ရေမြင့်၍ ကြာတင့်ခဲ့ပြီ..
ရေမြင့်၍ ကြာတင့်ခဲ့ပြီ…….
“ ခွမ်း” အိပ်ယာဘေးရှိ စားပွဲပေါ်မှ အလှပန်းထိုး ပန်းအိုးလေးကို ကျွန်မရိုက်ခွဲပစ်လိုက်သည်။တကယ် တော့ ဘေးနားရှိတဲ့နှိုးစက်နာရီပါကျွန်မခွဲပစ်လိုက်ချင်သည်။ နာရီမှမဟုတ် အခန်းထဲရှိပစ္စည်းများအားလုံးကို ကျွန်မ ရိုက်ခွဲပစ်ချင်နေသည်။
“ မမ စိတ်ကိုထိန်းမှပေါ့…. အဲလိုလုပ်နေရင် နင်ပဲငရဲကြီးမှာ” ရာရာစစ ကလေးသာသာ ၃တန်းကျောင်းသူ ညီမဖြစ်သူက ၁၀တန်းကျောင်းသူ အစ်မဖြစ်သူ ကျွန်မကို ဆုံးမတဲ့စကား။လဲသေလိုက်ပါ့လား။
“ ဒီမယ် ငယ်ငယ် ကလေးက ကိုယ့်နေရာကိုယ်နေ သွား ကိုယ့်စာကိုသွားကျက်” ကျွန်မလည်း ဒေါသ တကြီးပြန်အော်နှင်ထုတ်လိုက်တယ်။သူကဘာနားလည်လို့ လူကိုဆရာလာလုပ်နေရလဲ။သူဘာသိမှာလဲ။ ကျွန်မခံစား နေရတဲ့ ဝေဒနာဒေါသကို သူဘယ်သိမလဲ။
ကျွန်မ မီးပိတ်ကာ ခေါင်းအုံးနဲ့မျက်နှာကပ်လျှက်မှောက်အိပ်လိုက်သည်။
×××××××××××××××××××××××××××××××××××××××××
“ နင်ကလည်း အရမ်းအ တာပဲ ရည်းစားထားတာ ဘယ်သူကမိဘခွင့်ပြုချက်နဲ့ထားပါ့မလဲ တစ်ခါမိ သွားတော့နောက်တစ်ခါဆင်ခြင်ပေါ့…ငါ့ဆို ငါ့မာမီကြီးကသောင်းကျန်းထားတာ အကြိမ်ကြိမ်ပဲ” မွန်မွန်က သူ့အ ကြောင်းကိုပြောသလိုလိုနဲ့ ကျွန်မကိုလမ်းပြနေသည်။
“ ဟုတ်သားပဲ မျိုးကလည်း တို့အိမ်ကလည်းဘာထူးလဲ ဒါဟာ တို့မိဘတွေခေတ်မှမဟုတ်တာ သူတို့ ခေတ်တုန်းကသာ ဘယ်အရွယ်မှ ဘာမှနဲက အခုဟာက ၂၁ရာစုနော်…ငါတို့ဆို နောက်တစ်ခါမိသွားရင် ခိုးပြေးတော့ မှာ” ဘုရား ဘုရား။ယုယစကားကိုကြားတော့ ကျွန်မကြက်သီးထမိသည်။ ခိုးပြေးမယ်တဲ့လား။ကျွန်မချစ်သူထားတယ် ဆိုတာ ယုယတွေးသည်ထိမတွေးမိဖူး။လည်မယ် ပတ်မယ် စားမယ် သောက်မယ် ပြီးတော့ သူ့ကိုဘယ်လောက်ချစ် သလို ကိုယ့်ကိုဘယ်လောက်ချစ်တာပြောရုံသာ။
“ ဟုတ်သားပဲ ယုယအစီအစဉ်ကောင်းတယ်…မျိုး ကိုယ်တို့လည်း ယုယလိုခိုးပြေးရအောင် စာလည်း မကျက်ချင်တော့ဘူး…ငပလီသွားမလား ချောင်းသာသွားမလား..” ကိုသူကဒီလိုပြောလာတော့လည်း ကျွန်မအတွေး ယိုင်နဲ့သွားပြန်သည်။ကိုသူဆိုတာ ကျွန်မကိုသိပ်အလိုလိုက် သိပ်ချစ်တဲ့သူမလား။ ကျွန်မတို့ပြောရင်းဆိုရင်း အိမ်ရှေ့ တောင်ရောက်လာပါပကော။ ကိုသူနဲ့ သူငယ်ချင်းနှစ်ယောက်ကိုမိတ်ဆက်ကာ အိမ်ထဲဝင်လာမိသည်။
“ သမီး ကျူရှင်ကပြန်လာတာလား” ကျူရှင်ကမဟုတ်ပေမဲ့ ဖေဖေ့အမေးကို အအေးဆိုင်ကလို့ဖြေလို့ မဖြစ်။
“ ဟုတ်ကဲ့”
“ ဒါနဲ့ သမီးနဲ့အတူပြန်လာတာ ယုယတို့ မွန်မွန်တို့မလား” မေမေ့အမေးက အဖြေရခက်ပြန်သည်။ တကယ်တော့ သူငယ်ချင်းရွေးပေါင်းစေတတ်သောမေမေက ယုယတို့ကိုသိပ်မကြိုက်လှ။အလှအပမက်သည် ဘာဖြစ် သည် ညာဖြစ်သည်နဲ့။
“ ဟုတ်ပါတယ်မေမေ” ကျွန်မဖြေပြီးတာနဲ့ အခန်းထဲဝင်လိုက်မိသည်။ ဆက်မေးလာမည့်မေးခွန်းတွေ ကို ကျွန်မအလွယ်တကူဖြေနိုင်တော့မှာမဟုတ်။တကယ်တော့ ကျွန်မတို့သူငယ်ချင်းတစ်စု ကျူရှင်ဖျက်ကာ မြို့အနှံ့ လျှောက်လည်ကြခြင်း။မန္တလေးတောင် ဦးပိန်တံတား…အစုံ။တစ်နေကုန်ဖျက်လိုက်ရတဲ့ကျူရှင်တွေကိုတော့ နောက်နေ့မှပြန်ကူးမယ်ဆိုတာနဲ့…။
တကယ်တော့ ကျွန်မကတစ်နေကုန်တော့မသွားလို။ဒါပေမဲ့ ကိုသူ…ကိုသူပါလာတော့လည်း။ ဒီခရီးစဉ် ကို ကိုသူဒကာခံခြင်းပါ။ ကိုသူဆိုတာ ကျွန်မနဲ့တစ်တန်းတည်းသူငယ်ချင်း….ချစ်သူပေါ့နော်။ကျွန်မသူ့ကိုချစ်တာ ထက် သူကကျွန်မကိုပိုချစ်သည်။အလိုလိုက်သည်။အရာရာမှာ ကျွန်မသဘော။ဖေဖေဝယ်မပေးနိုင်တဲ့ ရေမွှေးပုလင်း ကို ကိုသူက ချက်ခြင်းဝယ်ကာ လက်ဆောင်ပေးခဲ့သည်။ ကိုသူနဲ့ကျွန်မချစ်သူတွေဖြစ်တာ ၂လသာသာ သာရှိသေး ပေမဲ့ ကျွန်မကိုသူပေးထားတဲ့လက်ဆောင်တွေက မရေတွက်နိုင်။နှုတ်ခမ်းနီတစ်ဘူး မိတ်ကပ်တစ်ဘူးသာရှိခဲ့တဲ့ ကျွန်မ မှန်တင်ခံလေးပေါ်မှာ အခုဆို မိတ်ကပ်တွေ နှုတ်ခမ်းနီတွေ…ရေမွှေးတွေ အပြည့်။
ကျွန်မဝတ်ချင်ခဲ့သော ဖေဖေခွင့်မပြုသော စကတ်တိုလေးတွေမှာ သတ္တာလေးတစ်ခုပင်ပြည့်တော့ မယ်။ဘယ်သွားချင်လဲ….အမြဲဆီပြည့်နေတဲ့ ကိုသူ့ဆိုင်ကယ်ဟာ ကျွန်မအတွက်။သည်လောက်အလိုက်သိတဲ့ ကိုသူ့ ကို ကျွန်မပြန်ချစ်မိတာမဆန်း။ဆန်းနေတာက ဖေဖေနဲ့မေမေ။
“ သမီး၁၀တန်းကျောင်းသူဆိုတာ ကလေးလို့ပြောလို့မရပေမဲ့ လူကြီးလည်းမဟုတ်သေးဘူးနော် ပြီးတော့ သမီးလေးက လူတစ်ယောက်ကိုပြည့်ပြည့်စုံစုံချစ်နိုင်လောက်အောင် သမီးနှလုံးသားကမရင့်ကျက်သေးဘူး သမီးနှလုံးသားနုနုမှာဒဏ်ရာတစ်ခုမကျန်စေချင်ဘူးကွယ်…ဒီကိစ္စကို သမီးဖေဖေကသိပေမဲ့ မသိချင်ယောင်ဆောင်နေ ရတာ” ဒါဟာ မနေ့ညက မေမေ…. သူရိုက်မိခဲ့သော နီရဲလျှက်ရှိနေသော ကျွန်မပါးပြင်တစ်ခြမ်းကို ဖွဖွလေးသပ်ကာ ပြောခဲ့သောစကား။ တကယ်တော့မေမေရယ်….ကိုသူ့လိုအချစ်မျိုးက သမီးနှလုံးသားကို ဒဏ်ရာမကျန်စေနိုင်ပါဘူး မေမေ။
ကျွန်မမှတ်မိပါတယ်….။ ကျွန်မလေးတန်းတုန်းက မြို့နယ်ပထမဆုယူတဲ့နေ့။အဲသည့်နေ့ မှာ —–ဌာန မြို့နယ်ဦးစီးမှုးဖြစ်တဲ့ဖေဖေက ကျွန်မကိုဆုချီးမြှင့်ရတဲ့နေ့။ မေမေကလည်း သည်အခမ်းအနားမှာ တာဝန်ကျဆရာမမို့ကျွန်မတို့မိသားစုအခမ်းအနားအတူတက်ခဲ့တဲ့နေ့။ ဒုတိယ ရတဲ့ တတိယရတဲ့သူတွေ…အခြားဆု ရတဲ့သူတွေက ကားကိုယ်စီနဲ့ဆုလာယူတဲ့အချိန်မှာ ကျွန်မတို့မိသားစုက ရွှေအိုရောင်ဆိုင်ကယ်အနလေးနဲ့။ အခြားသူတွေကရွှေဆွဲကြိုး လက်စွပ်..ပါလာပေမဲ့ ကျွန်မတို့က မေမေနဲ့ ကျွန်မပေါင်းမှ ဘာမှတောင်ပါမလာ။ အဲဒီနေ့ က စတိတ်စင်ပေါ်မှာ ဖေဖေကဆုချရပေမဲ့ ကျွန်မကဆုယူရပေမဲ့ ကျွန်မကိုယ့်လိပ်ပြာကိုယ်မလုံခဲ့။ စင်ပေါ် တက်ရမှာကို ကျွန်မကြောက်နေခဲ့မိတာ။
၈ တန်းနှစ်တုန်းကလည်းတစ်ခါ။ အဲဒီတုန်းကလည်း ကျွန်မမြို့နယ် ဒုတိယ။ဖေဖေကကျွန်မ ကိုဆုမချရပေမဲ့ ဖေဖေကိုယ်တိုင်ဆုရယူရတဲ့နေ့။ ထူးချွန်ဝန်ထမ်းမြို့နယ်အဆင့်ပေးအပ်တဲ့နေ့။ အဲဒီ့နေ့ကလည်း ကျွန်မတို့မိသားစုက ဒီဆိုင်ကယ်လေးနဲ့ပဲ။ ဒီပုံစံတွေပဲ။ အခြားဆုရသူတွေက မိတ်ကယ်ဖွေးဖွေးလေးတွေပါပေမဲ့ မေမေကတော့ ကျွန်မကို သနပ်ခါးပါးပါးလေးသာလိမ်းပေးထားတာ။ ဖေဖေကတော့ ဂုဏ်ယူမဆုံး။ ကျွန်မဟာ တကယ်ထူးချွန်တဲ့သူတဲ့။ အခြားချမ်းသာတဲ့သားသမီး ကျူရှင်အပြည့်အစုံတတ်နိုင်တဲ့သားသမီးတွေကြားမှာ ကျွန်မက မြို့နယ်ထိတောင် ဒုတိယဆိုယူနိုင်ခဲ့တာတဲ့။ ဒါပေမဲ့ ဖေဖေမသိတာက ဆုပေးပွဲကိစ္စ။ သမီးဘာသာ ဘယ်လောက် တော်တော် ဘာဆုတွေရရ မျက်နှာငယ်နေသလိုဖြစ်နေတာ ဖေဖေမသိဘူးမလား။
ဖေဖေအမြဲပြောနေကျစကားက “ ဘာပဲလုပ်လုပ် ကိုယ့်လိပ်ပြာ ကိုယ်သန့်အောင်လုပ်၊” “ သားသမီး ဆိုတာ မိဘထက်တော်ရမယ်” တဲ့။ ကျွန်မကို ညီမလေးထက်ဖေဖေပိုအလေးထားခဲ့တာ။အဖေထက် တော်မယ့်သမီး တော်တဲ့သမီးဆိုပြီး ဂုဏ်ယူနေခဲ့တာ။ သူ့ကိုယ်သူလည်း အလုပ်မှာမခိုမကပ်ဘဲ အမြဲဖြောင့်မတ်အောင်နေပြီး ထူးချွန် ဝန်ထမ်းဆုတွေတသီကြီးယူခဲ့တာ။ သမီးလိုချင်တာ အဲဒါတွေမှမဟုတ်တာ။ယုယတို့မိဘတွေလို သမီးငွေလိုနေတဲ့ အခါ မမေးမမြန်းးဘဲပေးခဲ့ဖူးလားဟင်….အဝတ်အစားဆိုလည်း ချုပ်ထည်နဲ့ စပို့ရှပ်အကျီင်္ဈေးချိုချိုလေးတွေကိုသာ မေမေဆင်ပေးခဲ့တာ။ မိန်းကလေးဆိုတာ ဒီလို..ဟိုဟာမလုပ်နဲ့။ ဖေဖေတို့မိသားစုက ဝန်ထမ်းတွေတဲ့ အရမ်းမချမ်း သာကြဖူးတဲ့။
တွေးမိခဲ့ဖူးတာ “လွတ်လပ်ခွင့်”ဆိုတာဘာလဲပေါ့။ ×××××××××××××××××××××××××××××××××××××××××-
“ မမ ဘာတွေလုပ်နေတာလဲဟင်” ဟာ..လုပ်ချလိုက်ပြန်ပြီ။ ငယ်ငယ်က တံခါးမခေါက်ဘဲဝင်လာ ပြန်သည်။ ကျွန်မ ဒီည ကိုသူနဲ့ခိုးရာလိုက်ဖို့ အဝတ်အစားတွေဆင်နေတုန်းမှာ ငယ်ငယ်က။
“အော်..ဗီရိုရှင်းနေတာပါ ငါ့ဗီရိုရှုပ်နေလို့ အိမ်စာတွေပြီးပြီလား သွားလုပ်ချေလေ သွား” ကျွန်မနှင် လွှတ်တော့ ငယ်ငယ်ကလှည့်ကြည့် လှည့်ကြည့်နဲ့ထွက်သွားသည်။ ဟုတ်တော့လည်း ဟုတ်သည်။ တစ်ခါမှ အဝတ် ဗီရိုမရှင်းခဲ့ဖူးတဲ့ကျွန်မက။ကျွန်မခရီးဆောင်အိတ်ထဲ အဝတ်တွေထည့်အပြီး ခုတင်အောက်ဖွက်ထားလိုက်သည်။
“ သမီး”
“ အို့..မေမေ” ကျွန်မခုတင်ပေါ်ထိုင်ခါရှိသေး။မေမေရောက်ချလာသည်။လက်ထဲမှာလည်း အရာတစ်ခု နဲ့။
“ အို ..လပ်တော့ပ်လေးပါလား”
“ ဟုတ်တယ်သမီး အဲဒါ ဖေဖေကိုယ်တိုင် မနေ့ဝယ်လာတာ…”တံခါးဝမှဖေဖေက ပြောရင်းနဲ့ ကျွန်မဘေးကိုလျှောက်လာသည်။
“ ဟုတ်တယ် သမီးဖေဖေက သမီးကို စာမေးပွဲပြီးရင် ကွန်ပျူတာသင်တန်းဆက်တက်ခိုင်းမလို့” ကျွန်မအလိုလိုမျက်ရည်တွေဝေ့လာရသည်။ ဖေဖေနဲ့မေမေ့ကိုသနားသလိုဖြစ်လာရပြန်သည်။ဆုံးဖြတ်ချက်တွေလည်း ဝေဝါးဝါး။
ည ၁၀နာရီ။ ဖေဖေနဲ့မေမေ့အခန်းကတိတ်ဆိတ်သွားသည်။ ငယ်ငယ်လည်းအိပ်မောကျလျက်။ ဒါပေမဲ့ ကျွန်မတို့ချိန်းထားတာ ည ၁၁ခွဲမှ။ ကိုသူက သူ့အိမ်ကကားနဲ့လာခေါ်မှာတဲ့။ ယုယတို့အတွဲရော မွန်မွန့် တို့အတွဲပါ ပါမည်။ခရီးက ချောင်းသာ…။ ကျွန်မစိတ်တွေမွန်းကျပ်နေသလိုလို။စာကြည့်စားပွဲပေါ်က အသစ်စက်စက် လပ်တော့လေးက ကျွန်မကိုကြည့်နေသလိုလို။ လှောင်နေသလိုလို။ သိပ်ကျက်ရခက်တဲ့bio ဖတ်စာအုပ်က ကျွန်မ ကို တစ္ဆေခြောက်နေသလို။ မေမေတယုတယလျှော်ပေးတတ်တဲ့ ကချင်လွယ်အိတ်လေးက ကျွန်မကိုအသနားခံနေတာ လား။ စာအုပ်စင်ဒုတိယထပ်က ဖိုင်အပြာထဲက ဆုလက်မှတ်တွေက ကျွန်မကို ဟားတိုက်ရယ်မောနေကြသည်။
ည ၁၁ခွဲ။ ကျွန်မ အားလုံးကိုနှုတ်ဆက်ကာ အခန်းတံခါးပိတ်ပစ်လိုက်သည်။ အောက်ထပ်သို့ ခြေသဖွ ဖွနဲ့ဆင်းလာခဲ့သည်။ ခရီးဆောင်အိတ်ကတစ်ဖက်မို့ ကျွန်မအမြန်လည်းအဆင်းနိုင်။တစ်အိမ်လုံးတိတ်ဆိတ်နေသလို ပတ်ဝန်းကျင်တစ်ခုလုံးလည်းငြိမ်သက်နေကာ ကျွန်မကိုအားပေးနေသည်။
“ ဒေါက်” မီးဖွင့်သံနဲ့အတူ အလင်းရောင်က ဧည့်ခန်းတစ်ခုလုံးဖြာကျသွားသည။် စတီခုံးဘေး ရောက် နေသောကျွန်မခပ်ကြောင်ကြောင်ငေးနေမိသည်။ ဖေဖေနဲ့မေမေက စတီပေါ်မယ် ထိုင်လျှက်သား။
ကျွန်မစတီစားပွဲကိုကြည့်နေပေမဲ့အာရုံတွေကအဲဒီမှာမရှိ။ ကိုသူ့ဆီမှာလည်းမရှိ။ ဖေဖေ့ရဲ့စကားလုံး တွေ ကျလာမယ့်စကားလုံးတွေကိုသာ ငံ့လင့်နေမိသည်။ ဒါပေမဲ့ ၁၅မိနစ်ကျော်ကျော်ကြာအောင်ပင် ဖေဖေဘာစကား မှမပြောဘဲငြိမ်သက်နေခဲ့သည်။ မေမေလည်းထိုနည်းတူ။ကျွန်မဒီအခြေအနေကြီးကိုမကြိုက်။ အပြစ်တင်စရာရှိတင် ရိုက်စရာရှိရိုက်လိုက်စေချင်သည်။ အခုလို…။ ကျွန်မမှားမှန်းကျွန်မသိနေပေမဲ့ သည်လိုအသံတိတ်ပြစ်ဒဏ်ပေးနည်းကို လက်မခံလိုပါ။
“ သမီး ခင်မျိုးမြတ်…သမီးမှာ ဘာလိုအပ်ချက်တွေရှိနေလို့လဲသမီး…ဖေဖေတို့ကတတ်နိုင်သလောက် တော့ဖြည့်ဆည်းပေးခဲ့ပါတယ် သမီးမှာ ဖေဖေတို့ထက်သာတဲ့ ဖေဖေတို့ထက်ပိုဖြည့်ဆည်းပေးနိုင်တဲ့သူရှိနေတော့ သမီးက….” ဖေဖေ့စကားသံတွေက နောက်ပိုင်းမှာအက်ရှလာသည်။ အမြဲအသံကြည်ကြည်နဲ့စကားပြောလေ့ရှိတဲ့ ဖေဖေဟာအခု အက်ကွဲနေပါ့လား။ ဖေဖေ့မျက်နှာမော့ကြည့်မိတော့ နီမြန်းနေသည်။ ကျွန်မကိုမကြည့်ဘဲ စတီစားပွဲ ကိုသာစိုက်ကြည့်နေသည်။
“ သမီးကိုဖေဖေမတားပါဘူး…ဒါပေမဲ့ သမီးက ဖေဖေ့ရဲ့မျှော်လင့်ချက်ပါ…သမီးထွက်သွားမယ်ဆိုရင် ဖေဖေ့မျှော်လင့်ချက်ကိုပါတစ်ခါတည်းယူသွားတာပဲ ….ရပါတယ်လေ ဒါဟာ သမီးရဲ့လွတ်လပ်ခွင့်ပဲ သမီးလမ်း သမီးရွေးပါ ဖေဖေခွင့်လွှတ်နေမှာပါ” သွားပြီ…သွားပြီ…ကျွန်မမှားတာမှ အကြီးမားဆုံးအမှားပါ။ ကျွန်မပါးပေါ်မှ မျက်ရည်စကိုသုတ်ပစ်လိုက်သည်။ အပြစ်တင်မည်ထင်ထားသော်လည်း ရွှေးချယ်ခွင့်ပင်ပေးခဲ့ဖေဖေ့အပေါ်မှာ ကျွန်မဒီထက်မဆိုးသင့်။ မမိုက်သင့်တော့ပါ။
ခရီးဆောင်အိတ်ကိုဆွဲကာ ကျွန်မကိုယ့်အခန်းကိုတက်လာခဲ့သည်။လှေကားထစ်ကို အားမာန်ပြည့်တဲ့ ခြေလှမ်း အမှန်ကိုလျှောက်တော့မယ့်ခြေလှမ်းတွေနဲ့ခပ်လေးလေးဖိကာ နင်းတက်လာခဲ့သည်။
××××××××××××××××××××××××××××××××××××××××××××
“ မျိုး ထတော့လေ….၇နာရီထိုးနေပြီ မျိုးရဲ့ ထ…ထ သမီးလေးတောင်စာကျက်နေပြီ” ခပ်သြသြနဲ့ ချိုသာသည့်ယောက်ျားသံတစ်ခု ကျွန်မဘေးမှထွက်ပေါ်လာသည်။ မျက်လုံးဖွင့်ကြည့်မိတော့..ဝါညက်ညက်အသားနဲ့ ထူထဲတဲ့မျက်ခုံးတန်းတွေ..ခပ်မှိုင်းမှိုင်းနှုတ်ခမ်းနဲ့ ပါဝါမျက်မှန်တစ်စုံအောက်က နူးညံဖေးမတဲ့မျက်ဝန်းတွေနဲ့သူ။ ကျွန်မဘေးးမှာကပ်ထိုင်လျှက်နှိုးနေတာ…. “အကို” လို့ခေါ်လေ့ရှိတဲ့ ကျွန်မရဲ့ ခင်ပွန်း ကိုသီဟကျော်။
ဒါဆိုခုနက အိပ်မက်….ငယ်ဘဝတွေကိုအိပ်မက်အဖြစ်နဲ့မက်နေတာပေါ့နော်။ ကျေးဇူးပါဖေဖေ..နဲ့မေမေ ။ ဖေဖေနဲ့မေမေရွေးပေးတဲ့ ခင်းပေးတဲ့လမ်းကို သမီးလျှောက်ခဲ့လို့သမီးဘဝအေးချမ်းခဲ့ တာပါ။ အဲဒီ့နှစ်က ၁၀တန်းတစ်နှစ်အောက်ကာ နောက်နှစ်မှာ ဖေဖေရဲ့လမ်းစဉ် မေမေ့ရဲ့ကြီးကြပ်မှုနဲ့ ဂုဏ်ထူး ၃ခု ယူနိုင်ခဲ့လို့။ ကွန်ပျူတာတက္ကသိုလ်မှာ အမှတ်ကောင်းလို့မျက်နှာပွင့်ခဲ့ရတာ။ အဖြစ်အပျက်တွေအားလုံးခဝါချကာ စာပဲဖိကြိုးစားခဲ့လို့ rollကောင်းခဲ့တာ။ မေမေ့ရဲ့စည်းမျည်းထဲမှာ ရိုးရိုးလေးနဲ့ခေတ်မှီအောင်နေခဲ့လို့ ဆရာ ဆရာမ တွေရဲ့မျက်စိမှာ သဘောကျနေခဲ့တာ။ နောက်ပြီး မာစတာတန်းထိပညာသင်ပေးခဲ့တာ။ တက္ကသိုလ်ဆရာမဘဝထိ ဖေဖေ့ရဲ့အရိပ်ကအေးမြပေးခဲ့တာ။သမီးလိုချင်ခဲ့တဲ့ အရာတွေထက် ဖေဖေပေးတဲ့ မေမေပေးတဲ့အရာတွေက ပိုတန်ဖိုး ကြီးခဲ့တာပါ။
နောက်ဆုံးကတော့ ကျွန်မအပေါ် စစ်မှန်တဲ့မြတ်နိုးမှု အေးမြတဲ့အရိပ်ပေးနိုင်မယ့် အစ်ကိုတစ်ယောက် လိုခင်ပွန်းကိုပါလက်ဆောင်အဖြစ်ပေးနိုင်ခဲ့တဲ့ ဖေဖေနဲ့မေမေကို ကျွန်မဘယ်လိုကျေးဇူးဆပ်မှကုန်ပါ့မလဲ။ ဒါပေမဲ့ ကျေးဇူးဆပ်ဖို့အတွက်လည်းသမီးမှာ အခွင့်အရေးမရှိတော့ဘူး။ သမီးသိပ်ချစ်ရတဲ့ အနန္တကျေးဇူးရှင်နှစ်ဦးဟာ အခုဆို ဘဝတစ်ပါးမှာပျော်နေလောက်ပါပြီ။ အမေမတူတဲ့ လိမ္မာတဲ့ ဖေဖေ့မြေလေး သမီးရဲ့ သမီးလေးတောင် တက္ကသိုလ် ကျောင်းသူကြီးဖြစ်နေပြီကိုး။
“ အမိုးလည်းလုံ…ကြင်ယာလည်းစုံပြီ အမေဘယ်ဆီရောက်နေလိမ့်” ဆိုတဲ့ကဗျာလေးလို ဖေဖေနဲ့ မေမေ့သမီးအမိုက်ကလေးက အားလုံးပြည့်စုံသာယာတဲ့မိသားစုဘဝလေးရရှိနေပါပြီ။ဖေဖေပြောခဲ့ဖူးတဲ့ “ သားသမီးက မိဘထက်တော်ရမယ်”ဆိုသလို ဝန်ထမ်းကောင်းကြီးဖေဖေ့သမီး အထက်တန်းပြဆရာမမေမေ့သမီး က ကွန်ပျူတာတက္ကသိုလ်ဆရာမဖြစ်ခဲ့ သလို။ အင်ဂျင်နီယာ ဖေဖေ့နဲ့မေမေ့ရဲ့အလိမ္မာသား အကိုနဲ့ ဖေဖေ့သမီးက ဆေးကျောင်းသူ မြေးလေးကိုပြုစုနိုင်ခဲ့ပါပြီ။ သမီးတစ်ခါကလိုချင်ခဲ့တဲ့အရာတွေထက် ပညာဟာ ပိုတန်ဖိုးကြီးမှန်း သမီးသိခဲ့ပါပြီ။
“ရေ”ဆိုတဲ့ မိဘဟာ ပညာဂုဏ်သိက္ခာမြင့်မားခဲ့လို “ ကြာ”ပန်းဖြစ်ရတဲ့သားသမီးဟာ ပညာ ဂုဏ်နဲ့ ငွေကြေးအရာမှာပါတင့်ခဲ့ပါပြီ ဖေဖေနဲ့မေမေ…။
“ မျိုးရေ…ထတော့လေ.. မဆိုးနေနဲ့တော့ ထထ ကိုအလုပ်နောက်ကျတော့မယ် မနက်စာစား၇အောင်” ရေချိုးခန်းထဲမှ အဝတ်အစားပြင်ဆင်လဲလှယ်ပြီး ရုံးသွားရန်အဆင့်သင့်ဖြစ်နေတဲ့ အကို့အသံကြောင့်ကျွန်မ လူးလဲထ မိသည်။
ဖေဖေနဲ့မေမေကို စိတ်ထဲမှ ဦးသုံးကြိမ်ချကာ အပြေးအလွှားလေးပြောမိလိုက်တာက
“ ရေ မြင့်၍ ကြာတင့်ခဲ့ပါပြီ ဖေဖေနဲ့ မေမေရယ်”
(MAYVIOLET)
Comment #3
ကောင်းတယ် အမ ကွန်နက်ရှင်ကြောင့်ကော်ပီပြီးမှ ဖတ်ဖြစ်တာလေ .. အမကစာရေးတာ တော်တော်ဆွဲခေါ်သွားနိုင်တယ် .. ကြိုက်တယ်
Comment #1
ကော်ပီသွားတယ် အမ .. အမရဲ့ အသစ်အသစ်သောအားလုံးကို အားပေးနေပါတယ်