Professional Authors

မြေခွေး-(၄)-နေ၀င်းမြင့်

၎)
  နောက်တစ်ရက် မှာတော့ နှင်းဆီပန်းတွေ မဟုတ်ပြန်ဘူး။ ပန်းတော့ ပန်းပဲ။ ဂန္ဓမာတွေ ရောင်စုံလည်း
မဟုတ်ဘူး။ အဖြူချည်း သန့်သန့်။ ဂန္ဓမာ အဖြူပွင့် တွေဟာ အပွင့် ထွားထွားကြီးတွေပါ။ လှနေတာပါပဲ။
ဂန္ဓမာ ပွင့်တွေ ကိုလည်း တောငှက်ပျော်ဖက်နဲ့ သေသေသပ်သပ် ထုပ်တယ်။ ရေဖျန်းတယ်။ တန်းလျားဘက်ကို
ထွက်ရောင်းတယ်။“ဟော ကိုကျောက်စီကြီး နှင်းဆီပန်း မရတော့ဘူးလား”
“အင်း၊ ကနေ့ ဂန္ဓမာပဲ ရလို့။ ကောင်းလိုက်တာ ဂန္ဓမာတွေ ယူပါဦး”
“နေပါဦး၊ ဘယ်က ယူရောင်းတာလဲ”
“ခြံက၊ သူငယ်ချင်းခြံက အဝေးကြီး ပါဗျာ။ မတတ်နိုင်ဘူးဗျာ၊ တစ်နေ့ နှစ်ဆယ် ကျန်ကျန်၊ အစိတ် ကျန်ကျန် လုပ်ရတော့တာပဲ”
“ကောင်းတာပေါ့၊ ဒီအစည်းကြီးက ဘယ်လို ရောင်းတုံး”
“ငါးကျပ်နဲ့ပဲ ယူ”
သည်လိုနဲ့ ဂန္ဓမာတွေလည်း ကုန်သွားတာပဲ။

  အဲသည် နေ့ကလည်း ကိုကျောက်စီ မြက်မြက်လေး ရတယ်။ ငါးဆယ် ကျော်ကျော် ရတယ်။
သည်ကနေ့ တန်းလျားက မိန်းမဆိုင်မှာ သွားမသောက်တော့ဘူး။ ကိုမောင်ကွန့် ဘီအီးဆိုင် သွားတယ်။
ပဲခြမ်းသုပ်လေးနဲ့ ဘီအီး တစ်ပိုင်းနဲ့ ထိုင်နေလိုက်တာ ညနေ ခြောက်နာရီ ကပ်နေပြီ ဆိုတော့မှ ထတယ်။
အဲသည် ညက ဘီအီး သောက်လာပေမယ့် တဲကို ရောက်တော့ တာဇံနဲ့ ပိတ်တယ်။ တော်တော်လေး မူးတော့မှ ရပ်တယ်။
သူ့မျက်နှာကြီးဟာ အဲသည် ညက တော်တော် ကြောက်စရာ ကောင်းနေတယ်။ အရက် မူးနေတဲ့ ဘီလူး တစ်ကောင်နဲ့လည်း
တူတယ်။ အဲသည် ညက တဲအပြင်မှာ ထိုင်နေရင်းက ပန်းရောင်းရတဲ့ ငွေတွေကို ရေတယ်။ တဲခေါင်မိုးမှာ ပိုက်ဆံ
ခေါက်ကို ညှပ်တယ်။ ဘာစိတ်ကူး ပေါက်လို့လည်း မသိဘူး။ ကိုကျောက်စီ တဲရှေ့က ကွင်းပြင်ကို ကြည့်ရင်း ရယ်တယ်။
အားရပါးရကို ရယ်တယ်။ တောတွေ၊ တောင်ကမူတွေ၊ ချိုင့်ဝှမ်းတွေ ကြားမှာ အဲသည် ညက ကိုကျောက်စီရဲ့ ရယ်သံဟာ
ချောက်ချားစရာ ကောင်းနေတယ်။ ကိုကျောက်စီရဲ့ ၀မ်းဗိုက်ပေါ်က နဂါးကြီးဟာလည်း အဲသည် ညက မာန်စွယ် တဖွေးဖွေးနဲ့၊
တလှုပ်လှုပ်နဲ့၊ ထိလိုက်ရင် ပေါက်လိုက်မယ့် အစွယ်တွေနဲ့ ၊ မျက်စောင်း တစ်ချက် ထိုးလိုက်ရင် ပြာဖြစ် သွားလောက်တဲ့ မျက်လုံးတွေနဲ့။

  နောက်နေ့တွေ၊ နောက်နေ့တွေ မှာလည်း ကိုကျောက်စီ ပန်းရောင်း ထွက်တာပါပဲ။ ညနေတိုင်း တောငှက်ပျောရွက်လေးနဲ့
စည်းလာတဲ့ အစည်းထဲမှာ ပန်းတွေသာ ပြောင်းသွားတယ်။ ပန်းတွေ ကတော့ ပါတာချည်းပဲ။ တစ်ခါ တစ်ခါတော့လည်း ပန်းပြတ်
သွားတာလည်း ပါတယ်၊ မလာဖြစ်ဘူး။ တစ်ခါ တစ်ခါလည်း ဆက်တိုက် ရောင်းဖြစ် နေပြန်ရော။ ပန်းရရင် ရသလို ဆိုပါတော့။
ပန်းတွေ ကတော့ အမျိုးမျိုး ပေါ့လေ။ တစ်ခါ တစ်ခါ နှင်းဆီ၊ တစ်ခါ တစ်ခါ ဂန္ဓမာ၊ တစ်ခါ တစ်ခါ ဖယောင်းပန်း ရိုးတံရှည် အနီ
အဖြူ၊ တစ်ခါ တစ်ခါ ဟော်လန် ဒေစီ၊ တစ်ခါ တစ်ခါ အာဖရိကန် ဒေစီ။ ပထမတော့ ကိုကျောက်စီ ပန်းလာ မရောင်းတဲ့
နှစ်ရက်လောက်ကို တန်းလျားစုက လူတွေက သတိ မထားမိကြဘူး။ ပန်းမရတဲ့ နေ့တွေမှာ ကိုကျောက်စီ လာလေ့မှ မရှိတာကိုး။
ကိုကျောက်စီ သောက်နေကျ တာဇံဆိုင်လေး ကိုလည်း နှစ်ရက်လောက် မရောက်ဖြစ်ဘူး။ ဒါလည်း မောင်ကွန့် ဆိုင်ဘက် လှည့်နေတာ
ဖြစ်မှာပဲလို့ တွက်လို့ ရနိုင်တာကိုး။ ကိုကျောက်စီ နှစ်ရက်လောက် ပန်းလာ မရောင်းတာဟာ ဘာမှလည်း ထူးဆန်းတာ မဟုတ်ဘူး။
ဒါပေမဲ့ မဟုတ်ဘူး။ အဲသည် ညမှာပဲ ချောက်ချားဖွယ် သတင်း တစ်ခုက တန်းလျား ခန်းလေးတွေ ဆီကို ရောက်လာတယ်။
ကိုကျောက်စီဟာ သူ့တဲလေးထဲမှာ သေနေတာ နှစ်ရက်ရှိပြီ ဆိုတဲ့ သတင်းပဲ။

  တိုက်တိုက်ဆိုင်ဆိုင် ယန္တရားကြီး စက်နိုးဖို့ ရောက်လာတဲ့အော်ပရေတာက အလောင်းကို စတွေ့တာ လို့လည်း ဆိုတယ်။
မြေကော် ယန္တရားကြီးကို စက်နှိုးဖို့များ မရှိရင် ကိုကျောက်စီရဲ့ရုပ်အလောင်းဟာ ဘယ်လောက် အထိ လူမသိ သူမသိ
ရှိနေမလဲတောင်မသိနိုင်ဘူး။ သည်သတင်းကို ကြားစက တန်းလျားက လူတွေဟာ ငြိမ်သက် သွားကြတယ်။ အက်ႌမပါ၊
ဘာမပါနဲ့ မိုးလေး တစ်ဖြောက်ဖြောက်ကြားမှာ ပုဆိုးကြမ်းလေး ခြုံပြီး တင်းတင်း တောင့်တောင့် သေနေတဲ့ ကိုကျောက်စီ
ကိုလည်း သွားကြည့်ကြဖို့ စိုင်းပြင်း ကြတယ်။ ကိုကျောက်စီရဲ့မိခင်ဌာနက တာဝန်ရှိတဲ့ လူတွေလည်း ရောက်နေကြတယ်။
ဝမ်းဗိုက်ကြီးဟာ ကျောက်ပြင် တစ်ချပ်လို မာကျော စူထွက်နေတဲ့ ကိုကျောက်စီရဲ့ ရုပ်အလောင်းကိုလည်း သယ်ဆောင်
သွားကြတယ်။ တန်းလျားက လူတော်တော် များများက ကိုကျောက်စီရဲ့ တဲလေးရှိရာ ရောက်နေကြချိန် မှာတော့ အလောင်း
မရှိတော့ဘူး။ ဒါပေမဲ့ လူတော်တော် များများရဲ့ မျက်လုံးတွေဟာ ကိုကျောက်စီရဲ့ တဲလေးနဲ့ ပတ်ဝန်းကျင်ကို အကဲခတ်မိ သွားကြတယ်။
ဘာမှတော့ မဟုတ်ပါဘူး။ ပန်းခြောက်တွေ။ နှင်းဆီ ပန်းခြောက်တွေ၊ ဂန္ဓမာ ပန်းခြောက်တွေ၊ ဟော်လန်ဒေစီ ပန်းခြောက်တွေ၊
ဒေလီယာ ပန်းခြောက်တွေ၊ အင်မတန် များပြားတဲ့ ရေတမာ ရွက်ခြောက်တွေ၊ လွမ်းသူ့ပန်းခွေ လုပ်တဲ့ ၀ါးစ အဟောင်းတွေ၊ ကြိမ်ခွေတွေ၊
နှီးစတွေ၊ စက္ကူရောင်စုံ အစတွေ၊ ဖဲပြား အနက်စတွေ။

  အဲသည်မှာတင် လူတွေဟာ ကိုယ့်အခန်းကိုယ် လေရဲ့ ပြင်းထန်တဲ့ အဟုန်မျိုးနဲ့ ပြန်လာကြတယ်။ ဘုရားစင်ပေါ်က ပန်းတွေ
နတ်စင်ပေါ်က ပန်းတွေကို ဆွဲချကြတယ်။ ဘုရားစင်၊ နတ်စင်တွေကို ရေဆေးကြတယ်။ အမွှေးနံ့သာတွေ ပက်ကြတယ်။
တောင်းပန် တိုးလျှိုးကြတယ်။ ကန်တော့ပွဲတွေ ထိုးကြတယ်။ ရေအိုးစင်တွေ၊ နတ်အုန်းသီးတွေ လဲကြတယ်။
တစ်ချို့ မိန်းမတွေက ဒေါသ အမျက် ခြောင်းခြောင်း ထွက်ကြတယ်။ တချို့ မိန်းမတွေက နံ့သာဖြူ၊ ကရမက် သွေးရင်း
ပါးစပ်က တတွတ်တွတ် ရွတ်ကြတယ်။ အဲသည် ညနေက တန်းလျားလေးမှာ ဆူညံပွက်ထ သွားတာ အမှန်ပဲ။
ကိုကျောက်စီ ပန်းမရောင်းလို့ မ၀ယ်ဖြစ်တဲ့ တာဇံရောင်းတဲ့ မိန်းမက လွဲလို့ ကျန်တဲ့ မိန်းမတွေဟာ ကြက်သီးမွှေးညင်း ထကုန်ကြတယ်။
တာဇံရောင်းတဲ့ မိန်းမက သူ့ဆီမှာ အရက်အကြွေး သောက်နိုင်ဖို့ အတွက် မသန့်တဲ့ ပန်းတွေကို မရောင်းတဲ့ ကျေးဇူး သိသွားရှာတဲ့
ကိုကျောက်စီရဲ့ စေတနာကို အခုမှ သဘောပေါက် သွားတယ်။ ကျန်တဲ့ မိန်းမတွေ အားလုံးကတော့ စောစောကများ သိရင်
ကိုကျောက်စီရဲ့ အလောင်းကိုတောင် တစ်စစီ ဆုတ်ဖြဲ ပစ်ကြတော့မလား မှတ်ရအောင် ဒေါသတွေ ဖြစ်နေကြတယ်။
အဲဒီ အကြောင်းကို ရက် တော်တော်ကြာတဲ့ အထိ တချို့က ကြေကြေကွဲကွဲ ပြောကြတယ်။ တန်းလျား ခန်းလေးက လူတွေဟာ
သည်ဖြစ်ရပ်ကို မမေ့နိုင်ကြဘူး။ လူဆိုတာ ကလည်း ခက်သားပဲ။ ဘယ်လောက်ပဲ ကြာကြာ၊ ကောင်းတဲ့ လူတွေကိုလည်း
အောက်မေ့ သတိရ နေတက်တယ်။ ကောက်ကျစ် စဉ်းလဲတဲ့ လူတွေကိုလည်း အောက်မေ့ သတိရ နေတတ်ကြတယ် မဟုတ်လား။
တန်းလျားက လူတွေဟာ ကိုကျောက်စီကို သတိရ နေကြတုန်းပဲ။
                                                                                              နေ၀င်းမြင့်

In: ဝတ္ထု Posted By: Date: Jan 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment