ကောင်းကင်ညာတဲ့နေ့ ……………………. ၀ိုင် – ဒီရေလှိုင်း
အခန်း(၁)
မျက်စေ့တစ်ဆုံးအထိမြင်နေရသော ပင်လယ်ပြင်က မိုမောက်နေသော
လှိုင်းလုံးကြီးများ အလိမ့်လိမ့်နှင့်…။ကောင်းကင်ပြင်တွင် တိမ်တို့က
ဟိုတစ်စု သည်တစ်စု…။ခဏတာဖြစ်တည်လာသော တိမ်ညိုတို့က
ပုံသဏ္ဍာန်တည်မြဲမှုမရှိဘဲ အမျိုးမျိုးအဖုံဖုံ ပြောင်းလဲနေတော့သည်။
ကုန်လွန်ခဲ့သောအချိန်တို့အတွင်းက ရာသီဥတုသည်
ကြည်လင်နေခဲ့သည်။ကောင်းကင်ပြင်တွင်လည်း တိမ်စုတိမ်ဝေး စိုးစဉ်းကိုမျှ
မတွေ့ခဲ့ရ။ အပြာရောင်ကောင်းကင်ပြင်ကြီးက ကြည်လင်သာယာနေခဲ့သည်။
သည်ကမ်းခြေမှာလည်း ထိုနည်းလည်းကောင်း….၊၊ငွေရောင်ဖြူလွနေသော
သဲပြင်တပြန့်တပြူးနှင့်….၊ အပျင်းပြေ ကောက်ယူဆော့ကစားရန်
ခရုခွံလေးများလည်း ပြန့်ကျဲလျက်ရှိနေခဲ့သည်။ သောင်ပြင်တစ်လျှောက်
ပြေးလွှားရင်း ပြာလွင်နေသော ကောင်းကင်ကြီးကိုမော့ကြည့်ကာ
လက်ခုပ်လက်ဝါးတီးလျက် သူမပျော်ရွှင်ရယ်မောရင်း ဆော့ကစားနေခဲ့ဖူးသည်…။
သောင်ပြင်မှာတင်ကျန်နေသော ခြေရာလေးများကို ပြန်လည်ငေးမောကြည့်ရင်း
သူမကျေနပ်နေခဲ့ဖူးသည်။ သောင်ပြင်ဝယ် သူမရေးခြစ်ခဲ့သော
ကဗျာလေးများ..၊လေထုထဲတွင် လွင့်မျောနေမည့် သူမသီဆိုခဲ့ဖူးသော
သီချင်းသံများ ၊တစ်ခါတစ်ရံ တီးတိုး၊ တစ်ခါတစ်ရံ
ကျယ်လောင်ပေါက်ကွဲခဲ့ဖူးသောစကားသံများ၊…..ထိုအရာများအားလုံး
ကာလကြာကြာမပျောက်မပျက်တည်မြဲနေပါ့မလား…ဟု သံသယတစ်စွန်းတစ်စ
ရှိခဲ့ပေမင့် ပြာလွင်ကြည်လင်နေခဲ့သော ကောင်းကင်ကြီးအောက်တွင် သူမက
အရာရာကို မေ့လျှော့ထားနိုင်ခဲ့သည်။
အခန်း(၂ )
သည်နေရာလေးက သူမအတွက်ဖန်ဆင်းထားသောကမ္ဘာသစ်လေးတစ်ခု၊
သည်နေရာလေးက သူမအတွက်မွန်းကျပ်မှုများဖြေဖျောက်ရာနေရာ၊ သည်နေရာလေးကနေ့သစ်တွေဖြတ်သန်းဖို့ သူမအတွက် အားအင်တွေဖြစ်ထွန်းစေခဲ့သည်။ သည်သို့ပင်သူမ ယုံကြည်ခဲ့ဖူးသည်။ သည်ကမ္ဘာသစ်လေးမှာ သူမကမ္ဘာတစ်ခုမှစောင့်ကြည့်နေတတ်သောမျက်လုံးများ၊ ပိတ်ထားသောတံခါးများ၊ ရန်သူမှန်းမိတ်ဆွေမှန်း မကွဲပြားသောအရိပ်များ၊ ကမ္ဘာဟောင်းမှသတင်းစကားများ စသောဖန်တီးလုပ်ကြံခြင်းမဟုတ်ဘဲ သူမရင်ဘတ်ထဲမှလာသောမုသားမစွက်သော
အမှန်တရားများကို နေ့ပေါင်း ညပေါင်းများစွာ၊ နာရီပေါင်းများစွာ
ကောင်းကင်ပြာကြီးကို မော့ကြည့်ရင်း တိုင်တည်ရင်ဖွင့်ခဲ့ဖူးသည်။
တစ်ခါကညတွေ တိုတောင်းလွန်းခဲ့သည်ဟုလည်း
သူမမှတ်ယူခဲ့ဖူးသည်။ စကားတင်းဆိုတတ်သော ပတ်ဝန်းကျင်ကိုဥပေက္ခာပြုကာ၊
အိပ်ချိန်များကို မေ့လျှော့စွာ အနွေးဓာတ်တွေထဲမှ စီးမျောခဲ့ဖူးသည်။
ထိုအချိန်တုန်းက ပိုင်ဆိုင်ခဲ့ဖူးသောအရာရာသည် ယခုအချိန်တွင်
အိပ်ရာဝင်ပုံပြင်လေးများ ဖြစ်သွားခဲ့ကြ၏။ သို့သော် သူမကတော့
သူမပတ်ပတ်လည်တွင် ထိုအသံလှိုင်းများလွင့်ပျံနေဆဲဟုမှတ်ယူကာ
တရေးနိုးချိန်တွင် ကယောင်ကတန်းထကြည့်မိခဲ့သေးသည်။
အခန်း( ၃ )
ယခုတော့ မည်သည့်နေရာမှာ အဆုံးသတ်သည်ဟုမမြင်ရသော
ပင်လယ်ပြင်ကြီးက လှိုင်းတံပိုးများထကြွစွာ သူမရှေ့မှာကာဆီးထားသည်ကို
တွေ့မြင်နေရသည်။ သူမတိုင်တည်ရင်ဖွင့်ခဲ့ဖူးသော ကောင်းကင်ပြာကြီးက
တိမ်ညိုတို့ဖုံးလွှမ်းနေကြပေပြီ။ မကြာမီ
မိုးသက်လေပြင်းများကျလာတော့မည်
လား။ သူမကတော့မယုံနိုင်စွာ (ဒါမှမဟုတ်မယုံချင်တာလည်းဖြစ်မည်။) အရာရာကိုအံ့သြတကြီး ငေးမောကြည့်နေမိသည်။
သူမ၏ကမ္ဘာသစ်လေး ပျောက်ကွယ်တော့မည်လား။ စိတ်နှင့်ရုပ်
သဘောတူညီစွာပေါင်းစပ်ထားခြင်းမဟုတ်ဘဲ ရပ်တည်နေရသော သူမ၏ကမ္ဘာဟောင်းသည်
သူမအတွက် နေပျော်ဖွယ်မရှိပေ။ သူမ၏ခြေရာလေးများကတော့
သောင်ပြင်ပေါ်ဝယ်ထင်ကျန်နေဆဲ။ သူမ၏
ပျော်ရွှင်မှုများ..နာကျင်မှုများ..တိုင်တည်ရင်ဖွင့်သံများကို
အလိုအလျှောက်ဖြစ်တည်နေသော ကောင်းကင်ကြီးက တစ်ချိန်က နားလည်လက်ခံစွာ
စောင့်နားထောင်ပေးတတ်ခဲ့သည်ဟု ယုံကြည်ခဲ့မိသည်မှာ မသေချာတော့။ သည်နေရာမှာ
တိမ်ညိုတိမ်မည်းတို့ ဖုံးလွှမ်းနေပေမင့် တစ်နေရာရာတွင်မတော့
ကောင်းကင်ကြီးသည် ကြည်လင်သာယာနေပေလိမ့်မည်။ သူမ
ရှေ့သို့တရွေ့ရွေ့ဆင်းလာခဲ့မိသည်။ အရှိန်ပြင်းစွာကျဆင်းလာသော
မိုးစက်မိုးပေါက်တို့ကြားဝယ် ခြေရာလေးများလည်း
တဖြေးဖြေးပျောက်ကွယ်သွားတော့၏။
ဒီရေလှိုင်းသူငယ်ချင်းတစ်ဦးဖြစ်တဲ့ ၀ိုင် (ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနက ဒေါက်တာ ———–) ရဲ့ ၀တ္ထုတိုရသလေးကို တင်ပေးလိုက်တာ ပါ ။