Professional Authors

နင် အင်မတန်ပလီတယ်ဆိုရင်ဖြင့် ခံရမှာပါမလွဲ-(၂)-နေ၀င်းမြင့်

(၂)
ကိုမှန်ကင်းက သူတို့တဲစုလေးမှာ လူချစ်လူခင်တော့ များတယ်။ သည်နေရာကလေးကအစုကို သူ ရောက်လာတာ ရှိလှမှ အလွန်ဆုံး တစ်နှစ်သာသာပေါ့။ အရင်က သူပုဇွန်တောင်ဘက်မှာ နေတယ်။ သူ့အုပ်စုကလေးနဲ့ သူ နေတာပါပဲ။ အခု နေသလိုပါပဲ။နောက်တော့ အပေါင်းအသင်းမင်ပြီး ဒီမှာ နေဖြစ်တော့တာ။ ပထမ ရောက်စကတော့အတွဲရယ်၊ ဘာရယ် မရှိပါဘူး။ တစ်ကိုယ်တော်ပဲ။ မြို့ပတ်ရထားပေါ် ကြုံသလိုလိုက်သွားတာပဲ။

ခြေထောက်ကလေးနဲ့ စမ်းစမ်းပြီး တစ်တွဲပြီး တစ်တွဲ ကူးနေတာပဲ။လက်ကလည်းတီး၊ ပါးစပ်ကလည်းဆိုပဲ။ ဘုရားလမ်း ဘူတာလောက် ရောက်တော့ ဆင်း၊အင်းစိန်ရထား ပြောင်းစီး၊ တာမွေလောက် ကန်ဘဲ့လောက်မှာ ပြန်ဆင်း၊လမ်းဘေးမှာ ထမင်းလေးဝယ်စား၊ ဘူတာတစ်ခုခုမှာ ခဏနား။နှစ်ချက်ခွဲလောက် ရထားပြန်တက်ပြီးရင် မိုးကြီးချုပ်မှ ပြန်ရောက်ရော။
ရလည်း ရတယ်။ မရဘူးဆိုတဲ့နေ့ ခုနှစ်ဆယ်လောက် ရတယ်။

တစ်ခုတော့ ရှိတယ်။ ကိုမှန်ကင်း အရက်တော့ ကြိုက်တယ်။ အသေကို ကြိုက်တာ။ပြန်ရောက်ပြီဆိုတာနဲ့
ရေချိုးတယ်။ အနားက ဘူတာရုံကလေးဘေးမှာ တောအရက်ဆိုင်ကလေး တစ်ဆိုင်ရှိတော့သူ့အဖို့ နီးနီးနားနား အဆင်ပြေတယ်။ နည်းနည်းလေး ထွေလာတော့မှ ပြန်လာတာ။ပြန်လာတယ် ဆိုပေမဲ့ သူ့ချည်း ပြန်လာတာလို့ ရတာ မဟုတ်ဘူး။ ကလေး
တစ်ယောက်ယောက်က လာကြိုမှ ပြန်လာလို့ရတာ။

သူ့လို ဘဝတူ မိသားစုတွေထဲမှာ သားတွေ၊ သမီးတွေနဲ့ ဝေဝေစည်စည်ရှိနေတဲ့မိသားစုတွေလည်း ရှိတာပဲ။ တချို့လည်း ငယ်ပေါင်း ရိုးရိုးသားသား၊ကျိုးကျိုးနွံနွံ၊ သစ္စာရှိရှိပဲ။ ဘဝတူ အချင်းချင်းလည်း သင့်မြတ်ကြတာပါပဲ။

သူ့ကလေး၊ ကိုယ့်ကလေး ခေါ်ခိုင်း ခေါ်တွဲ လုပ်နေကြတာပဲ။ ဘယ်သူ့ ကလေးရယ်မှမဟုတ်ဘူး။ ကလေးတွေကလည်း ဘယ်သူဘယ်ဝါရယ်မှ မဟုတ်ဘူး။ တွဲပြီးလိုက်ပို့တာပဲ။ ရှက်တယ် ဘာတယ် မရှိဘူး။ အရက်ဆိုင်မှာ ကိုမှန်ကင်း
မူးလောက်ပြီ ဆိုရင် ကလေးတစ်ယောက်မဟုတ် တစ်ယောက် ရောက်လာတာပဲ။

“ဦးမှန်ကင်းကြီး ထတော့ ” ဆိုတော့ “ဟုတ်ပါပြီဗျာ” ဆိုပြီး ထရတော့တာ။
မထလို့လည်း မရဘူးလေ။ သူများတွဲမှ သူအိမ်ရောက်မှာကိုး။

 နောက်တစ်ခုက ကိုမှန်ကင်းက ဖဲရိုက်ကောင်း၊ သူ့မှာ ဖဲထုပ်တစ်ထုပ်ကိုယ်ပိုင် ရှိတယ်။ သူများ ဖဲထုပ်နဲ့ဆိုရင်တော့ သူလက်မခံဘူး။သူ့ဖဲထုပ်နဲ့သာ ရိုက်မယ်ဆိုလို့ကတော့ မျက်စိကောင်းမကလို့  မျက်စိသုံးလုံးပါလာပါစေ၊ လာခဲ့ပဲ။ သူ့ဖဲထုပ်ကိုလဲ သူဘာမှ လုပ်ထားတာတော့ မဟုတ်ပါဘူး။ရိုးရိုးဖဲထုပ်ပါပဲ။ မှတ်ထား တေးထားတာလည်း မရှိပါဘူး။ တွဲရိုက်မယ့်
မျက်စိကောင်းတဲ့ လူက ရိုက်မယ်ဆိုရင် ကြိုက်သလို စစ်လေ။

မသင်္ကာဘူး ထင်ရင် မရိုက်နဲ့။ သူ ကိုင်တွယ်နေကျမို့ သူ့အထာလေးနဲ့သူသိနေတာကလွဲလို့ ဖဲထုပ်ကို ဘာမှ ပြင်ထားတာ မဟုတ်ဘူး။တကယ်ရိုက်ဖြစ်ပြီဆိုရင်တော့ ကိုမှန်ကင်း သူ့လူယုံကို ခေါ်လာရော။ငွေအနုတ်အသိမ်း လုပ်ဖို့၊ တစ်ဖက်က ဖဲပွင့်ကြည့်ပေးဖို့ ဒါပဲ။ ကျန်တာ သူပဲကိုယ်တယ်၊ ရိုက်တယ်။ သူခေါ်လာတဲ့ သူက ကိုင်ပေးတာ မဟုတ်ဘူး။ လျော်စရာရှိရင်
လျော်လိုက်၊ စားစရာရှိရင် စားလိုက်။ ဒါပဲ ခိုင်းထားတာ။ ဝိုင်းဖြစ်လို့များ ဆိုလို့ကတော့ ကိုမှန်ကင်းက ဒိုင်ပဲ လုပ်တယ်။

သူများ မှောက်ထားတဲ့ ဖဲချပ်တွေကို လိုက်စမ်းပြီး “ဖမ်းတယ်” လို့အော်တော့တာ။ မျက်စိကောင်းတဲ့ ရိုက်ဖက်တွေက
“ အောင်မာ မှန်ကင်းရာ သေချာမှလဲလုပ်ပါဟ” လို့များ ဆိုရင် အောက်ဖဲတစ်ချက် လက်နဲ့ပွတ်ထည့်ပြီး ကုလားကွလို့
အော်လည်း အော်၊ ဖောင်းခနဲလည်း ရိုက်ချ၊ ကြည့်လိုက် ကုလားပဲ။ “ပိုင်လှချည်လား မှန်ကင်းရ” ဆိုတော့
“ကံပေါ့ဗျာ မှန်ကင်းရဲ့ ကံပါ” တဲ့၊ အမြဲပြောတတ်တယ်။

ဖဲရိုက်တင် ကောင်းတာ မဟုတ်ဘူး။ ကျားထိုးရင်လည်း ကိုမှန်ကင်းကိုတော်ရုံလူ မနိုင်ဘူး။
ကောင်းလိုက်တဲ့ ခေါင်းကလည်း မပြောနဲ့တော့ ကျားကွက်က စက္ကူကျားကွက်ဖြစ်ဖြစ်၊ သစ်သားကျားခုံ ဖြစ်ဖြစ်၊ မကစားခင် သူ့လက်နဲ့ လိုက်စမ်းတယ်။ဒါပဲ ပြီးပြီ။

ကျားကောင်တွေ ဖြောင့်နေအောင် စီတယ်။ သစ်သာခုံဆိုရင်တော့ သူပိုကြိုက်တယ်။ ကျားထိုးတယ်
ဆိုလို့ ရေးတေးတေး မြင်ရလို့တော့ မထင်နဲ့ဘာမှကို မမြင်ရတာ။ ဝိုးဝိုးဝင်းဝင်းလောက်ပဲ မြင်ရတာ။
နေသာနေသလား၊ မှောင်နေသလားဆိုတာပဲ သိတာ။

  တစ်ဖက်လူရဲ့ ကျားက ဂျစ်ဂျစ်နဲ့ တက်တယ်ဆိုရင် သူကလည်း ဂျစ်ဂျစ်နဲ့
တက်လိုက်တာပဲ။  သူ့ကျားကောင် တစ်ဖက်ကင်းနေရာ ရောက်လို့ မထည့်သေးဘူးဆိုရင်
ကင်းထည့် လို့ အော်ရော။ သူက ကင်းထည့်ရမယ်ဆိုရင်လည်း ကင်းထည့်ပေးလိုက်ရော။တစ်ခါတစ်လေ သုံးကွက်လောက်များ
ကျော်စားသွားတာဒေါင်း၊ ဒေါင်း၊ ဒေါင်းနဲ့ လူကောင်း မျက်မြင်ဆိုတဲ့ လူက ပါးစပ် အဟောင်းသားနဲ့ ကျန်ရစ်ခဲ့ရော။

ကိုမှန်ကင်းနဲ့ ကစားရင် တစ်ကောင်ကျရင်လည်း ပေးမှ၊ နှစ်ကောင်ကျရင်လည်းပေးမှ၊ သရေရှုံးရင်လည်း ပေးမှ ကစားကြတော့တာ။ ကစားရင်လည်း များသောအားဖြင့်ကိုမှန်ကင်း နိုင်တာချည်းပဲ။ ကျားနိုင်တဲ့ နေ့ဆိုရင် ဘူတာရုံဘေးက
ဆိုင်ကို အစောကြီးရောက်တတ်တယ်။ အဲ့ဒီနေ့ ရထားမတက်တော့ဘူး။

ကိုမှန်ကင်း ဘောလုံးလည်း ကန်သေးတယ်။ ကန်တာမှ ကြေးကြီးမှ ကန်တာ။ဂိုးကျဉ်း တစ်ယောက်ချင်း ကန်ချင်တယ်လို့ သူတို့တဲတွေနားက ဆိုက္ကားနင်းတဲ့ကိုကျော်ခက အရက်ဝိုင်းမှာ စိန်ခေါ်တော့ ကိုမှန်ကင်းက သိပ်ရတာပေါ့ တဲ့၊
ကြေး မပယ်ကြေးတဲ့။ မျက်နှာဝ နှစ်တောင်လောက်ကျယ်တဲ့ သစ်သားတိုင်ကလေးတစ်ဖက်တစ်ချက် စိုက်ထည့်ပြီး ကွင်းမကျယ် တကယ်ကလေးထဲမှာ ကိုမှန်ကင်းနဲ့ ကိုကျော်ခ ပိုက်ဆံကြေး ဘောလုံးကန်မယ်ဆိုတော့ ဘူတာရုံကလေး ဘေးက ကွင်းမှာ
အဲ့ဒီနေ့က လူတွေကို ညို့လို့။ ပွဲကြည့်ပရိတ်သတ်ဆိုတာ ပြုံးလို့ရွှင်လို့။ကန်မှာကလည်း ဂိုးကျဉ်း၊ ကန်မယ့်လူကလည်း တစ်ဖက် တစ်ယောက်စီ၊လောင်းကြေးကလည်း ငါးဆယ်ကြေးတဲ့။

ပွဲစမယ်လုပ်တော့ ဒိုင်လုပ်တဲ့ ဘူတာက စာရေးကြီးက မျက်စိကောင်းတဲ့ ကိုကျော်ခ အဝတ်စနဲ့ တင်းနေအောင် စည်းတယ်။ ကိုမှန်ကင်းက မျက်မမြင်ဆိုတော့ ကိုကျော်ခကိုလည်း မမြင်ရအောင် လုပ်ရတာလေ။ ဘောလုံးကိုလည်း ဆန်ခါကွက်ကျဲကျဲ
ရက်ထားတဲ့ ဘောလုံးစွပ်တဲ့ အိတ်နဲ့ စွပ်တယ်။ ဘောလုံးစွပ်မှာ ခြူကလေးတစ်လုံး မြဲနေအောင် ချည်တယ်။

လက်မှတ်စာရေးကြီးက နည်းနည်းကန်ကြည့်တော့ ခြူကလေးက တချွင်ချွင်နဲ့ဘောလုံး ပြေးရာမှာမြည်နေရော။
အားလုံး အဆင်ပြေတော့ ဘောလုံးပွဲစတယ်။ ကိုယ်ခန္ဓာဖိုင့်ဖိုင့်၊အသားဖြူဖြူ ကိုမှန်ကင်းကြီးက ဘောင်းဘီအတို ပွပွကြီး ဝတ်ထားတော့တကယ့်ဘောသမား ဆိုက်ပဲ။ ဒိုင်က ဘောလုံးကို မြှောက်ပြီးလည်း ချလိုက်ရော၊ပြေးပြီး လုလိုက်ကြတာ။ ဘောလုံးက ပြေးချင်တဲ့နေရာပြေးတော့ ခြူသံကို နားထောင်ပြီး နှစ်ယောက်သား လိုက်လုလိုက်ကြတာ လဲကြ၊
ကွဲကြနဲ့။ ဘောလုံးနား ရောက်လို့ ချိန်ကန်တော့လည်း ဘောလုံးကို ထိတယ်မရှိဘူး၊ လေပဲ ကန်မိတော့ ကွင်းဘေးက လူတွေက တဝါးဝါးနဲ့။

ဟုတ်ပြီကွ၊ မှန်ကင်းကွ၊ ရှေ့မှာ နည်းနည်းတိုးဦး၊ ဟုတ်ပြီ၊ကန်…ကန်တော့ဆိုတဲ့ အသံတွေဆိုတာ ညံလို့။ နာရီဝက်လောက်ထိ ဘယ်သူမှဂိုးမရသေးဘူး။ တစ်ခါတော့ ကိုမှန်ကင်း ဘောလုံးရသွားတယ်။ သူသွင်းရမယ့်ဂိုးတိုင်ဘက်ကို ဘယ်လိုမှတ်ထားသလဲ မသိဘူး။ လှည့်ပြီးသား ဖြစ်သွားရော။ကိုကျော်ခ အရှိန်နဲ့ လဲရော။ သည်တော့မှ ကိုမှန်ကင်း သူ့ခြေခုံပြားကြီးနဲ့
မြေလှိမ့်ကန်လိုက်တာ။ ဘောလုံးကခြူသံတချွင်ချွင်နဲ့ ဂိုးပေါက်ထဲ တည့်တည့်ကြီး ဝင်သွားတော့တယ်။ “ဂိုး”
လို့လည်း အော်ရော ပွဲလည်း ပြီးရော။ တစ်ဂိုး ဂိန်းဂိုး။

ကိုမှန်ကင်းက အဲ့သလို လူမျိုး။ မကြည်နဲ့ညားတော့ ကိုမှန်ကင်းကျားမထိုး ဖြစ်တော့ဘူး၊ ဖဲမရိုက်ဖြစ်တော့ဘူး၊ ဘောလုံးလည်း
မကန်ဖြစ်တော့ဘူး၊ ရသမျှ ပိုက်ဆံလေး ကျစ်ကျစ်စုတယ်။ အရက်ကလေးတော့သောက်သေးတယ်။ ညနေဘက် ပြန်ရောက်ရင် အရက်ကလေး သောက်လိုက်၊ ပတ္တလားလေးတီးလိုက်၊ သီချင်းလေး ဆိုလိုက်နဲ့။

နေဝင်းမြင့်
(ရင်ခုန်ပွင့်၊၁၉၉၀)

(သီဟရတနာ အုပ်၁၀၀ပြည့်အထူးထုတ် ၊ ၂၀ရာစု မြန်မာဝတ္ထုတို ၁၀၀ စာရေးဆရာ ၁၀၀ စာအုပ်မှ ဆရာနေဝင်းမြင့်ရဲ့ ဝတ္ထုတို ဖြစ်ပါတယ်။)
____________________________________________________________ ဆက်ရန် ..
In: ဝတ္ထု,Others Posted By: Date: Dec 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment