မဆုံးသေးတဲ့ … နိဂုံး (သက်ထွေး)
နိဒါန်း
“တစ်ချို့ကဒဏ္ဍာရီလို့ပြောကြတယ်
တစ်ချို့ကကြတော့ပုံပြင်တဲ့
မြစ်တစ်စင်းတော့ဟုတ်တယ်
ဒါပေမယ့် ……..
ရေ …. မစီးဘူး”
အခန်း (၁)
ဝိုးတဝါး အသံပေမယ့် နားထဲရောက်မှ စူးလာသလိုပဲ။ ခေါ်သံလာရာ ပြေးလိုက်မိတယ် ။ အသံတင်မဟုတ်ဘူး ရနံ့တွေကြားထဲမှာပါလူးလွန့် ။
“ဒါသူပဲဖြစ်မယ် …. ဒါသူပဲဖြစ်မယ် “
တစ်ကိုယ်တည်းရေရွတ်သံ မတိုးမကျယ်ခြေလှမ်းကနေ ပြေးလွားနေတဲ့ပုံရိပ်တွေရုတ်ချည်း ပြောင်းလဲ မဖွင့်အပ်တဲ့ တံခါးတစ်ချပ်လို့ပဲပြောမလား ဆွဲဖွင့်လိုက်တယ်
” ကျွီ …..
………………..
…………..
……. “
ပတ်တာရဲ့သံစဉ် အောက်မှာ မိန်းမောသွားတာ မဟုတ်ဘူး။ သံစဉ်ရိုက်ပြီး လှိုင်းပိုးကြားထဲမှာ လဲ နစ်မျောသွားတာလဲ မဟုတ်ဘူး ….. ဒါဆိုဘာလဲ … ဒါဆိုဘာလဲ ။
” ဘုန်း ….
………………….
……………
………… “
တံခါးပြန်မပိတ်ခင်မှာပဲ သူလဲကျ သွားခဲ့တယ်။ ဒါပေမယ့် ထိုးနေတဲ့ လက်ညှိုးတွေက မရပ်သေးဘူး ။ ပြီးတော့ပါးစပ်ကလဲ တဖွဖွ …
” တိမ်တွေ
ငါ့လမင်းကို ဖမ်းစားသွား ကြပြန်ပြီ
ကြယ်တွေလဲ
ဒီအတိုင်း ကြည့်နေတယ် ….
ဒီအတိုင်းပဲ ကြည့်နေကြတယ် …
တယ် ……… တယ် …………….
သူတို့ ……… သူ……..တို့ …………..
………………………………………… “
ဒီလိုနဲ့ သူ့ဘဝ ဇာတ်သိမ်းသွားခဲ့တယ်ပဲပြောမလား ။ အဲဒီနေ့က ကြယ်တွေ မျက်ရည်မကျခဲ့ ကြဘူး ။ ဒါပေမယ့် ဘယ်သူမှ မသိသွားခဲ့တဲ့ ပုံပြင်လေးတစ်ပုဒ် ရှိခဲ့တယ် ………
အခန်း (၂)
“နေ့ဘက်မှာရှိတဲ့ကောင်းကင်အဖို့
ညဘက်မှထွက်တဲ့ ကြယ်တွေက
အထူးအဆန်း
ဖြစ်စေတယ် ……”
ကြိုးစားပြီးထကြည့်တယ် ။ ဘေးဘီလှည့်ကြည့်တယ် …. ။ မိုက်ခနဲဖြစ်သွားလို့ အရှိန်ပြန်ယူပြီး ဘေးနေရာကို လှည့်ကြည့်တယ် ။ တစ်ဖြည်းဖြည်းနဲ့ ဘာဖြစ်ခဲ့သလဲ ပြန်တွေးကြည့်တယ်။ အားလုံးဟာ ဝိုးတဝါးပဲ ။ရုတ်တရက် ………. ဪ.. သူ ….. သူ …. ။ ဘေးဘီကို အတင်းလိုက်ရှာကြည့်တယ် ။ ရနံ့သင်းတွေမရှိတော့ဘူး … မတိုးမကျယ် ကတီပါခြေလှမ်းတွေရော ။ ကမ္ဘာကြီး ပြန်တိတ်သွားပြန်တယ် …. ကျွန်တော်ရဲ့ ပင့်သက်ရှုသံတွေကလွဲလို့ ။
အတွေးသစ်တစ်ခု … တည်ဆောက်လိုက်… ယိုင်လဲသွားလိုက်နဲ့ အလုပ်တွေ ရှုပ်နေတယ်နဲ့တူတယ်။ ဘာမှ အထွန့်တက်မနေတော့ဘူး သူခေါ်ရာနောက်ပဲ အလိုက်သင့် တွယ်စီးသွားလိုက်တယ်။ မသဲကွဲတဲ့မှတ်တိုင်တွေ တစ်တိုင်ပြီး တစ်တိုင်ဖြတ်ကျော်သွားတယ် ။ လိုက်ပြီးမကြည့်နေတော့ဘူး ။ ထိုက်တန်တဲ့ မှတ်တိုင်ရောက်ရင် ဖုတ်သွင်း ရထား ဆိုက်လိမ့်မယ်။
ဟိုးနေ့ကလဲ အိပ်မက်တစ်ခုမက်တယ် …
“ပန်းအိုးတစ်လုံးတင်ထားတယ်
ဘာပန်းမှ …… မစိုက်ထိုးထားဘူး
ကြောင်တစ်ကောင် တိုက်လို့
ပန်းအိုးလဲကျသွားတယ်
မကွဲကျသွားဘူး ..
ဒါပေမယ့်
အဲဒီကြောင် …. ရှသွားတယ်
သို့ပေမယ့်
စူးစူး ရှရှ ………..
အော်ဟစ် မညည်းတွားခဲ့ဘူး ……။ “
အခန်း (၃)
“လေထုထဲက
လေပါပဲ
ဒါပေမယ့်
ဖုန်လို့
သက်မှတ်ခံရတယ် ….”
နေ့တစ်ခုကို ကျော်လွန်ချိန်မှောင်ရီပျိုးစမှာပဲ သူထပ်လာပြန်တယ် ။ ပြေးလွှားလာရတာ မဟုတ်လို့ သူမောမဟိုက်နေပေမယ့် သူ့ကိုအပြေးအလွှားတွေ့လိုက်ရလို့လား မသိဘူး … ကျွန်တော် မောနေတယ်။ ထုံးစံအတိုင်း သူကျွန်တော့်ကို စိမ်းလန်းတဲ့တောတွေဆီ ခေါ်သွားတယ်။ နေဝင်ရီတရော ဆည်းဆာရဲ့ လွမ်းစရာ ကဗျာတွေကို သူဖတ်ပြမယ်အလုပ်မှာ ကျွန်တော် လက်လေးနဲ့ကာပြီး တားလိုက်တယ် ။ နောက်တော့ မရပ်မနားအလုပ်လုပ် နေတဲ့ စမ်းချောင်းလေးဆီ သူ့ကိုခေါ်သွားလိုက်တယ်။ ပြီးတော့ မျှော်လင့်ချက် ရေစီးကြောင်းတွေ သူ့ရှေ့မှာ တသွင်သွင် စီးပြလိုက်တယ်။ မထွက်သေးတဲ့ လမင်းကို ဒီတစ်ကြိမ် အတူတူ စောင့်နေမိကြပြန်တယ်။ ကျွန်တော်ကလည်း ကြယ်တွေရဲ့မာယာတွေနဲ့ ဆေးဆိုးပန်းရိုက် မျက်နှာတွေအကြောင်း သူ့ကို စီကာပတ်ကုံး ပြောနေမိတယ်။ အချင်းများတဲ့ စကားသံတွေနဲ့ အတူပဲ အိပ်တန်းတက်တဲ့ ငှက်တွေ အပြေးအလွှား ရောက်လာကြတယ်။ လှည့်မကြည့်သလို မအော်ခေါ်ကြည့်မိတော့ဘူး … ညို့မှိုင်းနေတဲ့အပြန် လမ်းမှာကဗျာတစ်ပိုဒ်ကိုပဲ အကြိမ်ကြိမ် ရွတ်လာမိတော့တယ်။
“သူကပြောတယ်
တူတူ ပုန်းတမ်းကစားနေတာ
မဟုတ်ဘူးတဲ့ ……
ဒါပေမယ့်လဲ ..
ငါ့မာန နဲ့ငါမို့
မတွေ့တွေ့အောင် ရှာမယ် …. “
အခန်း (၄)
“ညကလှတော့လှတယ်
ကြယ်မရှိတာလေးတစ်ခုပဲ”
ထုံးစံအတိုင်းပဲ ကျွန်တော် သူလာမှာကိုပဲ မျှော်နေမိတယ်။ ညက ပုံမှန်တွေထက် တိတ်ဆိတ်လိုက်တာ။ အချိန်မှန်မဟုတ်ပေမယ့် … သူရောက်လာပါတယ်။ အပြုံးတစ်ခုနဲ့ ကျွန်တော်ဦးစွာ ဆီးကြိုလိုက်ပေမယ့် မှန်မဟုတ်တဲ့ သူမဆီက ဘာမှရောင်ပြန်ဟပ်ပြီး ပြန်မရခဲ့ဘူး။ သူမမှာ ကျွန်တော့်ကို ပူလောင်သွားစေမယ့် အေးစက်စက်အပြုံးတွေနဲ့ စူးရှရှမျက်လုံးတွေရှိတယ်။ ဘာမှ မပြောပဲ သူကျွန်တော့်ဘေး ဝင်ထိုင်ပါတယ်။ နောက်တော့ သိသိသာသာ သက်ပြင်းတစ်ခု သူမ အကြာကြီး ဆွဲချခဲ့တယ်။
“ဟင်း…………………………………
………………………………………..
…………………………………..
…………………….
…………..
…….. “
အမှတ်မထင်ပဲ … အကြည့်ချင်းဆုံဖြစ်တယ်။
” အို ……”
ကျွန်တော်သိပ်ကြောက်ရပါသော အေးစက်စက်မျက်လုံးတွေနဲ့ … နောက် ကျွန်တော်မလိုလားတဲ့ မျက်လွှာထက်က မျက်ရည်စက်များ။ ဘာကြောင့်ပါလိမ့် …. သူမဘာကြောင့် မျက်ရည်တွေ ကျနေတာပါလိမ့်။ မျက်လွှာအောက်ကို ပြေးဆင်းဖို့ ကြိုးစားနေတဲ့ မျက်ရည်စက်တွေကို တားဖို့ ကျွန်တော့်လက်တို့ကို စေလွှတ်ခဲ့တယ်။ ဒီလက်တွေကပဲ … ချည့်နဲ့ခဲ့တာလား ၊ ကြွေနေခဲ့တဲ့ ပန်းတွေက ကျွန်တော့်ကြောင့်တဲ့။ ဒီလက်နှစ်ဖက်ကို သူမ ဆန့်တန်းခွင့် မပေးခဲ့ဘူး။ ပြောခဲ့ပါချစ်သူ …. ငါဘာလုပ်ခဲ့မိလို့လဲ။
“မင်းမျက်ရည်တို့သာ
ဖြစ်ခွင့်ပေးပါ
မင်းနား မဟုတ်တောင်
မင်းပါးထက်မှာတော့
ငါစံနန်းခွင့်ရှိတယ်
မဟုတ်လား”
အခန်း(၅)
“တိတ်ဆိတ်နေတဲ့
ရင်ခွင်ထဲမှ
ဗျောက်အိုးဖောက်ခံရတယ်”
ဒီအတောအတွင်း သူ ကျွန်တော့်ကို လာမတွေ့ပါဘူး။ ကျွန်တော်နဲ့တွေ့လည်း ခဏပဲ နောက်တွေးစရာတွေပဲ ချန်ချန်သွားခဲ့တယ်။ တွေးစရာတွေထဲမှာပဲနေတဲ့ ကျွန်တော်လည်း အထီးကျန်လာတယ်။ တစ်ယောက်တည်းမေးပြီး တစ်ယောက်တည်းဖြေခဲ့တဲ့ မေးခွန်းတွေရယ် ဟုတ်တယ် မဟုတ်ဘူး ဒိုင်ခံညိတ်ပေးတဲ့ ကျွန်တော့်ရဲ့ ဒီဦးခေါင်းရယ်က တစ်နေ့ကို သူမ အတွက် စဉ်းစားခြင်းပေါင်း (၁၅၀ဝ) ကို လုပ်ဆောင်ပေးတယ် ။ ထားပါလေ …. ဒီလိုနဲ့ ကျွန်တော်လဲ စိတ်ပြေလက်ပျောက် စမ်းချောင်းလေးနား ထွက်လာခဲ့တယ်။ တခါတလေ စကားမပြောတတ်တဲ့ ပန်းလေးတွေနဲ့ စကားပြောတာ ဟန်ဆောင်မှုတွေကြားထဲ ပြုံးနေရတာထက် စိတ်သက်သာတယ်။ ဘာမှ မဆိုင်တဲ့ လေတွေကို အားရပါးရရှုရင်း သူမကို မေ့နိုင်မလားလို့ ကြိုးစားကြည့်တယ်။ လေတွေတိုက်တိုင်း ဒီရင်ဘတ်ထဲက သူနဲ့အတူ ချိတ်ဆွဲခဲ့တဲ့ ဆည်းလည်းပဲ သွားသွား တိုက်မိနေသလားမသိ “ချလွင်…ချလွင်” နဲ့ကိုနေတော့တာပဲ။ ကြိုးစားပြီး လွမ်းစိတ်ကိုဖျောက်ရင်း စမ်းချောင်းလေး အနား အရောက်မှာတော့ အမှတ်မထင်ဘဲ ကျွန်တော့်အမြင်နဲ့ ကျွန်တော့်ရင်ထဲမှာ ……
” စိုးရိမ်မှုဆိုတာ
ငါလည်း ကြိုက်လွန်းလို့
ဝယ်ထားတာ
မဟုတ်ဘူး ……. ကောင်မလေးရယ် “
အခန်း(၆)
” ဒီလက်နှစ်ဖက်က
ချည်တုပ်ဖို့ပဲမဟုတ်ပါဘူး ….
ဖြည်ပေးဖို့လည်း …..ဟုတ်ပါတယ် …”
ဒီအပြုံးတွေ သူမဆီက မတွေ့ရတာ နှစ်ဝက် ကျော်ပြီထင်တယ်။ သူ ပြုံးရင် အရမ်းကြည့်လို့ ကောင်းတယ်။ တစ်ခါတစ်ခါ အိပ်မပျော်တဲ့ ညတွေဆို သူပြုံးခဲ့ဖူးတဲ့ အပြုံးလေးတွေ ပြန်တွေးပြီး ကိုယ့်ဘာသာ ချော့သိပ်လေ့ရှိတတ်တယ်။ ထားပါလေ။ ကျွန်တော် မျှော်မှန်းမထားတဲ့ နေရာမှာ သူမကို တွေ့လိုက်တော့ ကျွန်တော် သိပ်ပျော်သွားမိတယ်။ အဝေးကနေမို့ မသဲကွဲပေမယ့် ဒါသူဆိုတာတော့ ကျွန်တော့်ရင်ထဲက ဓာတ်ပုံတောင် ထုတ်ကြည့်နေစရာမလိုပါဘူး။ အတွေးတွေ ခဏထားပြီး သူမဆီကို မနှေးမမြန် ခြေလှမ်းတွေနဲ့ လျှောက်လာခဲ့တယ်။ ရင်ခုန်သံတွေကတော့ မြင်းဇောင်းထဲလွတ်လာတဲ့ မြင်းရိုင်းတစ်ကောင်လိုပါပဲ။ ဘာလို့ပါလိမ့် ဒီနေ့မှာ ရာသီဥတုလေးကလဲ သာယာလိုက်တာ အတွေးတွေ … အတွေးတွေ … ကြည်နူးမှုတွေ နောက်တော့ မခံစားရတာ ကြာပြီဖြစ်တဲ့ သာယာမှုတွေ ဘာလိုလိုနဲ့ပဲ … မုတ်သုန်လဲ အရှေ့ဆူးဆူးက ကြာဖူးလေး ဖြစ်ခဲ့ပြီလေ။
သူမ အနားကို ရောက်ခံနီးဆဲဆဲမှာ …
“အို …………………..
…………………….
……………..
………
….”
တစ်ပါးသူရင်ခွင်ထက်က ခပ်ဟဟ ရယ်သံများ။ နောက်တော့ အပြုံးတွေ .. အပြုံးတွေ ကျွန်တော်သိပ်မက်မောရပါတယ်ဆိုတဲ့ သူ့ဆီက ရှားပါးအပြုံးတွေ။ ကျွန်တော်နဲ့ နှစ်ဝက်လောက်ကြာအောင် ရှင်တွဲနေထိုင်စေခဲ့တဲ့ သူစိမ်းဆန်ဆန် အစိမ်းရောင်နေ့စွဲတွေက သူတစ်ပါးရင်ခွင်မှာကျ သာယာစေသော ပိုကောင်းတဲ့ မနက်ဖြန်တွေ။ ဒီနေရာလေးက ကျွန်တော်နဲ့ သူမတို့ရဲ့ အချစ်တွေ စတင်မွေးဖွားရာ ဇစ်မြစ်။ နောက်တော့ ကျွန်တော့်ချစ်ခြင်းတွေ ပထမဦးဆုံး စတွေ့ခဲ့တဲ့ သမိုင်းထဲက ဌာနေ။ သူမက ဒီနေရာလေးကို ခဏ ခဏ မရောက်တတ်ပေမယ့် ကျွန်တော်က ဒီနေရာလေးကို မွေးရပ်ဇာတိတစ်ခုလို ခေါင်းချနေထိုင်တတ်သူ။ အတူတူပျိုးခဲ့တဲ့ အပင်တွေ သူ ရေလာမလောင်းတတ်ပေမယ့် ကျွန်တော်က လောင်းရိပ်ထဲ ထည့်ကာ ကိုယ်တိုင် ကြီးပြင်းစေခဲ့သူ။ သူပေးတဲ့ မျက်ရည်တွေကို ဒီစမ်းချောင်းလေးထဲ ကျွန်တော် လာလာဖွက်နေကျ ။ မွန်းကျပ်မှုတွေကို မြေကြီးထဲ ဂူသွင်းနေကျ။ အခုတော့ ……. အခုတော့ …….
“လွမ်းလို့လာတာတော့
မဖြစ်လောက်ဘူး …
သူမမှာ
အဖော်နဲ့ ….”
အခန်း(၇)
” မိုးခါးရေတို့ကြောင့်
ပန်းတို့မှာ
အက်ကွဲကြောင်းတွေထခဲ့ရပြီ “
ကျွန်တော်လာခဲ့မိတာ သူမသိပါစေနဲ့ … တိတ်ဆိတ် ဆုတောင်းသံတွေ ရင်ထဲမှာ ဘောင်ဘင်ခတ်နေတယ်။ လာရာလမ်းအတိုင်းလှည့်ပြန်နေခဲ့တာ ဟုတ်ပေမယ့်လည်း သက်ပြင်းတွေက သာမန်ထက် ပိုရှည်နေသလိုပဲ။ မေးခွန်းတွေရှိပြီး ဖြေပေးမယ့်သူမရှိဘူး။ နှစ်သိမ့်နေတဲ့ စကားတွေရှိနေခဲ့တယ်။ ဒါပေမယ့် မကျေနပ်တတ်ခဲ့ဘူး။ ဒါတွေက ညာနေတာပဲ …ဒါတွေကညာနေတာပဲ။ ရင်ထဲကလက်မခံနိုင်တောတဲ့အဆုံး မျက်ရည်က သရုပ်စပြတော့တယ်။ ဒီမိုးတွေနဲ့ ဒီမျက်ရည်တွေက ဆုံဆည်းနေကြပါ။ ဒါပေမယ့် အရောင်တွေမပါခဲ့ဘူး။ ဒီတစ်ခါတော့ မိုးရေတို့ကပါ ကျွန်တော့်ကို အရောင်တွေဆိုးခဲ့ပြီ။ မျက်နှာတည့်တည့်ပေါ် မိုးရေစက်တွေ ကျနေတာသိခဲ့တယ်။ မျက်ရည်စက်တွေ ပြေးဆင်းနေတာလဲ သိခဲ့တယ်။ ပန်းတွေ အရောင်ပြောင်းနေတာလဲ သိခဲ့တယ်။ တစ်ဖြည်းဖြည်း အမြင်တွေ ကျဉ်းလာပြီးတဲ့ နောက် ကျွန်တော် မသိခဲ့တာ ဘာလဲ။ ကျွန်တော် ခဏလောက်တော့ အေးချမ်းသွားခဲ့တယ် ထင်တယ်။ ဒီလိုနဲ့ပဲ ….. ဒီလိုနဲ့ပဲ …..
“လေတွေရယ် …..
မိုးတွေရယ် ……
နောက်တော့
အက်ကွဲကြောင်းနဲ့
ပန်းလေးတွေရယ် …
နောက်ဘယ်တော့မှ
မဆုံဆည်းကြတော့ဘူး
ထင်တယ် …
ပန်းလေးကဆိုတယ်
အိုလေရယ် …အဝေးဆုံးကို
မတိုက်ခတ်ပါနဲ့ …
မိုးစက်တို့နဲ့
မဝေးချင်ဘူးတဲ့ ..
လေကတော့မျက်ရည်တွေနဲ့
ညည်းတွားရင်း ..စုပ်သပ်ရင်း
အို ..ပန်းငယ် …
ဒီမိုးခါးတို့ကြောင့်
မင်းမှာ
အက်ကွဲကြောင်းတွေထခဲ့ရပြီလေ
ဘယ်လိုကြောင့်ပဲစိုစွတ်ပါစေ
သူလန်းခဲ့ရတဲ့
ဒီမိုးကိုပဲ
ပန်းကလေး တမ်းတနေဆဲ ….တမ်းတနေမြဲ “
အခန်း (၈)
” ဘယ်သူကိုမှ
မမုန်းပါဘူး
မင်းကိုမေ့လို့မရတဲ့
ငါ့ကိုယ်ငါပဲ
မုန်းခွင့်ပေးပါ “
ပြေးနေတာတော့ သိတယ်။ ဘယ်ကိုဦးတည်နေလဲ မပြောပြတတ်ဘူး။ အားလုံးနဲ့ အဝေးဆုံးကို ထွက်ပြေးနေတာတော့ ကျွန်တော်မှတ်မိတယ်။ သူတို့တွေ ကျွန်တော့် နောက်မလိုက်ကြခင်မှာ ကျွန်တော် ကြိုပြီး ရောက်နေချင်ခဲ့တယ်။ အဲဒါကြောင့် ကျွန်တော်ပြေးတယ်။ ဒီလိုပြေးနေတဲ့ ကြားထဲမှာ သူမကို ကျွန်တော့်အနောက်ကို လိုက်လို့ လာစေချင်မိတယ်။ ဒါမှမဟုတ် သူမရဲ့.သူမရဲ့. တားဆီးမှုမျိုးကို ကျွန်တော်မျှော်နေမိတယ်။ အို … ဘာကြောင့်ပါလိမ့်။ အဝေးဆုံးကို ထွက်ပြေးချင်တော့လည်းကျွန်တော် ၊ သူနဲ့ အနီးဆုံးမှာ ရှိနေချင်ခဲ့တာလဲ ကျွန်တော် ပါပဲလား။ ဘယ်ခေါ်သံမှ ရောင်လို့တောင်မှ ပဲ့တင် မထပ်ခဲ့ဘူး။ ကျွန်တော့် ခြေသံတောင် ကျွန်တော့် နောက်ကို မလိုက်နေခဲ့ဘူး။ ခဏရပ်လိုက်တယ် … မောလို့တော့မဟုတ်ဘူး။ သူမကို ကျွန်တော် ပြန်သွား နှုတ်ဆက်မယ်။ အနည်းဆုံးတော့ သူမ အနားက ထွက်ခွာမသွားဖို့ ကျွန်တော့်ကို တောင်းဆိုမှာပဲ။ ဒီသံယောဇဉ်တွေကို ခဏ ကျွန်တော် ယုံကြည်မိခဲ့တယ်။ အပြန်လမ်းမှာလဲ ပြေးနေတာပါပဲ ။ ဒါပေမယ့် ပီတိတွေနဲ့။
အခန်း (၉)
“မြေနီလမ်းက
ဗွက်အိုင်ကို
မြေဖို့ပေးဖို့ကြိုးစားရင်းနဲ့
လူငယ်တစ်ယောက်
ရေတိမ်နစ်ခဲ့ဖူးတယ် “
ဆူညံသံတွေ ကြားရတယ်။ တိုးသွားလိုက် ကျယ်သွားလိုက်နဲ့ ။ နောက်တော့ အသံတွေ ပြတ်သားလာတယ်။ အမြင်တွေလည်း မှုန်သွားလိုက် ကြည်လင်လာလိုက်နဲ့။ ဒီမြေပြင်ပေါ်မှာ ကျွန်တော် ဘယ်နှစ်နာရီလောက် လဲလျောင်းသွားခဲ့လဲ။ ဘေးဘီကို ကြည့်တော့ရွက်ကျပင်ပေါက်တွေ။ အပေါ်ကို မော့ကြည့်တော့ စိမ်းလဲ့လဲ့ ကောင်းကင်တစ်ခု။ တိမ်တွေပါ အရောင်ပြောင်းကုန်ကြပြီလား။ ဆူညံသံတွေ ခဏရပ်သွားတယ်။ နောက်တော့ ပြန်ဆူညံ လာကြပြန်ရော။ သူတို့ ဘာတွေ ပြောနေကြလဲ။ ကျွန်တော် ကြိုးစားပြီး နားထောင်ကြည့်တယ်။ အရေးကြီးတာတစ်ခုက ဘယ်သူတွေ ပြောနေကြလဲ ဆိုတာကို ကျွန်တော် မသိရသေးတာ။ ဒီတစ်ခါတော့ အသံက ကျွန်တော့် နားထဲတည့်တည့်ဆီသို့။
“သူမ ..ဒီလမ်းကပဲဖြတ်သွားတယ် “
ဘယ်သူပြောနေတာလဲတော့ ကျွန်တော်မတွေ့ရဘူး ။ ဒါနဲ့ ကျွန်တော်ပြန်မေးတယ် …
“ကျွန်တော်လဲနေတာ သူ မမြင် သွားဘူးလား “
ဟိုဘက်ကအသံမှာ နည်းနည်းထန်လာတာတွေ့ရတယ်။ ဒါပေမယ့် .. ကရုဏာနဲ့ဝမ်းနည်းသံမှန်းတော့ .. သိသာပါတယ်။ သူက
” မင်းကို ခလုတ်တောင်တိုက်သွားသေးတယ် ၊ မင်းရှိမှန်း သိပုံတောင်မပေါ်ဘူး “
ဘာရယ် … ကျွန်တော့်နားကို ကျွန်တော်မယုံနိုင်လောက်အောင်ပါပဲ။ မြေနီလမ်းကို သူရောက်ခဲ့တယ်တဲ့ ။ ပြီးတော့ သူတို့ပြောတဲ့ စကားတွေ ….
“ယုံဘူး ….
မယုံဘူး …………..
မယုံဘူး ……………….
မယုံဘူး ………………….
မယုံဘူး ………………………
မယုံဘူး ………………………….”
ဘယ်လောက်တောင် အကြာကြီး အော်နေမိလဲမသိဘူး။ ပဲ့တင်သံတွေ ရိုက်လာတော့မှပဲ ရပ်လိုက်မိတယ်။ ကြားခဲ့ရတဲ့ နားတွေကို စွဲပိတ်ပစ်တယ် ..
“ကျွန်တော်သိပါတယ် .. အမှန်တရားက နားပိတ်ထားလဲ
မလုံလောက်ဘူးဆိုတာ”
အခန်း(၁၀)
“သစ်ပင်တွေနဲ့
ကျွန်တော်
အငြင်းအခုန်လုပ်တယ်
ရေတောင်
တစ်ပေါက်လာ မလောင်းတဲ့သူမဟာ
ပန်းချစ်သူမဟုတ်ဘူးတဲ့
ကျွန်တော်ကခံငြင်းတယ်
မထုတ်ဖော်ပြတတ်လို့နေမှာပါလို့
ငြင်းခုံကြရင်း
ညဥ့်နက်သွားခဲ့တယ်
နောက်ဆုံး
သူမဆီကို
တိုက်ရိုက်သွားမေးဖို့
နှစ်ဦးနှစ်ဖက်
သဘောတူလိုက်ကြတယ် ..
သူမ …
ပန်းချစ်သူမှ
ဟုတ်ရဲ့လား “
ငြင်းခုံပွဲကထွက်ခဲ့တဲ့နောက် ကျွန်တော့်လက်ထဲ အိတ်တစ်အိတ် ပါလာခဲ့တယ်။ အဲဒီ အိတ်ကို ထမ်းပိုးရင်းနဲ့ပဲ ကျွန်တော်သူမရှိရာသို့ ဦးတည်လာခဲ့တယ်။ အသိတို့နဲ့ ဆင်ခြင်တုံ တရားတွေက ဆောက်တည်ရာမဲ့ လာကြတယ် ။ ရပ်တည်လိုက် ပြိုလဲလိုက်နဲ့ ချည့်နဲ့နေကုန်ကြတယ်။ အရာရာကို ဒူးထောက် ချင်နေတဲ့ စိတ်တွေက ဘယ်သူ့ကို စိန်ခေါ်နေခဲ့လဲ။ အတွေးတွေကို အကြည့်တို့က နယ်ချဲ့သွားခဲ့ပြီ။ သူမ ဒီမျက်ဝန်းတွေ ကျွန်တော် ထပ်တွေ့ရပြန်ပြီ။ အဖော်တစ်ယောက်နဲ့ ကျွန်တော့် ဥယျာဉ်ကြီးထဲ လာရောက် ပျော်မြူးသွားတဲ့သူမ နဲ့ … မျက်ဝန်းစိမ်းတွေကို ကျွန်တော်နဲ့တွေ့တဲ့အခါ ခင်မင်စွာ ပေါင်းသင်းတတ်သူ .. သူမ ဘာတွေများ ကွာခြားလဲ ။ ကြုံရင်တော့ ကျွန်တော်မေးကြည့်ရဦးမယ်။ သူမ စကားစပြောသည်
“စိတ်ညစ်တယ် …”
ဪစိတ်ညစ်တယ်တဲ့လား။ ဒီစကားတွေက သံသရာတစ်လျှောက် ကြားနေကျ စကားတွေ။ ဒါလဲ သစ်လွင်လို့ နေတုန်းပါပဲလား။ အလိုက်သိစွာပဲ …
“ဘာဖြစ်လို့လဲ”
“မသိဘူး”
ဒီလိုနဲ့စကားလမ်းကြောင်း ပြတ်သွားတယ် ။ ဒီတစ်ခါ သက်ပြင်း အရှည်ကြီးကို ဆွဲချမိတာ ကျွန်တော်
“ဟင်း …………………
……………………….
………………..
………….
……..”
နောက်တော့ သူ့ မျက်နှာလေးကို ကြည့်တယ်။ သူမဘာတွေ တွေးနေခဲ့လဲ။ သက်ပြင်းတို့ရဲ့လှိုင်းကြောင့် ထင်တယ်။ သူမ ထထွက်မယ် လုပ်တယ်။ ဒီတစ်ခါတော့ သူမကို ကျွန်တော် တားနိုင်ခဲ့တယ်ထင်တယ်။ သူမရီဝေဝေ ရပ်နေခဲ့တယ်။ နောက်တော့ သူမ ဒီအတိုင်း လှည့်ထွက်သွား ပြန်တယ်။ ကျွန်တော် လက်ထဲက အိတ်ကို ပစ်ချလိုက်တယ်။ သူမကို ခဏပဲ အချိန်ပေးဖို့ပြောတယ်။ ကျွန်တော်ဘက်ကို သူမပြန်ပြီး မျက်နှာမူခဲ့တယ်။ အဲဒီအချိန်ကစပြီး ပါလာတဲ့ အိတ်က ကြိုးစကို တစ်စပြီးတစ်စ ကျွန်တော် စဖြည်တော့တယ်။
အခန်း (၁၁)
” နှုတ်ခမ်းတွေကိုယ်တိုင်
အနမ်းတို့နဲ့
စစ်ခင်းပြီ … “
သူမ ရီဝေဝေနဲ့ ကျွန်တော့်ကို ကြည့်နေတယ်။ ကျည်ဆန်တွေလို သွတ်သွင်းထားတဲ့ အကြည့်တွေကို ကျွန်တော် ရင်မဆိုင်နိုင်တာတော့ အမှန်။ မျက်နှာ လွှဲလိုက်တယ်။ နောက်တော့ မပြီးဆုံးသေးတဲ့ ကြိုးစကို ကျွန်တော် ဆက်ဖြည်တယ်။ ကြိုးစ ကုန်သွားပြီ။ အားလုံးကို ရင်ဆိုင်နိုင်တဲ့ သတ္တိ ကျွန်တော့်မှာရှိရဲ့လား။ တိုးတိုးလေးပြန်မေးကြည့်မိတယ်။
အိတ်ထဲက ….
ပထမဆုံး ဖိတ်စင်ကျလာတာ ရယ်သံတွေ။ ပျော်ရွင်မှုသက်သက်နဲ့သာ သွန်းဖြိုးထားတဲ့ ရယ်သံတွေ။ ဘယ်လောက်များ သာယာနာပျော်ဖွယ်ရှိပါလိမ့်။ ကျီစယ်မှုတွေနဲ့ ရယ်သံတွေက အလျဉ်းသင့်လို့ လေထုထဲမှာ ပြေးလွှားကစားကြ။ ကမ္ဘာကြီးကို တို့တွေရယ်သံတွေနဲ့ ထုဆစ်ကြမယ်တဲ့။ မိုးတိမ်တို့လဲ ပျော်လို့ပါးလို့ ။ ရယ်သံတွေက သူတို့ရဲ့လက်တစ်ဖက်နဲ့ အပြုံးတွေကိုဖန်ဆင်း ငိုသံတွေကိုတောင်မှ ..tissue ကန်းခဲ့ကြတယ်။ ဥယျာဉ်ထဲက ပန်းတွေကိုလန်းစေတဲ့ ရယ်သံတွေ ကျေးငှက်တို့ သီကျူးချိန်မှာ ဟာမိုနီလိုက်ခဲ့ကြ ။ မျှော်လင့်ချက်တို့နဲ့ ရယ်သံတို့က အဖော်မွန်တွေပဲ ။ တစ်ယောက်နဲ့တစ်ယောက် ကတိတွေပေးခဲ့ကြတယ်။
” အရယ်သန်တဲ့ မျှော်လင့်ချက်တစ်ခု ..တို့တွေတည်ဆောက်ကြမယ် “။
ရယ်သံတို့နောက်မှာ ဒုတိယအနေနဲ့ လိုက်ပါလာခဲ့ကြတာတော့ အပြုံးတွေ။ capsule ထဲက အာနိသင်တွေ ထွက်ကြလာသလို အသွေးအသားထဲအထိ ရှိန်းတက်လာနိုင်စေတဲ့ ဓာတ်အားပေးအပြုံးတွေ။ ပေါ့ပါးမှု ရယ်သံတွေနောက်မှာ ရှင်းသန့်တဲ့အပြုံးတွေက အမြဲတမ်း မခွဲမကွာ လိုက်ပါခဲ့ကျ။ မနက်ဆို ကောင်းကင်ကို အပြာရောင်ခြယ်တာ ဒီအပြုံးတွေပေါ့။ ညဆိုလဲ ကြယ်တွေနဲ့ အလှဆင်ပြီး ဖြည့်စွက်လိုက်သေး။ ဒီအပြုံးတွေသာ တည်တံ့နေခဲ့မယ်ဆို သေပျော်မယ်လို့ ကျွန်တော် ကြုံးဝါးခဲ့ဖူးရဲ့။ ဒီအပြုံးတွေသာ သုံးစွဲရမယ်ဆို တစ်သက်စာ ရိက္ခာတို့ကို ကျောခိုင်းပစ်မယ်လို့ ကျွန်တော်ဟာ ကြုံးဝါးခဲ့ဖူးရဲ့။ နေဝင်ဆည်းဆာရဲ့ အလှတွေကို ဒီအပြုံးတွေနဲ့ ခြယ်မုန်းပစ်မယ် ။
“လှချင်သလောက် ..လှစမ်းပါစေ” ။
နောက် …..
သူ့အတွက် ဒိုင်ယာရီထဲက ကျွန်တော့်ရဲ့ ခပ်ကြောင်ကြောင် ကဗျာတစ်ပုဒ် ။
အခါလွန်
မိုးလဲ ..မိုးပဲမဟုတ်လား
နေဘက်မျက်နှာမူပြီးသာ
ပွင့်ချင်တဲ့
နေကြာပန်းမလေးရေ
မင်းကိုငါ
ဦးထုပ်ဆောင်းပေးချင်ရဲ့ …။
ရင်စိအင်္ကျီ
မလုံတလုံဝတ်ထားတဲ့
စွယ်တော်ရွက်လေး
မင်းကို ..လက်ဆောင်အဖြစ်ပေးမယ်
ဆွယ်တာလေးထဲ
အတူတူခိုလှုံပါရစေလား …။
ကံကြမ္မာဆိုတဲ့
ကောင်ကိုတော့
သတိထားကြမယ်
သူ့လက်ထဲမှာ ..
ဝှက်ဖဲတစ်စုံရှိမယ် လှန်လို့မှောက်လို့ရတဲ့
ဂျိုကာ ..တစ်ကောင်လဲရှိတယ်။
သနားစရာကောင်းတာက
သူ့မှာဖဲကစားတတ်တဲ့ ..လက်တွေသာရှိတာ
တို့နှစ်ယောက်လို
မခိုင်မြဲတတ်ကြဘူး။
“ငါတို့လက်တွဲ ..ခိုင်မြဲကြစို့ရဲ့”
“ငါတို့လက်တွဲ ..ခိုင်မြဲကြစို့ရဲ့”
“ငါတို့လက်တွဲ ..ခိုင်မြဲကြစို့ရဲ့”
အခန်း (၁၂)
“ကဗျာတစ်ပုဒ်ရဲ့အဆုံးသတ်က
နွားကျောင်းသား
အိပ်ထောင်ထဲက
ပုလွေတစ်ချောင်းလား”
ကဗျာတစ်ပုဒ် ရွတ်ဖတ်သံကို သူမရဲ့ မျက်ရည်တွေ နားမလည်နိုင်တာအမှန်။ ကျွန်တော်တို့ မျက်ရည်နှစ်ခု မဆုံဆည်း ဖြစ်ကြပြန်ဘူး။ ကျွန်တော့် မျက်ရည်တွေ ခုန်ပေါက်နေတာ မှန်ပေမယ့် နာကျင်နေမယ်ဆိုတာ သူသိသင့်ပါရဲ့။ မျက်လွှာလေးချပြီး မျက်ရည်တွေကို ဂုဏ်ပြုခဲ့တဲ့ သူမကို ကျွန်တော် အံ့ဩမိခဲ့တာတော့ အမှန်။
“လိမ်ညာမှုကင်းတဲ့
မျက်ရည်တွေက
မင်းလောက်တောင်
ငါ့ဆီက
နွေးထွေးမှုမရခဲ့ပါဘူး
ကောင်မလေးရယ်”
တိတ်ဆိတ်ခြင်းဆိုတာ ဆူညံသံတွေရဲ့ သွေဖယ်မှု ကိုခံရတာလို့ ကျွန်တော့် ဘဝမှာ ယူဆခဲ့ဘူးတယ်။ ကျွန်တော်တို့အော်ဟစ်ပျော်ပါးပြီး ကမ္ဘာကြီးကို ဆူညံခဲ့စေတာတွေက ကျွန်တော့်ကို သွေဖယ်သွားခဲ့ပြီ ထင်တယ်။ ရှိုက်သံတွေနဲ့ သူမရဲ့ ထွက်ခွာခြင်း ခြေရှပ်သံတွေကိုပဲ ကျွန်တော့်ဘဝရဲ့ နောက်ဆုံး ဆူညံခြင်းတွေအဖြစ် သတ်မှတ်ခဲ့တယ်။
” သူမထွက်ခွာသွားခဲ့ပြီ
နောက် ..
တိတ်ဆိတ်ခြင်းတွေ
ကျွန်တော့်ဆီလာခဲ့သည် “
ဘဝဖော်ဆိုတဲ့ စကားသည် ကျွန်တော့်အတွက် နောက်ပိုင်းအဆန်း ဖြစ်လာခဲ့သည်။ တိမ်မြုပ်နေတဲ့ နှလုံးသားကို သူမတူး “ဖော် ” ခဲ့သည်အထိ မှန်သည်။ နောက်ပိုင်း “ဖော်” ထုတ်ပြီး သူမ မြိန်ရေ ယှက်ရေ စားသုံးခဲ့သည့် နေရာကျမှ မှားသွား ခဲ့လား ကျွန်တော် မပြောတတ်ပါ။
” မိုးကြိုးပစ်သံတို့ ကုန်ဆုံးပြီးသည့်နောက် ငှက်ကလေးတို့သည် သာယာမြဲတိုင်းသာယာကြသည်။
မိုးလင်းသွားပြီးနောက် မိုးချုပ်သွားသည်။
တိတ်ဆိတ်သွားပြီးနောက် ပို၍တိတ်ဆိတ်သွားပြန်သည် “
ကွေ့ကောက်တဲ့လမ်းကို အဖြောင့်အတိုင်း လျှောက်ဖို့ ကျွန်တော် ကြိုးစားကြည့်သည်။ လျှောက်သွားသည်အထိ အခက်ခဲမရှိ။ ရောက်သွားမှသာ တစ်ခြားနေရာ ဖြစ်နေခဲ့သည်။ လိုအပ်တဲ့ နေရာမှာ ချိုးသင့် ကွေ့သင့်ကြောင်း ကျွန်တော် နားလည်ခဲ့သည်။ အသိ နောက်ကျခဲ့သည် ဆိုမလား။ ကျွန်တော့်ဘဝ “တဆစ်ချိုး ..မှားခဲ့သည်” ။
အိပ်မက်ဆိုသည်မှာ မက်ပြီးနိုးရသော ကြောင်တောင်တောင် အဖြစ်အပျက်တစ်ခုဖြစ်သည်။ မနိုးတော့မယ့် အိပ်မက် တစ်ခုကို ကျွန်တော်တမ်းတခဲ့သည်။ အိပ်မက်တို့ ထုံးစံအတိုင်း ရနံ့လေးတစ်ဖြိုက်တောင်မရခဲ့။ နောက်ပိုင်း ကျွန်တော် အိပ်ချိန်တွေနည်းလာခဲ့သည်။ မအိပ်ဘဲနဲ့မက်တာကို အိပ်မက်လို့ ခေါ်ဆို၍ရမည်မထင်။
တိတ်ဆိတ်ခြင်းနဲ့ အလွမ်းသည် မိတ်ဆွေဖွဲ့ကြသည်။ ဒါဆို ဆူညံခြင်းသည်ကော အချစ်နဲ့မိတ်ဆွေသွားဖွဲ့ကြသည်လား ။ ကျွန်တော့ ဘဝတွင် တိတ်ဆိတ်ခြင်းသည် ဘုရင်ဖြစ်ပြီး အလွမ်းသည် ဘုရင်မဖြစ်သည်။
နိဒါန်းတစ်ခုရှိလျှင် …. နိဂုံးလည်း ရှိရမည်။
နိဂုံးတစ်ခုရှိခဲ့ပြီဆိုလည်း မပျိုးရသေးတဲ့ နောက်နိဒါန်းတစ်ခုရှိလိမ့်မည်။
ထိုမပျိုးရသေးတဲ့ နိဒါန်းတွေမရှိဖို့ သူမသည် ကျွန်တော့်စာမျက်နှာတွင် မဆုံးသေးတဲ့ နိဂုံးတစ်ခုကို ရေးသွားခဲ့သည်။
အဆုံးသတ်မဲ့ နိဂုံးအတွက် သူမလိုသည်။
သူမသည် ကျွန်တော်၏ နိဂုံးဖြစ်သည်။
—————————————————-
သက်ထွေး
၁၀ . နိုဝင်ဘာ . ၂၀ဝ၇
Comment #2
အရမ်းသဘောကျပါတယ်၊ရေးထားတဲ့စာသားရယ် အတွေးအခေါ်ရယ်ပါ
Comment #6
တော်လိုက်တာဗျာ
Comment #1
တအားသဘောကျပြီး ချစ်၏။ ရေးထားတာရော စာသားတွေရော…
(: