ကျန်တဲ့ မိန်းမတွေ အားလုံးကို ရောင်းလိုက်တာပါပဲ။ ဈေးထဲမှာ တစ်စည်းကို ခုနှစ်ကျပ်၊ ရှစ်ကျပ်
ပေးရမယ့် အစည်းတွေကို လေးကျပ်၊ ငါးကျပ်နဲ့ ရောင်းတော့ နှင်းဆီပန်းတွေ အားလုံးဟာ ခဏလေးနဲ့
ကုန်သွားတယ်။ ကိုကျောက်စီရဲ့ စိတ်တွေဟာလည်း ပေါ့ပါး လွတ်လပ် သွားတယ်။ အဘွားကြီး
တစ်ယောက် ကတော့ လူကြီး မဟုတ်လား။ ကိုကျောက်စီ ပန်းရောင်းတယ် ဆိုတော့ ၀မ်းသာလို့
အားပေးတဲ့ သဘောနဲ့ တစ်စည်း ၀ယ်တယ်။“ငါ့တူ ကျောက်စီလည်း မရောင်းစဖူး ပန်းတွေ ဘာတွေ
ရောင်းလို့ ပါလား။ သာဓုတော် သာဓု။ ကိုယ်တော်လေး ဆက်ရမယ့်….မှန်း တစ်စည်းကို ဘယ်လို ရောင်းတုံး”
လို့လည်း ပြောတယ်။ မရောင်းစဖူး ဆိုတာ အဓိပ္ပာယ် ရှိတယ်။ ကောင်းရောင်း ကောင်းဝယ် လုပ်စား နေပါရောလားလို့
ပြောလိုက်တာလည်း ဖြစ်တယ် ။ သူတို့ သိထားတဲ့ ကျောက်စီဟာ ဘယ်တုန်းကမှ ကောင်းရောင်း ကောင်းဝယ်
ရှိခဲ့တာမှ မဟုတ်တာကိုး။ အရက် မိုးလင်းအောင် သောက်ပြီးရင် စရိုက် ကြမ်းကြမ်းနဲ့ ရိုက်ဖို့ နှက်ဖို့လောက်
စဉ်းစားနေတဲ့လူ၊ ခိုးဖို့ ၀ှက်ဖို့ ကြည့်နေတဲ့လူ၊ လိမ်ဖို့ ညာဖို့ တွက်ဆ နေတဲ့လူ မဟုတ်လား။
သူ့တဲနဲ့ မနီးမဝေးတောထဲမှာ ကိုးကျင်း ကိုးကြောင်း လျှောက်သွားနေတဲ့ နွားတစ်ကောင်ရဲ့ တင်ပါးသားတွေ ချည်းပဲ
ရဲတင်းနှင့် ခုတ်ယူရင် ယူလိုက်တဲ့သူ မဟုတ်လား။ တင်ပါးဆုံသား အိအိကြီးတွေ ပါမလာတဲ့ နွားတွေဟာ နည်းတာမှ
မဟုတ်တာ။ ပိုင်ရှင်တွေက ကိုကျောက်စီ လက်ချက်မှန်းလည်း သိပါတယ်။ ခက်တာက ကိုယ်တိုင် မမြင်ဘူးလေ။
ပြောလည်း မပြောရဲဘူးလေ။ နောက် လုပ်နေကျ ရှိသေးတယ်။ ဟိုဘက်ထိပ် ဒီဘက်ထိပ် ငုတ်ရိုက်၊ လေးခွ သားရေတင်းတင်း
ဆွဲချည်၊ ပြီးရင် ထစ်ကလေး တစ်ခုခံပြီး ကြိုးနဲ့ ခပ်ဝေးဝေးကို ဆွဲထား၊ သားရေကြိုး ပတ်လည်မှာ ဆန်စေ့တွေ ကြဲထား။
စာကလေးတွေက အုပ်လိုက် ၀င်စားပြီ ဆိုမှ ကြိုးနဲ့ ခလုတ်ကို ဖြုတ်လိုက်ရင် စာကလေး ဆယ်ကောင်လောက်ဟာ
တုံးလုံးပက်လက် ကျန်ရစ်နေရော။ ဒါဟာ ကိုကျောက်စီ အတွက် အမြည်းပဲ။ အဲသည် ညနေဟာ တာဇံနဲ့ စာကလေးကင် ညနေပဲ။
သည့်အရင် ကလည်း ပန်းရံ နောက်လိုက် ဆိုပြီး တစ်ရက် နှစ်ရက် ပန်းရံ လိုက်လုပ်ဖူးတယ်။ နောက်တစ်နေ့ မလိုက်ရတော့ဘူး။
ပန်းရံဆရာ ခေါင်းဆောင်ရဲ့ ညို့သကျည်းကို ခုတ်တူနဲ့ ခုတ်ပစ်ခဲ့လို့တဲ့။
ကိုကျောက်စီ အတွက် တစ်ခု ကောင်းတာက သူ့မိခင် ဌာနက သူရှိနေတဲ့ တဲကလေးနဲ့ တော်တော်ကြီး ဝေးတဲ့
နေရာမှာ ရှိနေတာပဲ။ သည်ယန္တရားကြီးနဲ့ ကိုကျောက်စီ ရှိတဲ့နေရာကို တော်ရုံတန်ရုံ တာဝန်ရှိသူ ကလည်း ရောက်လာလေ့
မရှိဘူး။ ယန္တရားကြီးက ပစ္စည်း မပျောက်သရွေ့ ကိုကျောက်စီဟာ ယန္တရား အတူ ရှိသလား၊ မရှိသလား၊ ဂရုတစိုက်
စောင့်ကြည့်သလား၊ မစောင့်ကြည့်ဘူးလားလည်း သိပ်စစ်ဆေးလေ့ မရှိဘူး။ သည်တော့ သူ စိတ်ကူးတည့်ရာ လုပ်လေ့ ရှိသည်။
ယန္တရားကြီးကို ပစ်ထားပြီး သွားချင်ရာ သွားနေတာပဲ။ လုပ်ချင်တဲ့ အလုပ် ထွက်လုပ် နေတာပဲ။ လုပ်တိုင်းလည်း ဇာတ်သိမ်းက မကောင်းဘူး။
ပြဿနာနဲ့ ဆုံးတာချည်းပဲ။ တော်ရုံ တန်ရုံလည်း ကိုကျောက်စီရဲ့ ပုံပန်းသဏ္ဍာန်နဲ့ သူ့ရင်ဘတ်က နဂါးကြီးကို ကြောက်လို့
မပြောဖြစ် ကြတော့ဘူး။ နောက်တစ်ခါ မဆက်ဆံတာပဲ ရှိတယ်။ သူကတော့ စုံတယ်။ မိန်းမပျက် တစ်ချို့ကို ဆက်သွယ်ပေးတဲ့
အလုပ်လည်း လုပ်တယ်။ ၀က်သေးအိမ်နဲ့ တာဇံ သယ်ပေးတာလည်း လုပ်တယ်။ အငှားဝက်ပေါ်၊ နွားပေါ်ဖို့ ရဲတင်း တစ်လက်နဲ့
အသင့် စောင့်နေ တတ်တာလည်း ရှိတယ်။ ခပ်တည်တည်နဲ့ မိုက်ကြေး ခွဲတက်တာလည်း ရှိတယ်။ တာဇံဆိုင်လေးမှာ ခွက်တစ်လုံးနဲ့
လိုက်တောင်းပြီး သူများ သောက်စားနေတဲ့ အထဲက ဆိုးခနဲ ဆတ်ခနဲ နှိုက်စား လိုက်တာလည်း ရှိတယ်။ တန်းလျားထဲက လူတွေသိ
တဲ့ ကိုကျောက်စီက အဲသလို ကိုကျောက်စီကိုး။ အခု ပန်းရောင်းတယ် ဆိုတော့ နားမလည် နိုင်ကြဘူး။ ဘာပဲဖြစ်ဖြစ် ပန်းရောင်း
တာဟာ ကောင်းတဲ့ အလုပ်ပဲ။ နူးညံ့ ပျော့ပျောင်းတဲ့ သဘောပဲ။
ကိုကျောက်စီ သည်လိုနည်းနဲ့ သူ့ဘ၀ကို ပြုပြင်လာတယ် ဆိုရင် ပြီးတာပဲ။ လူဆိုတာ မှားတုန်းက မှားခဲ့တာပဲ၊
ကောင်းလာပြီ ဆိုရင်လည်း ဘာပြောစရာ ရှိမလဲ။ ခွင့်လွှတ် လိုက်ကြရတာပဲ မဟုတ်လား။ အဲသည် ညနေက
ကိုကျောက်စီ အဘွားကြီးကို ပန်းတစ်စည်း အပို ပေးတယ်။ အဘွားကြီးကို မူးမူးနဲ့ ထိုင်လည်း ကန်တော့
လိုက်သေးတယ်။ သူ့အတွက်ပါ ပန်းကပ်ပေးပါ ဆိုပြီး တစ်စည်း သက်သက် ပေးလိုက်သေးတယ်။
အဘွားကြီး ဆိုတာ သာဓုချင်း မိုးမွှန်သွားတယ်။ ကိုကျောက်စီ ပြန်လာတော့ လက်ထဲမှာ ငွေလေးဆယ်
ကျော်ကျော် ပါလာတယ်။ တာဇံ ရောင်းတဲ့ အိမ်ကလေးဆီ သွားတယ်။ တာဇံ ရောင်းတဲ့ မိန်းမက သူ့ကို
ပန်းမရောင်းလို့ မကျေနပ်ပေမယ့် လက်ငင်း ပေးသောက်တော့ ရောင်းတာပါပဲ။ တစ်ပိုင်း သောက်တယ်။
တစ်ပိုင်းကို ပုလင်းငှား ထည့်လာပြီး ယူလာခဲ့တယ်။ သူ့ တဲကလေးထဲ ရောက်တော့ ထပ်သောက်တယ်။
အူလည်း မြူးနေတယ်။ ပျော်လည်း ပျော်နေတယ်။ အဲသည် ညက ကိုကျောက်စီ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်သွားတယ်။
ခြင်တွေ၊ ဖြုတ်တွေ တကိုယ်လုံး သီးနေတဲ့ ကြားက အိမ်မက်တွေတောင် မက်လိုက်သေးတယ်။