်သလို ကိုမှန်ကင်းကလည်း ဖိုးငိုမှ ဖိုးငို။တခြားကလေး တွဲလေ့မရှိဘူး။ အဆိုလေးရတဲ့ ကလေးမတွေ ရှိသားပဲ။ ဘယ်တော့မှ မခေါ်ဘူး။ ဖိုးငိုကိုပဲ သံယောဇဉ်ဖြစ်နေပြီကိုး။

ဖိုးငို ပေးရတာကိုလည်း သူ ဝမ်းသာတယ်။ ဖိုးငိုတို့တဲက သူ့တဲနဲ့ သိပ်မဝေးပေမဲ့ ဖိုးငိုက ကိုမှန်ကင်းနဲ့ပဲ ညအိပ်တယ်။ နှိပ်ပေး
နင်းပေးသေးတယ်။ မျက်နှာသစ်ဆင်းတာ၊ ရေအိမ်ဆင်းတာကအစ ဖိုးငိုပဲ။မယ်ဒလင်ကြိုး ပြေးဝယ်ပါအုန်းဟ ဆိုလည်း ဖိုးငိုပဲ။ ဖျားလို့ နာလို့ ချမ်းအေးလေး၊ လင်မော်ဂျင်းလေး ပြေးဝယ်ပါအုန်းဟ ဆိုလည်း ဖိုးငိုပဲ။

ဖိုးငိုလာချပေးတဲ့ ကြွပ်ကြွပ်အိတ်ထဲက အင်ဖက်နဲ့ ထုပ်ထားတဲ့ ထမင်းသုံးထုပ်ကို ကိုမှန်းကင်း ခိုးလာတဲ့ မိန်းမက ဖြေတယ်။ မီးဖိုချောင်က ပစ္စည်းပစ္စယလေး၊ ပန်းကန်ခွက်ယောက်ကလေး တချို့ကို ဖိုးငိုက လိုက်ပြတော့ အဲ့ဒီမိန်းမက လိုက်ကြည့်တယ်။
သူက ကိုမှန်ကင်းရဲ့ အိမ်ရှင်မ ဖြစ်သွားပြီကိုး။ ကိုမှန်ကင်းကိုသာမကပဲ ပစ္စည်းခန်းဆိုတာလည်း သူနဲ့ဆိုင်သွားပြီကိုး။

ကိုမှန်ကင်း ခိုးလာတဲ့ မိန်းမကလည်း ကိုမှန်ကင်းရဲ့ ပိုင်ဆိုင်မှုကို ခဏလေးနဲ့ မြင်သွားပြီးသား ဖြစ်ရော။ အိပ်စရာ ခေါင်းအုံးနှစ်လုံး၊
ဖျာတစ်ချပ်၊ သံပန်းကန်သုံးလေးချပ်၊ ဒယ်အိုးကလေးတစ်လုံး၊ သုံးဘူးဝင်ဒန်အိုးလတ်လတ်တစ်လုံး၊ ပုလင်းလေးငါးလုံး၊ ရေညှိတတ်နေတဲ့ သောက်ရေအိုးတစ်လုံးနဲ့ မတ်ခွက် ကြွေကွာတစ်လုံးပါပဲ။

ကိုမှန်ကင်း ပိုင်တာ ဒါပဲ။ ကိုမှန်ကင်း ခိုးလာတဲ့ မိန်းမကလည်း ဒါလောက်ပဲ မျှော်လင့်ထားပုံပဲ။ ကိုမှန်ကင်းလိုလူဆီက သည့်ထက် ဘာမှမျှော်လင့်မထားဘူးဆိုတဲ့ မျက်နှာမျိုးပဲ။ သံပန်းကန်ပြားနှစ်ချပ် ယူပြီး ထမင်းတွေ ထည့်တယ်။ သောက်ရေတစ်ခွက် ခပ်ပြီး ကိုမှန်ကင်းရှေ့ ချပေးတယ်။ ဖိုးငိုနဲ့ ကိုမှန်ကင်းကိုသာ ချပေးတာ သူကတော့ မစားဘူး။

    “အစ်ကို စားလေ” ဆိုတော့ ကိုမှန်ကင်းက ပြုံးပြုံးကြီးနဲ့

“မကြည်လည်း စားလေ” တဲ့။

မကြည်ဆိုတဲ့ နာမည်ကို သိရတော့ ဝိုင်းကြည့်နေတဲ့ မိန်းမတွေက ဖိုးငိုကို စတယ်။

    “နင် စားပြီး မြန်မြန် ပြန်တော့၊ ကိုမှန်ကင်းနဲ့ နင်နဲ့ ကနေ့ ဘာမှမပတ်သက်တော့ဘူး။ မကြည် ရောက်လာပြီ” တဲ့။

ဖိုးငိုကလည်း သူ့ဆရာသမား မိန်းမ ရလာတယ် ဆိုတော့ ပျော်နေပုံပဲ။နှစ်ယောက်သား သံယောဇဉ်ဖြစ်နေကြတာ မှန်ပေမဲ့ ကိုမှန်းကင်း မိန်းမရလာပြီဆိုတော့ သူ ဆက်နေလို့ မကောင်းတော့ဘူးဆိုတာ ဖိုးငိုကလည်း သိပုံပေါ်တယ်။

    “ကျုပ် ပြန်မှာပါဗျာ” တဲ့။

မိန်းမတွေက ရယ်တော့ ကိုမှန်ကင်း မျက်နှာမကောင်းဘူး။ မပြန်ပါနဲ့ကွာ၊တို့နဲ့ပဲ နေပါတဲ့၊ ပြောရှာပါတယ်။
ဖိုးငိုက မနေချင်ပါဘူးပဲ ပြောပြီး ထမင်းဆက်စားတယ်။ ကိုမှန်ကင်းထမင်းစားပြီးတော့ မကြည်က
နောက်ဖေးဘက် ပန်းကန်ထွက်ဆေးတော့ မိန်းမတစ်ယောက်က မကြည်ကို ဘယ်ကခေါ်လာတာလဲတဲ့ တိုးတိုးလေးမေးတယ်။ ကိုမှန်ကင်းက မဖြေပါဘူး၊ ဖိုးငိုကပဲဖြေတယ်။

“ပုဇွန်တောင် ဘူတာမှာ တွေ့တာပါဗျာ၊ ဦးမှန်ကင်းနဲ့ ခင်တဲ့သူ့အဖွဲ့ဟောင်းက လူက ထည့်ပေးလိုက်တာ၊
ဦးမှန်ကင်းကလည်း ခေါ်လာရော”

အဲဒါ ကိုမှန်ကင်းနဲ့ မကြည်တို့ တွေ့ကြပုံပဲ၊ သံယောဇဉ် ဖြစ်ကြပုံပဲ၊ညားကြပုံပဲ။ ခဏနေတော့မှ မကြည် ပြန်ဝင်လာတယ်။ လာကြည့်ကြတဲ့ မိန်းမတွေရော ဖိုးငိုရော ပြန်တော့မှ ကိုမှန်ကင်းက ခေါင်းရင်းဘက်က မှိုတောင်တက်နေတဲ့
ဝါးပတ္တလားဆီ ထသွားတယ်။ မကြည်က မီးခွက်ကလေး ထွန်းတယ်။ ကိုမှန်ကင်းကပတ္တလားရွက်ပေါ် တင်ထားတဲ့ လက်ခတ်ကို ကောက်ကိုင်ပြီး ဟိုစမ်းဒီစမ်း တီးတယ်။ တော်တော်လေး တီးပြီးတော့မှ….

    “နင် ဘာသီချင်း ရသလဲ”
    “ရပါတယ်”
    “အာယားမ ရတယ်”
     “အင်း”

ကိုမှန်ကင်းက သူနဲ့ တစ်သက်လုံး တွဲရမယ့်မိန်းမ သီချင်း ဘယ်လောက် ရသလဲဆိုတာရောက်ရောက်ချင်း စာမေးပွဲစစ်တယ်။ တစ်ပုဒ်ပဲ မေးကြည့်ရသေးတယ်။ ရတယ်ဆိုတော့ကိုမှန်ကင်း ကျေနပ်သွားတယ်။ အာယားမ သီချင်း ခြေဆင်းလေး အသံပြလိုက်တော့ မကြည်က ဝင်ဆိုရော။

“…သူငယ် ရေအိပ် တောင်ထိပ်သစ်ပင် ဥယျာဉ်ပန်းမန် ရေကန် ရေတွင်းယမင်းပျိုစစ် ဝတ်စားသစ်နှင့် ဖြူလှစ်ရိပ်ငြိမ် လူ့စည်းစိမ်ဝယ်
အချိန်သာတောင်း ညနေစောင်းတဲ့ ရှင်”

ကိုမှန်ကင်းက သံကျလေးတွေပဲ လိုက်ခေါက်နေရတာ၊ ခြေဆင်းသက်သက်ကိုး။ မကြည်က အသံတော့ကောင်းပါရဲ့၊ အသံက မခိုင်ဘူး။ ယိုင်ချင်တယ်ဆိုတာ သူ သတိထားမိတယ်။

“…ရောတယ်ထင် အမှာစကားနဲ့ ပြရပါတော့၊ ရတနာတင်ဟာ အာယားမရယ်လို့ ကာလသားက မုန်းချင် မုန်းပစေတော့”

ကိုမှန်ကင်းက ပတ္တလားကြောင်လေး သူ့မှာ ရှိပေမဲ့ အရင်ညတွေက တီးဖြစ်တာမဟုတ်ဘူး။ တစ်နေ့လုံး ရထားပေါ်မှာ မယ်ဒလင်တီးနေရတော့ အိမ်က ပတ္တလားကြောင်ကို မတီးဖြစ်တာ ကြာပြီ။

ကိုမှန်ကင်း မိန်းမခိုးလာတဲ့ ညပဲ သီချင်းသံလေးနဲ့၊ပတ္တလားသံလေးနဲ့ဆိုတော့ ဘေးကတဲတွေက သဘောတွေကျလို့။ မကြည်ကလည်းမဆိုးဘူးပေါ့၊ ဘယ်က ဘယ်လို ဘာမှန်းမသိပေမဲ့ သူ့ဟာသူတော့တွဲလို့ဖြစ်သားပဲပေါ့။

“နင် အင်မတန် ပလီတယ် ဆိုရင်ဖြင့် ခံရမှာပါ မလွဲ၊ ညည်း အင်မတန်ပလီတယ် ဆိုရင်ဖြင့် ခံရမှာပါ မလွဲ၊ အားလုံး မှန်ကြတာပါပဲ”

အဲ့သည် နေရာရောက်တော့ ကိုမှန်ကင်း ဝါးပတ္တလားကို ရပ်လိုက်တယ်။

“…နင့်ဟာက အသံတွေ ယွင်းနေတယ်ဟ၊ ပတ္တလား အကျကို နားထောင်ဦးဟ၊ငါ့ပတ္တလားကလည်း နည်းနည်းတော့ ကြောင်နေတယ် ဆိုပေါက်….ဆိုပေါက်….ဒီမှာကြည့်”

ကိုမှန်ကင်းက ခြေဆင်း အချပိုဒ်ကို ဆိုပြတယ်။ မကြည်ကလည်း လိုက်ဆိုတယ်။ ဒါပေမဲ့ မကြည်က သူ ဆိုနေကျ အဆိုက အသားကျနေတော့ တော်တော်နဲ့ ပြင်လို့ မရဘူး။ ခဏခဏ ပြန်ဆိုပြတယ်။ မကြည်က ခဏခဏ မှားတော့…

    “နင် အရင်က ဘယ်လို ဆိုခဲ့တုံး” ဆိုတော့ မကြည်က “အို…အစ်ကိုကလဲ” တဲ့။

အရင်က ဘယ်လိုဆိုခဲ့တာတုံး ဆိုတာက မကြည် အရင်တွဲနေကျ ဆိုနေကျ လူက သင်မထားဘူးလားလို့မေးတာမျိုး ဖြစ်နေတာကိုး။ နင် ရခဲ့ဖူးတဲ့ လင်တွေက သည်လိုပဲသင်ထားသလားဆိုတဲ့ အဓိပ္ပာယ်မျိုးဖြစ်နေတာကိုး။ ကိုမှန်ကင်းက သူ့စကား မှားမှန်းသိတော့ သီချင်းတိုက်တာရပ်လိုက်ရော။ လက်ခတ်ကလေး ပတ္တလားရွက်ပေါ် အသာတင်တယ်။ ကိုမှန်ကင်းက မျက်စိသာ
မမြင်တယ်၊ မီးခွက် ထွန်းတာမှန်း သိတယ်နဲ့ တူပါရဲ့။

    “မကြည် နင့် မီးခွက်ကြီးက မပူဘူးလား၊ မှုတ်လိုက်ပါလား” တဲ့။

နေဝင်းမြင့်
(ရင်ခုန်ပွင့်၊၁၉၉၀)

(သီဟရတနာ အုပ်၁၀၀ပြည့်အထူးထုတ် ၊ ၂၀ရာစု မြန်မာဝတ္ထုတို ၁၀၀ စာရေးဆရာ ၁၀၀ စာအုပ်မှ ဆရာနေဝင်းမြင့်ရဲ့ ဝတ္ထုတို ဖြစ်ပါတယ်။)
____________________________________________________________ ဆက်ရန် ..
In: ဝတ္ထု,Others Posted By: Date: Dec 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment