မပွင့်တဲ့ ဖဲ
မပွင့်တဲ့ ဖဲ
(တစ်)
ဝိုင်းနားဘေးက ကားတစ်စီးဖြတ်သွားသံရဲ့အဆုံးမှာ သူမက အေးစက်စက်ပြုံးရင်း သူ့ကို မေးသည်။
“မနက်ဖြန်မှာ ရှင်နဲ့ကျွန်မအတွက် ဘာတွေ ရှိမလဲ။”
ခဏတော့ သူစဉ်းစားပြီးမှ
“နင့်အတွက် ငွေကြေးအများအပြားနဲ့ ပျော်ရွှင်မှုတွေ ရှိမယ်။ ငါ့အတွက်တော့ နင်ရှိမယ်။”
ဒီ အဖြေကို သူမက သိပ်တော့ ကျေနပ်ပုံမရပါဘူး။ ခေါင်းကို ခပ်ဖြည်းဖြည်းခါပြီး ရှင်ကကော ဆိုတဲ့အကြည့်နဲ့ ကဗျာဆရာကို ကြည့်လိုက်၏။
ကဗျာဆရာကတော့ တမင်သက်သက်ကို အလိုက်မသိပါဘူး။ နှုတ်ဆိတ်နေ၏။
ခဏနေတော့ သူမက မခိုးမခန့်ရယ်ပြီး
“ရှင်ကကော မနက်ဖြန်မှာ ရှင်နဲ့ကျွန်မအတွက် ဘာတွေရှိမလဲ။”
ကဗျာဆရာက ချက်ချင်းပဲ ဖြေ၏။
“ငါ့မှာတော့ ကဗျာတွေရှိပြီး၊ မင်းကတော့ မသေသေးရင် မင်းရှိမယ်။”
(နှစ်)
ပတ်ဝန်းကျင်ဟာ ပကတိ တိတ်ဆိတ်သွားပါပြီ။ မပြည့်စုံခဲ့တဲ့ စာမေးပွဲမှာ သူက ၀မ်းသာရွှင်ပျပြီး၊ ကဗျာဆရာက ခေါင်းခါ၏။
အကြမ်းပန်းကန်လေး အချို့က မထိခလုတ် ထိခလုတ် ပြုံးသည်။ သူက ရယ်မောသည်။ သူမက ပြုံးသယောင် မဲ့သယောင် ပြု၏။ ကဗျာဆရာကတော့ အကြမ်းပန်ကန်လေးကို ငေးနေလေ၏။
(သုံး)
ဒီနေ့ဟာ အတိတ်ဖြစ်ခဲ့ပြီး မနက်ဖြန်ဟာ ပစ္စုပ္ပန် ဖြစ်လာခဲ့ပြီ။ အေးစက်စက်အပြုံးဟာ လေအေးပေးစက်တွေရဲ့ အောက်မှာ ရပ်တန့်သွားခဲ့ပြီး၊ ရွှင်ပျမှုဟာ အပြုံးနှင့်အတူ ပါသွားခဲ့ပါပြီ။ တစ်ချိန်တည်းမှာပင် …
ဈာပနပွဲတစ်ခုအတွက် ကဗျာသမားတွေ စုစုရုံးရုံးဖြစ်နေ၏။ နောက်တစ်ပတ်ရဲ့ ဒီလိုနေ့မှာ သူ့ရဲ့ ကဗျာအချို့ကို သူတို့ ရွတ်ကြပေလိမ့်မည်။
(လေး)
ဒီနေ့ရဲ့ သတင်းစာမှာ လမ်းနားဘေး ပလက်ဖောင်းအနီး လက်ဖက်ရည်ဝိုင်းက လူသုံးယောက်ကို ဟိုင်းဝေးကားတစ်စီး ဘရိတ်ပေါက်၍ ၀င်တိုက်မိသွားကြောင်း၊ ထိုသုံးယောက်လုံး နေရာတွင်ပင် အသက်ဆုံးရှုံးသွားကြောင်း သတင်းပါလာသည်။
(ငါး)
ဤဖြစ်ရပ် လွန်ပြီးနောက် အနှစ်(၂၀)ခန့် အကြာတွင် ထိုနေရာ၌ ကောင်မလေးတစ်ယောက်နှင့် ကောင်လေးနှစ်ယောက်တို့ ကစားနေကြလေသည်။ ယခုအချိန်မှာတော့ ထိုနေရာသည် ပန်းခြံလေးတစ်ခု ဖြစ်ခဲ့လေပြီ။
ကြယ်စစ်သည် (၁၉ သြဂုတ် ၂၀၁၂)
Comment #1
တခုခုရေးခဲ့ပါသည်။