Professional Authors

မြေခွေး-(၁)-နေ၀င်းမြင့်

၁)
   ကိုကျောက်စီ ဆိုတဲ့ လူကို တစ်နယ်လုံးက သိကြတာတော့ မဟုတ်ဘူး။
သူနေတဲ့ တဲကလေးနဲ့ တော်တော်လေး လှမ်းတဲ့ တန်းလျားလေး ငါးလုံးက
(မသကာ ရှိလှရင် လူခြောက်ဆယ် လောက်က) လူတွေကပဲသိတာပါ။
ကျောက်စီ ဆိုတဲ့ နာမည်ကိုလည်း တချို့က ကျောက်စိတဲ့။ တချို့က ကျောက်စီတဲ့။
ကိုကျောက်စီ ကလည်း ထူးလိုက်တာပါပဲ။ သူ့ဟာသူတောင် ကျောက်စိလား၊ ကျောက်စီလား၊
ကျောက်စည်လား သိတာ မဟုတ်ဘူး။ သူ့ပုံက ကျောက်ပွင့်လေးတွေ စီထားတဲ့ကျောက်စီတော့
မဖြစ်နိုင်ဘူး။ ဘုန်းကြီးကျောင်းတွေက အင်ကြင်းပင်ကြီးတွေ သိပ်ကြီးသွားလို့ ကျောက် ဖြစ်သွားတဲ့အခါ
လုပ်လေ့ရှိတဲ့ ကျောက်စည်ထိုးတဲ့ ကျောက်တုံးကြီး တစ်တုံးနဲ့တူလို့ ဖြစ်ချင်းဖြစ်ရင် ကျောက်စည်ဆိုတဲ့
နာမည်နဲ့က ပိုလိုက်တယ်။ ထားပါတော့၊ ကျောက်စီပဲ။ လူက မည်းလိုက်တာ သပိတ်ကိုသာ ကြည့်တော့။
ခေါင်းတုံး ကလည်း အမြဲရိတ်တော့ ဦးပြည်းဟာ ဘယ်တော့မဆို ပြောင်နေလေ့ ရှိတယ်။ ရုပ်ကလည်း
ဇာတ်ထဲက ဘီးလူးခေါင်းစွပ်ကို တွေ့ဖူးတယ် မဟုတ်လား၊ အဲဒီရုပ်မျိုး။ မျက်ခုံး မျက်လုံးတွေက အပေါ်ကို
ထောင်တက်နေတော့ အမြဲတမ်း ရန်လိုနေတဲ့ မျက်နှာပေးက ထင်းခနဲပေါ်နေတက်တယ်။

  ရင်ဘတ်မှာက မင်ကြောင်ထိုး နဂါးတစ်ကောင် ရှိတယ်။ မည်းနေတဲ့ အသားပေါ်ကစိမ်းဖန့်ဖန့်
ဆေးမင်ရယ်၊ နဂါးကြေးခွံ ဟင်္သာပဒါး အနီရယ်ဟာ ရုတ်တရက် ကြည့်ရင် မပေါ်ချင်ဘူး။ ဒါပေမဲ့
နဂါးခေါင်း ကတော့ သေသေချာချာ ကြည့်ရင် သိပ်အနုစိပ်တဲ့ ခေါင်းမျိုး။ မြန်မာနဂါးလည်း မဟုတ်ဘူး။
အကွေးအတွန့် တွေနဲ့ အမွှေးအမျှင်တွေ များတဲ့ စိန့်တိုင်းက နဂါးရုပ်မျိုး။ အကြေးခွံတွေက အထပ်ထပ်နဲ့
နဂါးကိုယ်လုံးဟာ သူ့ရင်ဘတ်က တစ်ဆင့် ညာဘက် လက်မောင်းကနေ ဆင်းသွားလိုက်တာ ညာဘက်
လက်ခုံပေါ်မှာ ဆုံးတယ်။ ရင်ဘတ်က နဂါးခေါင်းက အောက်ဘက်ကို ပါးစပ်ဖြဲ လှည့်ထားတော့
ဝမ်းဗိုက်တစ်ခုလုံး နီးပါးဟာ နဂါးခေါင်းနဲ့ ပြည့်နေလေရဲ့။“ကျောက်စီ တို့ကတော့ နတ်ပြာတွဲ
တောင်တို့၊ တော်ကျွတ်မုန်းရှေ့တို့ မဟုတ်ဘူးဗျ။ အမြဲတမ်း နဂါးခေါင်း အောက်ကို လှည့်တယ်”လို့
မူးလာရင် အမြဲ ပြောတက်တယ်။ အမြဲပြောနိုင်ဖို့ ကိုလည်း အမြဲမူးနေဖို့ လိုတယ် လို့လည်း တွက်ထားဟန်
တူပါရဲ့။ အရက်နဲ့ မျက်နှာသစ်၊ အရက်နဲ့ ပလုတ်ကျင်း၊ အရက်နဲ့ပဲ ထမင်းစား၊ အရက်နဲ့ပဲ ခြေဆေးတယ် ဆိုတဲ့လူ။

  လောလောဆယ်တော့ သူဟာ လူသူနဲ့ ဝေးဝေး တောအုပ်ညို့ညို့ကြီးထဲက တဲကလေး တစ်လုံးမှာ နေတယ်။
သူ့ပတ်ဝန်းကျင်မှာ အင်မတန် နက်ရှိုင်းတဲ့ ကျင်းကြီး ချိုင့်ကြီးတွေ ရှိတယ်။ အတော်အတန် ကြီးတဲ့ သစ်ပင်ကြီးတွေ
ရှိတယ်။ တောင်ကုန်း မြင့်မြင့်ကြီးတွေ ရှိတယ်။ ပြီးတော့ သူတာဝန်ယူ စောင့်ရတဲ့ မြေကော်တဲ့ ယန္တရားကြီး
တစ်လုံးလည်း ရှိတယ်။ ဒီယန္တရားကြီးဟာ အဲသည် ပတ်ဝန်းကျင်က တောတွေ၊ တောင်ကုန်းတွေကို ဖြိုတဲ့
ယန္တရားကြီးပဲ။ ကျင်းတွေချိုင့်တွေဟာ အဲသည် ယန္တရားကြီးရဲ့ လက်ချက်ပဲ။ အမြဲတမ်းတော့ မဟုတ်ဘူး။
လိုအပ်တဲ့အခါ မောင်းတဲ့လူရောက်လာပြီး ကော်တော့တာပဲ။ ဖြိုတော့တာပဲ။ တူးတော့တာပဲ။ မလိုတဲ့အခါ သုံးလ
လေးလလောက် မလာပြန်ဘူး။ ဘာပဲဖြစ်ဖြစ် ကိုကျောက်စီက ပစ္စည်းတွေ မပျောက်ပျက်အောင်
စောင့်ရတယ်။ စက်ကြီးက တောထဲမှာ နှစ်ပေါက် ရှိနေတတ်တော့ သူကလည်း နှစ်ပေါက် နေနေ ရတော့တယ်။
သည်တောထဲမှာကိုပဲ သူနေရတာ ရှစ်နှစ် ပြည့်တော့မယ်။

 သောက်ရေအိုး အညှိတက် တစ်လုံး၊ သင်ဖြူးဟောင်း တစ်ချပ်နဲ့ မီးဖိုချောင် ပစ္စည်းလေး အနည်းအကျဉ်းက
လွဲရင် တဲထဲမှာလည်း ဘာမှမရှိဘူး။ ယန္တရားကြီး အလုပ်ရှိတဲ့ အခါ သူ အူစိုတယ်။ ဆီလေး ဘာလေးလည်း ရတယ်။
ပိုက်ဆံလေး ဘာလေးလည်း ရတယ်။ ကျန်တဲ့ အချိန်တော့ ကလေးတွေ ပြောသလို လက်ချည်းပဲ။ ရတဲ့ လခလေးနဲ့ စားရတာပဲ။
တစ်လ တစ်လ ရတဲ့ လခလေးဟာ မနီးမဝေး တန်းလျားက အိမ်ဆိုင်လေးကို အရက်ဖိုး ဆပ်ရတာနဲ့ ကုန်တာပါပဲ။
လဆန်းရင် ပြန်စ၊ လကုန်ရင် အကုန်ဆပ်။ သည်လိုနဲ့ လည်ပတ်နေတာပါပဲ။

In: ဝတ္ထု Posted By: Date: Jan 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment