ကောင်းကင်ပျောက်ဆုံးသော ကျွန်တော်ဆိုသည့်ကြယ်
ထိုအဖြစ်အပျက်တစ်ခုဖြစ်ပေါ်စေရန် အဓိကဦးဆောင်ခဲ့သူသည်ကျွန်တော်ကိုယ်တိုင်မဟုတ်ဘဲ ချစ်လှစွာသော
ကျွန်တော်၏သူငယ်ချင်းတစ်ချို့သာဖြစ်သည်။အများတကာ၏ဖြစ်ရပ်နှင့်တော့အနည်းငယ်ကွဲလွဲနေပါလိမ့်မည်။ဒါမှမဟုတ်
ကလေးဆန်သည်ဟုလည်းအချို့လူတို့တွေးကောင်းတွေးလိမ့်မည်။ကျွန်တော်ကတော့ထိုသို့မထင်ပါ။စိတ်ခံစားမှုနှင့်ဆက်နွယ်နေသော
ပုံမှန်ဖြစ်ရပ်တစ်ခုသာဖြစ်သည်ဟု တွေးထင်မိပါသည် ။
@ @ @
[ March လ ( 12 ) ရက်နေ့ ! ]
အများသူငါ လုပ်လေ့လုပ်ထရှိသော မွေးနေ့ပွဲဆိုတာသည် ကျွန်တော်တို့အုပ်စုလုပ်ဖြစ်သည်နှင့်မည်သို့မျှတူမည်မဟုတ်ပါ ။ ကျွန်တော်၏မွေးနေ့ဖြစ်သော ဤီနေ့တွင်ပဲ ကြည့်ပါ ။ မနက်ကိုးနာရီ လောက်ကတည်းက သွားချင်ရာသွားပြီး နေ့လည်ပိုင်းတွင် Internet Shop ၊ စာသင်ခန်း၊ ကျူရှင်၊ ဘာသာစကားသင်တန်း ——- စသည်တို့ရှိသော လမ်း ( 40 ) ဗောဗိကုန်းအနီးရှိ BJ Complex တွင် အအေးသောက်နေမိကြသည် ။ အပေါ်ထပ်ခဏတက်ရအောင် ဆိုသော စိုင်းသူ၏ စကားကြောင့်အပေါ်ထပ်သို့ အားလုံး တက်လာကြသည် ။
” ဟေ့ကောင် ညကျမှ စားရင်းသောက်ရင်း ငါတို့လက်ဆောင်ပေးမယ် ၊ အခု
မွေးနေ့ရှင်ဖြစ်တဲ့ မင်းက ငါတို့ကို ကိစ္စတစ်ခု ဆောင်ရွက်ပေးရလိမ့်မယ် “
” အလို——–ဘာများပါလိမ့်”
သူငယ်ချင်းများထဲတွင် စိုင်းသူ သည် ထူးဆန်းမှုကိုများစွာလုပ်တတ်သလို ဥာဏ်အကောင်းဆုံးလည်းဖြစ်သည် ။
” ဒီလိုကွာ ၊ မင်းမွေးနေ့မှာ ထူးခြားသွားအောင် ငါပြောသလိုလေးလုပ်ပေးကွာ “
” အင်း — ဘယ်လိုမျိုးလဲ “
ကျွန်တော် စကားအဆုံးတွင် စိုင်းသူ ညင်သာစွာ တစ်ချက် ပြုံး၏ ။
” ဒီအပေါ်ထပ်ကို ငါတို့ရှိနေတဲ့အချိန်မှာ ပထမဆုံးတက်လာတဲ့
ကောင်မလေးကို မင်းကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊
ချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ သူ့ကိုမင်းရည်းစားစကား ပြောရမယ်”
” ဟာ — အဲလိုကြီးလား “
” အင်း — ကျန်သေးတယ် ၊ အခုကစားနည်းကို ဒီနေရာလေးတင်နော်၊
သူဘယ်လောက်ချောချော မင်းဆက် မလှုပ်ရှားရဘူး “
” ဒါပဲလား ၊ တစ်ခြားစည်းမျဉ်းကရော “
” ရပြီ ဒီလောက်ဆို ၊ အခုအချိန်ခဏလေးပဲနော် ဆက်ပြီး ဖီလင်ဖြစ်နေလို့
မရဘူး ၊ အဓိက ကတော့ ဘယ်ကောင်မလေးကိုမှရည်းစားစကား
မပြောဖူးသေးတဲ့မင်းအစွမ်းအစကို ကြည့်ချင်လို့ အခုလို
တောင်းဆိုလိုက်တာကွ “
” အိုကေ ရပြီ ၊ စောင့်ကြည့်နေလိုက်တော့ “
စကားသံအဆုံးတွင် ပတ်ဝန်းကျင်သည် ကြောက်မက်ဖွယ် ငြိမ်သက်လျှက်ရှိပါသည် ။ ပထမဦးဆုံးရောက်ရှိလာမည့် မိန်းကလေးသည် မည်သို့ပင်ဖြစ်နေစေ၊ ယခုအချိန်ခဏလေးတွင် ကျွန်တော်လှုပ်ရှားရတော့မည်။ကျွန်တော်ခံစားနေရသောခံစားမှုသည်
အဓိပ္ပာယ်အပြည့်အ၀ ဖော်ဆောင်ရန် ခက်ခဲလွန်းသည် ။အနီးစပ်ဆုံး ဥပမာ – တစ်ခုနှင့် နှိုင်းယှဉ်တင်ပြရသည်ရှိသော် ဆရာစာမေးမည့်
အချိန်၊ အတန်းထဲတွင်စာမရဘဲ ၀င်ထိုင်နေမိသောကျောင်းသားတစ်ဦးလိုမျိုး၊ တက္ကသိုလ်ဝင်တန်း အောင်စာရင်းအား လူကြားထဲတွင် ကိုယ်တိုင်တိုးဝှေ့ကြည့်မိသလိုမျိုး ။
ထိုသို့သော ဖြစ်စဉ်နှင့်ပုံစံတူသော ခံစားချက်များပင် ဖြစ်သည် ။ တိတ်ဆိတ်မှုကိုစတင်အသက်သွင်းလိုက်သောအရာသည်
ခွာမြင့်ဖိနပ်နှင့် ကြမ်းပြင် ထိတွေ့ရာမှ ထွက်ပေါ်လာသည့် အသံတစ်သံဖြစ်သည် ။ဦးခေါင်းမှတစ်ဆင့် တဖြည်းဖြည်း ပေါ်ထွက်လာသော သူမအား အခြားကမ္ဘာမှဂြိုလ်သားတစ်ဦးလိုပင်ကျွန်တော်တို့အုပ်စုငေးကြည့်နေခဲ့ကြပါ၏။(ထိုပြကွက်သည်ရုပ်ရှင်များတွင်အနှေးပြကွက်
ဖြစ်ကောင်းဖြစ်လိမ့်မည်။)သေချာသောထင်မြင်မှုတစ်ခုသည်သူမသိပ်လှသည်ဆိုတာပင်ဖြစ်၏ ။ မိမိကိုယ်မိမိ ယုံကြည်မှုများနှင့်
ပျော်ဝင်လျှက်ရှိသော သူမ၏မျက်နှာပြင်ထက်တွင် အရာရာကို အလေးအနက်ထားတတ်ဟန်က အထင်းသားပေါ်လွင်လျှက်ရှိသည် ။
ကျွန်တော့်အနားမှ သူမ ဖြတ်လျှောက်သွားပြီး ကျွန်တော်–သူမနောက်သို့လိုက်သွားမိသည် ။ကောင်မလေး ဟု ခပ်တိုးတိုးခေါ်လိုက်ရင်း သူမကို ကျွန်တော် မည်သို့သောစကားများ ပြောလိုက်မိသည်လဲ၊ ကျွန်တော် သေချာ မသိတော့ပါ ။ ဦးတည်ချက်တစ်ခုနှင့် စိတ်ကူယဉ်ရထားတစ်စင်းအားခုတ်မောင်းမိသည်လား ။ ဒါမှမဟုတ် ယစ်မူးဖွယ်ကောင်းသော ပန်းနုရောင် အိပ်မက်တစ်ပုဒ်အား မက်နေခဲ့သည်လား- ။သေချာသောအရာတစ်ခုတော့ ရှိခဲ့ပါသည် ။
@ @ @
[ Message For Something ! ]
ခြေခင်းလက်ခင်းသာယာသော ကျောင်းပိတ်ရက် တနင်္ဂနွေနေ့၏ နေ့လည်တွင် စာပို့သမားလာပို့သော စာတိုက်မှစာတစ်စောင်အား ကျွန်တော်လက်ခံရရှိလေသည် ။ ကျွန်တော့်အဆောင်နာမည်နှင့် လိပ်စာသာပါသော ကျွန်တော့်ထံပို့သည့် စာအိတ်တွင် ထူးခြားသည်က ပေးပို့သူ၏လိပ်စာ ပါရှိမလာခြင်းပင် ။ ကျွန်တော်ထံသို့စာတိုက်မှ ပို့၍ စာပေးစေရလောက်သော ဝေးကွာနေသည့် သူငယ်ချင်းလည်း မရှိပါ ။ သေချာပါသည် ။ ” From ” ဆိုသောနေရာတွင် ရေးသားထားသည့်စာသားသည်အထက်ပါ စာသားပင်ဖြစ်၏ ။စာအိတ်အား ဖောက်လိုက်ချိန် တွေ့ရသည့်အရာသည်
သပ်ရပ်လှပသည့် နောက်ထပ်အဖြူရောင်စာအိတ်တစ်ခုပင် ဖြစ်၏ ။ ထိုစာအိတ်ကို ကျွန်တော် အလျင်စလိုပင်
ဖောက်ဖတ်လိုက်မိသည် ။ အောက်ခံအရိပ်ပန်းခပ်ကျဲကျဲပါသောဖြူလွလွစာရွက်ပေါ်တွင်လှပ၀ိုင်းစက်သည့်လက်ရေးနှင့်
စာသားအချို့ကို တွေ့ရလေသည် ။
” ဆိုပါစို့ —
သူ့ရဲ့ကြည်မွေ့တဲ့အပြုံးက
လိုက်နေကျ Lecture တစ်ခုဆိုရင်
သေချာပါတယ် ၊
ကျွန်မ အဲဒီ Lecture ကို ဖတ်နေခဲ့မိတာ
အကြိမ်ရေ မနည်းတော့ဘူး “
ထိုမက်ဆေ့နှင့်အတူအောက်ဆုံးနားတွင် ရေးသားထားသောနာမည်သည် တစ်စုံတစ်ရာဟူ၍သာဖြစ်သည်။
ကျွန်တော်မစဉ်းစားတတ်ပါ။ထူးဆန်းသည်မှာကျွန်တော်မေ့ပျောက်သွားသည့်အချိန်၊ ထင်မှတ်မထားသော အခါမျိုးတွင် ကဗျာများ၊ မက်ဆေ့များသည် ကျွန်တော်၏အဆောင်သို့ စာတိုက်မှ ရောက်ရှိလာတတ်ပါသည် ။ရေးသားထားသော နာမည်သည်လည်း တစ်စုံတစ်ရာ ဟူသော အမည်သာ ဖြစ်ပါသည် ။
@ @ @
[ Phone Call At Night ! ]
အကြောင်းတစ်စုံတစ်ရာမျှ ရေရေရာရာမသိသော မိန်းကလးတစ်ယောက်ထံမှ မကြာခဏဆိုသလို ထူးဆန်းလှသောစာများ ရရှိပြီးသည့်နောက်တော့ သူမကို ကျွန်တော် စိတ်ဝင်စားစပြုလာပြီဖြစ်ပါသည်။
သူမအကြောင်းများကိုအားလပ်ချိန်တိုင်းတွင် တွေးရသောအလုပ်သည် နေ့စဉ်နီးပါးဖြစ်လာခဲ့၏ ။ သူမ၏အသံအား ပထမဆုံးစတင်ကြားရချိန်တွင် ကျွန်တော် ဘာပြန်ပြောရမှန်းမသိခဲ့ပါ ။ အဆောင်ထဲတွင် ကျွန်တော် ဂစ်တာတီးနေချိန်တွင် သူမထံမှဖုန်း ၀င်လာခဲ့ခြင်းဖြစ်သည် ။ ကျွန်တော် ဆီသို့ သူမ ဖုန်းဆက်တတ်သော အချိန်သည် ည ( 7 ) နာရီခွဲတိတိ ပုံမှန်နီးပါးပင်ဖြစ်၏ ။ကျွန်တော် “ရာညိမ်”ပါဟူသောကျွန်တော်၏စကားသံပေါ်လာပြီးနောက် အချိန် ခဏလေးအထိဘာမျှ မကြားရပါ ။ ကျွန်တော် ထပ်မံပြောကြားမည်
တွေးနေခိုက် –
” ကျွန်မ တစ်စုံတစ်ရာ ပါ “
ထိုမျှသာပြောပြီး သူမ — ဖုန်းချသွားတတ်သောအကြိမ်ပေါင်းလည်း မနည်းတော့ပါ ။ သေချာသောအရာတစ်ခုသည် သူမအား ကျွန်တော် စွဲလမ်းစပြုနေပြီဆိုတာပင် ဖြစ်၏ ။
@ @ @
[ Parcel For U Remember ! ]
ထိုသို့သောအကြောင်းအရာများဖြစ်ပျက်ပြီးသည့်နောက် ကျွန်တော် နောက်ထပ်ရရှိသောပစ္စည်းများသည် သူမပေးပို့သော ပါဆယ်ထုပ်များပင် ဖြစ်သည် ။ ပထမဆုံးလက်ခံရရှိသော ပါဆယ်ထုပ်တွင် ပါဝင်သောအရာသည် ကျွန်တော် ဖတ်ချင်လှသော်လည်း မည်သို့မျှ ရှာဖွေ၍မရသော “ဂျူး” ၏ ပထမဆုံးလုံးချင်းစာအုပ်ဖြစ်သည့်” အမှတ်တရ ” ဆိုသော ၀တ္ထုစာအုပ်လေးပင် ဖြစ်သည် ။မကြာခဏဆိုသလို ရောက်ရှိလာတတ်သော လက်ဆောင်ထုပ်များတွင် ကျွန်တော်လိုချင်လှသော်လည်း အခြေအနေအမျိုးမျိုးကြောင့်မရရှိသေးသော ပစ္စည်းများသာဖြစ်ပါသည် ။ ယုတ်စွအဆုံးကျွန်တော့်သင်ရိုးအတွက်ကျောင်းတွင်
ဝယ်ယူ၍မရတော့သော” ပြဌာန်းစာအုပ်တစ်အုပ်” အား သူမထံမှ ရောက်ရှိလာခြင်းပင်လျှင် ထူးဆန်းသောပြကွက်တစ်ခု
ဖြစ်သည် ။အကြောင်းအရာအားလုံးကိုဆက်စပ်တွေးကြည့်မိသောအခါသူမသည်အလုပ်တစ်ခုအားစနစ်တကျနှင့်သေသပ်စွာ
လုပ်ဆောင်တတ်သော မိန်းကလေးတစ်ယောက်ဟု အကြမ်းဖျဉ်းသတ်မှတ်၍ ရမည်ဖြစ်၏ ။
@ @ @
သူမထံမှ ထိုသို့သောအရာများလက်ခံရရှိပြီးသည့်နောက်တွင် ကျွန်တော်ဖြစ်ချင်လှသော
ဆန္ဒတစ်ခုသည် သူမကိုအလွန်တွေ့လိုခြင်းပင် ဖြစ်ပါသည် ။ တစ်ကယ်တမ်း ကျွန်တော် — သူမအား တွေ့ဆုံခွင့်တောင်းဆိုသောအခါ သူမသည် ကျွန်တော် ထင်ထားသလို အလွယ်တကူ ခွင့်မပြုခဲ့ပါ ။ အကျိုးသင့်၊ အကြောင်းသင့် ကျွန်တော် ရှင်းပြပြီးသည့်နောက်သူမထံမှကျွန်တော့်အားလက်ခံတွေ့ဆုံခွင့်ကို ရရှိခဲ့၏ ။
” ကောင်းပြီ၊ ကျွန်မက သိုဝှက်စွာနေထိုင်တဲ့သူဆိုတော့ လာရမယ့်နေရာကို
အတိအကျတော့ မပြောပြတော့ဘူး ၊ ( ကမ္ဘာကြီးထဲမှာ လူတွေအများဆုံး
အသုံးပြုကြတဲစကားစုရှိတဲ့နေရာ၊
အဲဒီနေရာလေးမှာလူတွေနေလို့ရသေးတယ်)၊
သန်ဘက်ခါနေ့လည် ( 2 ) နာရီတိတိကျွန်မ အဲဒီနေရာလးမှာ ရှိပါမယ်၊
သေချာစဉ်းစားလိုက်ပါ၊ ရှင့်ဆန္ဒတွေ ပြည့်ဝပါစေ “
လူငယ်ကြိုက် ၀တ္ထုများထဲကလို သူမစကားထာဝှက်သွားသောနေရာအား ကျွန်တော်မည်သို့မျှ စဉ်းစားမရပါ ။ ကျွန်တော့်သူငယ်ချင်းများ၊ အသိမိတ်ဆွေများလည်း သူမပြောသည့် ထိုနေရာအား မသိကြပေ ။တစ်ရက်ဆိုသော အချိန်ကာလအတွင်းသူမဆိုလိုသော နေရာအားကျွန်တော် အဓိပ္ပာယ် မဖော်နိုင်ခဲ့ပါ ။သူမ၏ နေရာအား သေချာအောင် အဖြေထုတ်ပေးခဲ့သောအရာသည် မဂ္ဂဇင်း စာအုပ်တစ်အုပ်ပင် ဖြစ်၏ ။ အဆောင်တွင် အတူနေသူငယ်ချင်းငှားထားသောစာအုပ်အား ဘာရယ်မဟုတ် အပျင်းပြေ ဖတ်ကြည့်မိသည် ။ “အများသုံးဘာသာစကားလေးတစ်စု” ဆိုသည့် “အချစ်” အကြောင်းအားရေးဖွဲ့ထားသော စာစုလေးတစ်ခုပင်ဖြစ်၏ ။သူမပြောလိုသောနေရာသည် လူငယ်အများစုထိုင်ကြသော ” အချစ်ရွာ” ကဖေးပင် ဖြစ်လိမ့်မည် ။ သူမ ဆိုလိုသော စကားစုသည် ထိုသို့သာ အဓိပ္ပာယ်ရသည် ဟု ကျွန်တော် ထင်မြင်မိပါသည် ။
@ @ @
သန်ဘက်ခါနေ့လည် ( 2 ) နာရီထိုးရန် ငါးမိနစ်သာလိုသောအချိန် ၊ “အချစ်ရွာ” ကဖေးထဲသို့ကျွန်တော်ဆိုသည့် လူတစ်ယောက် ၀င်ရောက်လာပါသည် ။ တစ်ဆိုင်လုံးသို့ မျက်လုံးဝေ့ကြည့်ရင်း ထောင့်ကျကျဝိုင်းတစ်ခုသို့ ကျွန်တော် လျှောက်သွားလိုက်မိသည် ။ သူမသည် အရောင်အ၀ါတောက်ပလွန်းသော အသေးစား ဂြိုလ်လေးတစ်လုံးလိုပင် ။ စားပွဲအနီးသို့ ရောက်ရှိချိန်၊ ကျွန်တော်သိလိုစိတ်တို့ နွေဦး၏သစ်ပင်မှ ရော်ဝါရွက်လေးများလို ဖြုတ်ခနဲ ကြွေဆင်းကုန်ပါ၏ ။
” မအံ့သြဘူးလို့တော့မတွေးမိပါဘူး၊ တစ်စုံတစ်ရာ ဆိုတာ ကျွန်မ ပါလို့
ရှင်တစ်ခါမှ မတွေးခဲ့ဘူး မဟုတ်လား “
သူငယ်ချင်းများနှင့် အလောင်းအစားဆန်ဆန် ကစားခဲ့ကြသောကစားနည်းမှ ၊ ကျွန်တော် ခဏတာသာ ရည်းစားစကားပြောခဲ့ဖူးသော မိန်းကလေးသည် ကျွန်တော်၏စိတ်အား အချိန်အတော်ကြာအောင် ဆွဲဆောင်ထားနိုင်သော
လူသားတစ်ယောက် ဖြစ်လိမ့်မည်ဟုကျွန်တော် မတွေးကြည့်မိခဲ့ပါ ။ ယခုအချိန်တွင်ကျွန်တော်ကိုယ်တိုင်သေချာပြောဆိုနိုင်ပြီဖြစ်သော
အမှန်တရားတစ်ခုတော့ရှိသည်။သူမကိုကျွန်တော်ချစ်နေမိပြီဆိုတာသည်ကျွန်တော်အတွက် အောင်မြင်မှုတစ်ခုကိုဖန်တီးလိုက်ရသလိုပင်
ကျေနပ်ဖွယ် ကောင်းလှပါသည် ။
” ကျွန်မ နာမည် စိမ်းစိုစို ပါ “
ကျွန်တော့်မျက်နှာထက်တွင်စိတ်လှုပ်ရှားဟန်များအထင်းသားပေါ်လွင်နေသလောက်သူမပုံစံသသည်
အေးဆေးတည်ငြိမ်မှုအတိနှင့် ဖြစ်ပါသည်။
” ရှင့်ဆီကို ကျွန်မပို့ခဲ့တဲ့ ပစ္စည်းတွေ၊ ပြောခဲ့သမျှ စကားတွေထဲမှာ
ရှင့်လိုအပ်မှုတွေ ၊ ရှင့်အဖြစ်တွေနဲ့ တိုက်ဆိုင်နေတာ ဘယ်လို
ကြောင့်လဲလို့ မမေးတော့ဘူးလား “
အေးဆေးသက်သာစွာ တစ်လုံးချင်းစကားပြောဟန်သည် သူမ စကားပြောလည်ပတ်သည်
ဆိုခြင်းအား သိသာလှစေပါ၏ ။
” ကိုယ် အဲဒါမျိုး စိတ်မ၀င်စားတတ်ဘူး “
” သြော် — ဒါပေမယ့် ကျွန်မပြောပြလိုက်ပါ့မယ် “
သူမပြောပြသောအကြောင်းအရာသည် ကျွန်တော်တို့အုပ်စု၊ အပေါ်ထပ်တွင် ကစားနည်းပြုလုပ်ရန် တိုင်ပင်နေချိန်တွင် သူမ – လှေကားတွင်ရပ်၍ နားထောင်နေခဲ့သည် တဲ့ ။
” ရှင့်ရဲ့အကြောင်းတွေ၊ လိုအပ်မှုတွေကို သိနေခဲ့တာကတော့
စိုင်း သူကြောင့်ပါ ၊ သူ့ညီမတစ်ဝမ်းကွဲက ကျွန်မသူငယ်ချင်းလေ၊
သူ့ဆီကနေပဲ ကျွန်မသူငယ်ချင်းက ရှင်ရဲ့အချက်အလက်တွေကို
နှိုက်ထုတ်ခဲ့တာပါ “
တာဝေးအပြေးသမားတစ်ယောက်လိုပင် မောဟိုက်လျှက်ရှိသည်ဟု ကျွန်တော် ကိုယ့်ကိုကိုယ်ထင်မြင်မိသည် ။ တိကျသောအဖြေတစ်ခု ရရှိမရှိ မသေချာသည့်တိုင် ကျွန်တော်ပုစ္ဆာတစ်ပုဒ်ကိုတော့ အကြမ်းပင်ဖြစ်စေတွက်ကြည့်ချင်နေမိသည် ။
” ကိုယ် —— မင်းကိုချစ်တယ် “
ဇာတ်လမ်းများ၊တေးသရုပ်ဖော်များထဲကလို သူမသည် ကျွန်တော်၏ရှေ့တွင် ရှက်ရွံ့စွာ ခေါင်းငုံ့မသွားခဲ့ပါ ။ ပကတိတည်ငြိမ်မှုအပြည့်နှင့် ကျွန်တော် မျက်နှာပြင်အား သူမ ငေးကြည့်နေလေသည် ။
” အဓိပ္ပာယ် အတိအကျသတ်မှတ်လို့မရပေမယ့် အချစ်ဆိုတာကို
ကျွန်မ လက်ခံပါတယ်၊ လူတစ်ယောက်ကို ကျွန်မ အရူးအမူးငြိတွယ်
စွဲလမ်းခဲ့ဖူးတယ်၊ ကျွန်မကွယ်ရာမှာ အဲဒီလူကပဲ ကျွန်မရဲ့အချစ်ကို
ရယ်စရာလို့သဘောထားတာသိပြီးရတဲ့နောက် အချစ်ဆိုတာ
ကျွန်မအတွက် ဘိတ်ဆုံးမြောက်အရေးပါမှုတစ်ခု ဖြစ်သွားတယ် “
သူမ စကားသံကိုနားထောင်ပြီး သူမကိုကျွန်တော် ဘာပြန်ပြောရမှန်း မသိပါ ။
” ကျွန်မ အခုလိုထူးဆန်းမှုတွေသုံးပြီး လုပ်ဆောင်ခဲ့တာတွေက မိန်းကလး
တွေ အရူးအမူးနှစ်သက်ကြတဲ့ရှင့်ကို တစ်ဖက်သတ် စွဲလမ်းနေလို့
မဟုတ်ဘူးနော်၊ အချစ်ဆိုတာ အလောင်းအစားဆန်ဆန် ပြုမူရမယ့်အရာ
မဟုတ်ဘူးဆိုတာရယ်၊ မိန်းကလေးတစ်ယောက်ကို အပျော်သက်သက်
အသုံးမချသင့်ဘူးဆိုတာကို ပြချင်လို့ပါ၊ ကြိုတင်တွက်ဆလို့မရတဲ့
အရာတွေထဲမှာ အချစ် ပါတယ် “
ဟုတ်ပါလိမ့်မည် ။ တစ်ကယ်တမ်းတော့ အချစ်စိတ်ဆိုတာသည် ဆန်းကြယ်လှသည့်အစွဲအလမ်းတစ်မျိုးပင်
ဖြစ်သည် ။ ကျွန်တော် မကြာခဏဆိုသလိုလည်း တွေးကြည့်မိခဲ့ဖူးသည် ။
” ကိုယ် — မင်းကိုချစ်တယ်ဆိုတာ အမှန်တရားပါ ၊
ဘယ်အရာတွေကမှအကူသဘောနဲ့အားဖြည့်မှုမပါဘူး “
ကြည်စင်နေသော မျက်ဝန်းလေးများတွင် ကျွန်တော်စကား၏ပယောဂကြောင့် အပြုံးရိပ်တို့ဖြတ်သန်းစီးဆင်းသွား၏ ။
“ဘယ်လိုဖြစ်ဖြစ်ပါ ၊ ရာညိမ် ဆိုတဲ့ ရှင့်ဘ၀မှာ အချစ်စစ်စစ်နဲ့
ဆုံတွေ့နိုင်ပါစေ “
မထူးဆန်းလှသော သာမာန်ဖြစ်ရိုးဖြစ်စဉ်အတိုင်းပင် ကျွန်တော်ကို သူမ နှုတ်ဆက်သွားပါသည် ။ အသည်းကွဲသည်ဟုအမည်တပ်ရအောင်လည်း ကျွန်တော်၏အဖြစ်သည် တစ်ဖက်သတ်ကပြခဲ့သော တစ်ခန်းရပ်
ပြဇာတ်သာ ဖြစ်ပါသည် ။လူအနည်းငယ်စည်ကားသော တစ်ခုသောလမ်းမကြီးဘေးရှိ ကုက္ကိုပင်ထက်တွင် ငှက်ကလေးတစ်ကောင်သည် ကျွန်တော်နားမလည်သော ဘာသာစကားတစ်မျိုးဖြင့် တေးသံတစ်ခုအား သီကျူးနေပါ၏ ။အဲဒါဆို ကျွန်တော်ကရော — ။
ကံဆိုးလှသော ကျွန်တော်ဆိုသည့် ကြယ်တစ်ပွင့်သည် ထိုနေ့မှစတင်၍ ကောင်းကင်တစ်ခု
ပျောက်ဆုံးခဲ့ပါတော့သည် ။
*( ဥာဏ်ကောင်းပြီးပျော်တတ်သော မိုးကုတ် မှ သူငယ်ချင်းနှင့် BJ Complex သို့ အမှတ်တရ )
ရွှေကိုယ်နတ် ( UCSM )
[ 29.6.2010 ( 10 : 38 PM ) ]