ကျွန်တော်…သူမ… ပီကေတစ်တောင့်.…ချိန်ခွင်များနှင့် စကားပြောခြင်း – နိုးဆက် နေ့
(၁)
မနေ့ကတိုက်ခဲ့သော လေပြည်ထဲတွင် သူမအငွေ့အသက်များပါသွားခဲ့သည်ဟူ သော မိတ်ဆွေတစ်ယောက်၏စကားကို ကျွန်တော် အမှန်တကယ်ယုံနေခြင်းဖြစ်ပါသည်..။
(က)
ပန်းကလေးတွေ သေနေကြပါသည်.။ ပန်းဆိုသောစကားနှင့် သေဆိုသောစကားကို ရှေ့ကဖြစ်စေ နောက်ကဖြစ်စေဆက်ကြည့်လိုက်သောအခါ အဆင်မပြေသည်ကိုတွေ့ရ၏.။ ထို့ကြောင့် ဆက်စပ်ရန်မကြိုးစားတော့ပါ.။ ပန်းကလေးတွေ သေနေကြပါသည်..။
ပန်းကလေးတွေသေနေကြပါသည်..။ တစ်စုံတစ်ယောက်၏ တက်နင်းခြေမွခြင်းကို ခံစားခဲ့ရသည်လား မနေ့ကရွာခဲ့သော ဆောင်းတွင်းမိုးကြောင့်လား… ကျွန်တော်မသိပါ.။ မနေ့ညက ကျွန်တော့ကိုလာနှုတ်ဆက်သော လူတစ်ယောက်ကို ကျွန်တော်မသိပါ.။ မသိပါဆိုသော ပန်းချီကားကို သူမကိုဆွဲခိုင်းမည်ဟု စဉ်းစားမိသေးသော်လည်း သူမ ဘယ်မှာလဲကျွန်တော်မသိပါ..။
ကျွန်တော်ဘာမှမသိပါ..။
(ခ)
ကျွန်တော် မယုံတတ်ပါ..။ ရေဒီယိုမှ ချစ်စရာကောင်းလှသော (ချစ်စရာကောင်းအောင်လုပ်ထားသော) နှုတ်ဆက်သံတို့ကို မယုံကြည်ပါ..။ ဗေဒင်ဆရာကိုသော်လည်းကောင်း….အိမ်မြောင်တစ်ကောင်ကိုသော်လည်းကောင်း ကျွန်တော်ယုံတတ်သူမဟုတ်ပါ.။ ပန်းချီကားများကိုသာ တရေးတယူလုပ်တတ်သော မိန်းမတစ်ယောက်၏ ချစ်ခြင်းအပေါ်ထားသော နားလည်မှုကို ကျွန်တော်မယုံကြည်ပါ.။ ဆယ်တန်းစာမေးပွဲကို ထူးထူးချွန်ချွန် အောင်မြင်ခဲ့ခြင်းမရှိသော..ထီးမပါတိုင်းမိုးမိတတ်သော…. တနင်္ဂနွေမလေးကို မြတ်နိုးလေးစားမိ၍ အ၀ါရောင်ကြိုးများနှင့် ရှုပ်ထွေးစွာတုပ်နှောင်ခံထားရသော ကျွန်တော့ကိုကျွန်တော် မယုံပါ..။ သို့သော်…
…မနေ့ကတိုက်ခဲ့သော လေပြည်ထဲတွင် သူမအငွေ့အသက်များပါသွားခဲ့သည်ဟူ သော မိတ်ဆွေတစ်ယောက်၏စကားကို တော့ ကျွန်တော် အမှန်တကယ်ယုံနေခြင်းဖြစ်ပါသည်..။
(၂)
ကောင်းကင်ကိုမော့ကြည့်သောအခါ အပြာရောင်အပြားလိုက်ကြီးကိုတွေ့ရ၏.။ ပင်လယ်ကိုဘယ်လိုမြင်လဲဟု ကျွန်တော်မေးသောအခါ..အလျားလိုက်ကြီးမြင်တယ်ဟု ပေကပ်ကပ်ဖြေသွားသော သူမကလေးကို လှိုက်လှဲစွာသတိရမိ၏.။ အတိတ်ဆိုသည်မှာ ကျွန်တော့အတွက် ဒိုင်ယာရီစာရွက်တွေထက်တွင် နက်သည်ထက်နက်အောင် ရေးမှတ်ထားခဲ့သော ခက်ဝင့်တာရာ ဟူသည့် စာလေးလုံးသာဖြစ်ပါလိမ့်မည်..။ အနာဂါတ်ကို မယုံကြည်သော ကျွန်တော့ကို သင်ကြိုက်သလို ပြစ်တင် ဝေဖန် နိုင်ပါသည်…။
(က)
ကျွန်တော် ယုံပါသည်.။။ ပလေတိုကို လည်းကောင်း..၊ ဗာလင်တိုင်းနေ့ကိုသော်လည်းကောင်း…၊ မန်ယူကို ညစ်ပေးတတ်သော ဒိုင်သူကြီးများကိုသော်လည်းကောင်း ၊ ကြိုးပြတ်သွားသော လေတံခွန်ကလေးများကိုလည်းကောင်း ကျွန်တော်ယုံပါသည်..။ အမိုက်မဲဆုံးယုံကြည်မှုအဖြစ် လေထဲတွင် သူမအငွေအသက်များပါသွားတယ်ဟူသော မိတ်ဆွေတစ်ယောက်စကားကိုပင် ကျွန်တော်ယုံပစ်ခဲ့ပြီး ကျွန်တော်လေ ထဲသို့ထွက်လာခဲ့ခြင်းဖြစ်ပါသည်..။ ဇော်ဂျီမြစ်ကမ်းဆီသို့ ကျွန်တော်ရောက်လာခဲ့သည်..။ မှန်ရာကိုပြောရလျင် အင်းလျားသည် လှပပါ၏.။ ထီးနိမ့်နိမ့်များအောက်မှ ပူးကပ်လွန်းသောခန္ဓာကိုယ်များသည်မလှပါ..။ ညနေခင်းကလှပသော်လည်း ညနေခင်းကို ခိုးယူရန်ကြံစည်နေသော ကျွန်တော်က အကျည်းတန်လှ၏..။ လောကသည် ချိန်ခွင်တစ်ခုဖြစ်ပါသည်.။ လျာက ဘယ်ကိုမှစောင်းမသွားသေးပါ..။
မှန်ရာကိုဝန်ခံရလျင် ကျွန်တော် ကြံစည်နေမိသည်မှာ ညနေခင်းကို ခိုးယူသွားရန်ဖြစ်ပါသည်.။
(၃)
ထိုညနေခင်းကို ပန်းအိုးလေးထဲထည့်စိုက်ပါမည်.။ ဆည်းဆာရောင်သန်းသော အလွမ်းရိပ်သည် အဆိပ်ကင်းမဲ့သောပန်းအဖြစ် ပွင့်ပါလိမ့်မည်..။ ကျွန်တော် သူမကိုလွမ်းပါသည်..။ နှလုံးသားမှာ သက်ဝင် သော အလွမ်းသည် နာဖျားသွားသောအခါ ရယ်မောသံတချို့ကို ဆာလောင်လာ၏.။ ပန်းအိုးကလေးတွင် သတိရခြင်းများပြည့်ပါပြီ..။ ကျေးဇူးပြုပြီး သူမအိမ်ရှေ့က သုံးထစ်မြောက်လှေခါးထစ်ကလေးမှာ ပန်းအိုးလေးကိုချထားခဲ့ပါ..။ သူမနိုးထသောအခါ ပန်းအိုးကလေးကိုတွေ့လျင် ပြုံးချင်ပြုံးသွားနိုင်ပါသည်..။ ထိုအပြုံးသည်ပင် ကျွန်တော့ရင်ကို ဂီတတွေကကြိုးရှုပ်စေသော စောင်းကြိုးခတ်သံဖြစ်နိုင်ပါသည်..။ လူငယ်တစ်ယောက်ကို ကဗျာဆရာဖြစ်သွားစေလောက်သော ပန်းသီးပင်အားစိုက်ပျိုးသူ ဖြစ်နိုင်ပါသည်…။ ထိုအပြုံးသည် ၁၈ နှစ်တာကျွန်တော့ဘ၀၏ ရှင်သန်လွန်မြောက်ခြင်းတစ်ခဏ ဖြစ်နိုင်ပါသည်..။ ထိုအပြုံးသည်….ယခုကျွန်တော် ခိုးယူချင်နေသော ညနေခင်းလည်းဖြစ်နိုင်ပါသည်…။
(၁)
သူမဆီမှ ခိုးယူခဲ့သော အပြုံးကလေးကို ကျွန်တော်မှတ်မိနေပါသေးသည်..။ ထိုနေ့ညနေက ချမ်းလှသော ဒီဇင်ဘာ၏ ညနေခင်းအချိန်တွင် ကျွန်တော်နှင့်သူမ မြို့ကလေး၏ ဘောလုံးကွင်းထဲတွင် ရှိခဲ့ကြပါသည်..။ သူမက ကျွန်တော့ပုံတူဆွဲပေးမည်ဆိုသောကြောင့် ကျွန်တော်တို့ရောက်နေခဲ့ကြခြင်းဖြစ်ပါသည်.။ သူမဆွဲသောပုံကို ကြည့်ပြီး ကျွန်တော်ဘုရားတ မိ၏.။ (ပြောပြလျင် ကြွားလုံးသက်သက်ဟု ထင်စရာရှိသော်လည်း) ကျွန်တော်ပြောပါမည်.။ သူမ၏ ပန်းချီလက်ရာက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကောင်းလှ၏.။ မိနစ်အတော်ကြာအောင် စကားမပြာနိုင်ဘဲ ငြိမ်သက်စွာကြည့်နေမိပါသည်.။ (သူမ၏ ပန်းချီတစ်ခုတည်းမှာသာ နှစ်မြုပ်ထားတတ်သော ဘ၀ကို မနာလိုနေသည့်တိုင်) ကျွန်တော် လှလိုက်တာ ဟုချီးကျူးမိလိုက်၏။ (ကျွန်တော့ပုံကို လှလိုက်တာဟုပြောခြင်းမဟုတ်ပါ။ ပန်းချီကားတစ်ချပ်အနေနှင့် ချီးကျူးလိုက်ခြင်းသာဖြစ်ပါကြောင်း) ဖြစ်ချင်တော့ ကျွန်တော်စကားမပြောမီ သူမကိုစိုက်ကြည့်လိုက်ခြင်းဖြစ်သည်။. သူမပြန်အကြည့်နှင့် အဆုံတွင် ကျွန်တော်က လှလိုက်တာ ဟုပြောလျက်သားဖြစ်၏။ သူမ ကျွန်တော့ကို မျက်စောင်းထိုးပါသည်.။ ကျွန်တော့ရင်ထဲမှ ကြိုးကလေးတစ်ချောင်း တင်းသွားသံကို ကြာရ၏..။ သူမကတော့ ထုံးစံအတိုင်း ပီကေကိုသာ ဘောလုံးကလေးဖြစ်အောင်မှုတ်နေတော့သည်..။ ချစ်စရာကောင်းလွန်းလှ၏..။ ဖာဂူဆန်ပီကေ၀ါးသည်ကို မြင်ပြင်းကပ်လှသော ကျွန်တော်က ထိုကောင်မလေး ပီကေ၀ါးသည်ကိုပင် ချစ်နေမိ၏.။ ချိန်ခွင် လျာသည် သူမဘက်သို့သိသိသာသာကြီးစောင်းသွားပါသည်..။
ခက်ဝင့်… ငါနင့်ကို ကယ်ရီကေးချားဆွဲပေးမယ်… ဟုကျွန်တော်ပြောတော့ သူမ ကလေးတစ်ယောက်လို ထခုန်၏.။
တကယ်…အင်း ဆွဲပေး…. ဒါနဲ့ တက်ခေတ် နင်ဆွဲရောဆွဲတတ်လို့လား…
သူမက မယုံဟန်ဖြင့် မျက်မှောင်လေးကုတ်မေးတော့ ကျွန်တော်က အေးဆေးပါဆိုသည့်ပုံမျိုးဖြင့် မျက်လုံးတစ်ဖက် မှိတ်ပြလိုက်၏.။ ထို့နောက်တွင်တော့ အားလုံးထင်သည့်အတိုင်း ကျွန်တော့ရှေ့တွင် ထိုင်နေသာ သူမ၏ နတ်သမီးဆန်လှသောမျက်နှာကလေးကို ကျွန်တော် တ၀ကြီးငေးမိပါတော့သတည်း..။
အင့်ပြီးပြီ ..
ဟုဆိုကာ သူမဆီသို့ စာရွက်ကလေးကို ထိုးပေးလိုက်တော့ အို ဟူရေရွတ်လျက် သူမပြုံးသွား၏။ ထို့နောက် နည်းနည်းထပ်ပြုံး၏.။ ထို့နောက်သိသိသာသာပြုံး၏.။ နောက်ဆုံးမှာ တခစ်ခစ်နှင့် ရယ်ပါတော့သည်..။
အဖြူရောင်စာရွက်ပေါ်မှာ အင်္ဂလိပ်လို 3 ဂဏန်းတစ်လုံး ထိုရှေ့တွင် ကြီးမားသော အ၀ိုင်းတစ်ခုနှင့် ကျွန်တော့ပန်းချီကားကို သူမကြိုက်သည်ဟု ပြောပါသည်..။ ကျွန်တော့ခြေစုံသည် လောကကြီးမှခွာ၍ လေပေါ်ပျံတက်သွားပြီဟု ကျွန်တော်ခံစားလိုက်ရ၏..။ ထိုနေ့က ပီကေ၀ါးသော ကောင်မလေးပြုံးလိုက်သော အပြုံးကို ကျွန်တော် တိတ်တိတ်ကလေး နှလုံးသားထဲတွင် ခိုးယူသိုဝှက်နိုင်ခဲ့ပါသည်…။
(၁)
ကျွန်တော် လွမ်းပါသည်..။ အရပ်ဒေသတစ်ခုဆီသို့ တိတိကျကျထွက်ခွာသွားသောကောင်မလေးကို လွမ်းပါသည်.။ ကျွန်တော့ရင်ခွင်ပေါ်တွင် သူမပစ်ချစိုက်ပျိုးသွားခဲ့သော ကိုယ်သင်းရနံ့များကို လွမ်းပါသည်.။ သူမကြိုက်သည်ဟုဆိုသော ဆရာထူးအိမ်သင်၏ မနှင်းဖြူကိုလွမ်းပါသည်..။ သူမကို မက်ခွင့်ရရန် တားမြစ်ထားခဲ့သော အိပ်မက်များကို လွမ်းပါသည်.။။
အခုဆို သူမသည် သစ်ပုတ်ပင်ကြီး၏ ထိပ်အမြင့်ဆုံးသစ်ကိုင်းတစ်ခုခုပေါ်မှာ…..သို့မဟုတ် သံလွင်မြစ်ကြီး၏ ရင်ငွေ့တစ်နေရာမှာ….သို့မဟုတ် ခါကာဘိုရာဇီတောင်တန်းကြီး၏ ခြေတော်ရင်းမှာ ရှိနေလိမ့်မည်ဟု ကျွန်တော်ယုံကြည်နေမိ၏.။ ကောင်းကင်ကိုမော့ကြည့်သောအခါ ငှက်တစ်အုပ်ကိုတွေ့ရ၏.။ ရခဲလှသော လူ့ဘ၀ကို ရရှိထားသည့်တိုင် ကျွန်တော်သည် ငှက်ကလေးတစ်ကောင်ကိုကြည့်၍ အားကျနေမိကြောင်း ၀န်ခံရမည်ထင်ပါသည်.။ ထိုငှက်ကလေးများသည် သူမ ရှိသောအရပ်ဒေသတစ်ခုမှသော်လည်းကောင်း သူမ ရှိသော အရပ်ဒေသတစ်ခုဆီသို့လည်းကောင်း ပျံသန်းနေကြသည် မဟုတ်ပါလား…။
ကျွန်တော် ငှက်တစ်ကောင်အဖြစ် နှင့် သီချင်းကလေးတစ်ပုဒ်ကို ကိုက်ချီကာ သူမဆီသို့ ပျံသန်းသွားပါမည်…။ အခု ကျွန်တော် သံလွင်ခက်ကလေးကိုက်ကာ သူမကို လိုက်လံရှာဖွေနေပါသည်…။ ရှာဖွေတွေ့လျင် ကျွန်တော်သူမကို ကျေးဇူးတင်ပါသည် ဟုပြောမည်..။ သူမကို လေးစားစွာဦးညွှတ်လိုက်မည်..။ ပြီးလျင် ..ကျွန်တော် အ၀ါရောင်ကောင်မလေးကို ချစ်နေမိပြီဆိုသည့်အကြောင်းကို ပြောပြမည်.။ သူမက ကျွန်တော့ကိုနားအလည်နိုင်ဆုံး အပြုံးနှင့် ကလေးလေးတစ်ယောက်လို ကျွန်တော့အတွက်ဝမ်းသာနေပါလိမ့်ဦးမည်..။ သူမ ၀ါးနေကျပီကေတစ်တောင့်ကို အ၀ါရောင် တနင်္ဂနွေမလေးအတွက် သူမ လက်ဆောင်ပေးပါလိမ့်မည်.။ ထို့နောက် သူမနှင့် ကျွန်တော်တို့စကားဝိုင်းသည် အတိုင်းအဆမရှိတိတ်ဆိတ်သွားပါလိမ့်မည်..။ သူမ တက်ခေတ်ကို လွမ်းဆွတ်နေချိန်တွင် ကျွန်တော်ကလည်း တနင်္ဂနွေနတ်သမီးကို သတိတရရှိနေပါလိမ့်မည်..။ (တက်ခေတ်ဆိုသည်မှာ စာရွက်များပေါ်မှ ကျွန်တော့နာမည် သက်သက်သာဖြစ်ပါသည်..။)
(၂)
ခိုးယူသိုဝှက်ထားခဲ့သော အပြုံးကို ပါဆယ်ထုတ်ကလေးတစ်ခုထဲ ကျွန်တော်ထည့်လိုက်၏..။ ကျွန်တော့ကိုယ်ကျွန်တော်လက်ဆောင်ပြန်ပေးလိုက်ရင်း ကြည်လင်စွာ ပြုံးလိုက်မိ၏.။ ညနေခင်းကလေးတစ်ခုကို ထည့်သွင်းစိုက်ပျိုးထားသော ပန်းအိုးကလေးတစ်လုံးကတော့ သူမဆီသို့ ဆိုက်ရောက်သွားပြီဟုကျွန်တော်ထင်ပါသည်.။ ချယ်ရီပန်းကလေးတွေ ဝေနေအောင်ပွင့်ပြီကွဟု ကလောမှ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်ပြော၏.။ ဂျာကင်အိင်္ကျီကို ဇစ်တင်းတင်းဆွဲစေ့လိုက်သည်.။ ဆောင်းတွင်းရောက်ပြီကော…. သူမပြန်လာတော့မယ်ဟု ကျွန်တော်ပျော်ရွှင်စွာတွေးလိုက်မိ၏..။ အ၀ါရောင်နတ်သမီးဟု ကျွန်တော်နာမည်ပေးထားသော တနင်္ဂနွေဘာသာစကားနှင့် ကောင်မလေးတစ်ယောက်ကို ကျောင်းဖွင်ချိန်တွင် ကျွန်တော်ထပ်မြင်ခွင့်ရပါဦးမည်..။ ကျွန်တော်… ကျောင်းတော်ကြီးနှင့် ပန်းနုရောင်မာဖလာလေးတစ်ထည်သည် နတ်သမီး၏ ခြေလှမ်းတို့ကို စောင့်ဆိုင်းနေကြသော အကြိုတော်များဖြစ်ကြပါသည်..။
(၃)
ကျွန်တော့ဘယ်ဘက် ရင်အုံမှ နှလုံးသားကြောင့် ကျွန်တော်နှင့် လောကသည် Balance မဖြစ်ကြသေးပါ.။ ကျွန်တော်သည် လက်ဝဲဘက်သို့စောင်းနေသော ချိန်ခွင်တစ်လုံးသာ ဖြစ်ပါသည်..။
(၁)
မနေ့ကတိုက်ခဲ့သော လေပြည်ထဲတွင် သူမအငွေ့အသက်များပါသွားသည်ဟု သူငယ်ချင်းတစ်ယောက်က ရယ်မောရင်းပြော၏..။ ကျွန်တော့ရင်သည် နွေးခနဲဖြစ်သွား၏.။ သူမ ပြန်ရောက်လာပြီပေါ့…။ ကျွန်တော့ရင်တွင် အ၀ါရောင်ပန်းများ ပွင့်၏.။ သူမ…ကျောက်ဆည်ကို ပြန်ရောက်လာပြီပေါ့..။ ကဗျာတစ်ပုဒ်ကို ကျွန်တော်ရှာတွေ့လိုက်ပါသည်..။ လောကကြီး၏ ချိန်ခွင်သည် ကျွန်တော့နှလုံးသားဘက်တွင် သိသိသာသာ စောင်းသွား၏.။
တက်ခေတ်က ခက်ဝင့်တာရာကို ပွေ့ဖက်လိုက်၏.။ ရင်ခွင်နှစ်ခုနီးစပ်သွားချိန်တွင် ကျွန်တော်သည် ပီကေတောင့်ကလေး တစ်တောင့်ကို ဆုပ်ကိုင်လျက် အသက်မဲ့စွာ (ကြည်နူးလွန်းစွာ) ရပ်နေမိပါသည်..။။။။။
နိုးဆက် နေ့
Comment #1
ထိုညနေခင်းကို ပန်းအိုးလေးထဲထည့်စိုက်ပါမည်.။ ဆည်းဆာရောင်သန်းသော အလွမ်းရိပ်သည် အဆိပ်ကင်းမဲ့သောပန်းအဖြစ် ပွင့်ပါလိမ့်မည်..။
…အရေးအသားလေးက နူးညံ့တယ်နော်…. 😀
arr pae thwar pr tl shint