၆၀ ကျော်အပြုံးများ
- မြေးမလေး ရှင်းသီရိသောင်းကို ကျောင်းမှကြိုပြီးပြန်အလာတွင် ဒေါ်ပန်းတစ်ယောက် ကျောင်းတုန်းကသူငယ်ချင်းအချို့နှင့်ပြန်ဆုံလေသည်။ အသက်ကြီးမှ ငယ်ပေါင်းများနှင့်ပြန်ဆုံတော့ ငယ်ငယ်တုန်းကလိုပင် ဟေးလားဝါးလားပြောဖြစ်ဆိုဖြစ်ကြ၏။ အားလုံး၏အသက်များသည်လည်း ၆၀ ကျော်အတွင်းတွင် ဝေ့လည်လျက်ရှိနေပြီ။ ဇရာကို သတိမရကြ။ ပြောကြဆိုကြရင်း နောက်တစ်ရက် အေးအေးဆေးဆေးတွေ့ကြရန် ချိန်းဆိုခဲ့လေသည်။
- အိမ်ရောက်သော် မြေးမလေး ရှင်းသီရိသောင်းက သူ့အဖွား၏ငယ်ဘ၀ကို စပ်စုတော့သည်။ မြေးမလေး၏မေးခွန်းများကို ဖြေရင်းဖြေရင်းနှင့် ဒေါ်ပန်း၏စိတ်အလျဉ်သည် လွန်ခဲ့သော နှစ် ၄၀ ခန့်သို့ ခရီးထွက်သွားလေတော့သည်။
- မပန်းကလေး မြို့တက်လာတော့ ဦးလေးဖြစ်သူ ဦးငွေမောင်းက သူ့အိမ်မှာတည်းစေသည်။ သူ့သမီး မပန်းအစ်မတစ်ဝမ်းကွဲဖြစ်သူ မနန်းနှင့်အတူ တက္ကသိုလ်တက်ရန်ဖြစ်လေသည်။ မပန်းက ပီဘိတောသူ။ ပါးကွက်ကျားနှစ်ကွက်က ပါးနှစ်ဖက်နှင့်အပြည့်၊ ကျစ်ဆံမြီးကိုနှစ်ဖက်ခွဲကျစ်ကာ ယဉ်ယဉ်ကလေးချထား၏။ ၀တ်စားပုံမှာလည်း မြို့သူနှင့်မတူ။ ကြည့်ရုံနှင့် တောသူမှန်းသိသာသော အပြင်အဆင်ပင်။
- မနန်းကတော့ ထိုသို့မဟုတ်။ ခေတ်ပေါ်အလှကုန်နှင့် ခေတ်ပေါ်အ၀တ်အစားများသည် မနန်းကိုယ်ပေါ်မှာမပြတ်။ ဦးငွေမောင်းကလည်း ရှာနိုင်ဖွေနိုင်အစားထဲကဖြစ်၍ မနန်းတို့က ပြေလည်သည်။ ပြေလည်သောကြောင့်လည်း ဤသို့ ၀တ်စားဆင်ယင်နေနိုင်ခြင်းလည်းဖြစ်သည်။ မပန်းတို့မိဘတွေလည်း မရှိမရှားများဖြစ်ကြသည်။ မိမိတို့သမီး ပညာစုံစေရေးအတွက် ခြွေခြွေတာတာစုဆောင်းထားရှိသော ငွေကလေးဖြင့် မြို့သို့ပို့ကာ ဘွဲ့ရအောင် ပညာသင်ကြားစေခြင်းဖြစ်လေသည်။
- မပန်းကလည်း လိမ္မာသည်။ အပိုတစ်ပြားမျှမသုံး။ မိဘဆီမှ တစ်လတစ်လပို့သောငွေဖြင့်သာ လောက်ငှအောင်သုံးသည်။ ဦးလေးဦးငွေမောင်းကလည်း တစ်ခါတစ်ရံ မုန့်ဖိုးများပေးသောကြောင့် ငွေပိုငွေလျှံကလေးများပင် ရှိလေတော့သည်။
- တက္ကသိုလ်ဆိုသည်မှာ ထိုခေတ်က အလှဘုရင်မများ စုဝေးရာဒေသဖြစ်သည်ဟုဆိုလျှင် မမှား။ ထိုထဲတွင်မှ မနန်းတို့လူသိုက်မှာ ထင်ရှားနှင့်နေပြီ။ မနန်း၊ မကျော့ရင်၊ မမြခင်၊ မခင်ဆင့် စသော တတိယနှစ်ကျောင်းသူများသည် တက္ကသိုလ်တွင် လွန်စွာမှ လှသတင်းမွှေးလျက်ရှိသော လှဘုရင်မများပင်ဖြစ်သည်။ “မင်းကြိုက်စိုးကြိုက် ကာလသားများနဲ့ လားလားမှမထိုက်” ဆိုသော အစားထဲက။ သူတို့အုပ်စုထဲတွင် မပန်းဟူသော ပထမနှစ်ကျောင်းသူလေးကတော့ တစ်မူထူးလျက်ရှိသည်။ တစ်မူ လှခြင်းကားမဟုတ်။ တစ်မူ ဆန်းခြင်းသာ ဖြစ်စိမ့်သည်။
- ထိုခေတ်က ခေတ်မီသော မိန်းကလေးများသည် ယောက်ျားလေးများနှင့် ထွေးရောယှက်တင်နေလေ့ရှိသည်။ ခေတ်ကိုတော်လှန်ခြင်းပေလော၊ ခေတ်ဆန်ခြင်းပေလော မပြောတတ်။ သေချာသည်ကတော့ မနန်းတို့လူစုကလည်း ယောက်ျားကလေးများနှင့် ထွေးရောယှက်တင် ဆက်ဆံသွားလာလေ့ရှိသည်။ ကိုပေါက်ကျိုင်း၊ ကိုအေးငွေ၊ ကိုဖျာ စသော ဒုတိယနှစ်ကျောင်းသားများနှင့် ကိုစိန်တင့်၊ ကိုကျင်မောင်၊ ကိုလှဟန် စသော တတိယနှစ်ကျောင်းသားများအဖွဲ့သည် မနန်းတို့လူစုနှင့် တွဲလေ့ရှိသည်။ ထိုထဲမှ မနန်းနှင့် ကိုစိန်တင့်က ငြိချင်ချင်။ ကိုစိန်တင့်နှင့် မနန်းတို့ချိန်းတွေ့ပြီဆိုလျှင် သည်ပုံ…။
- ကိုစိန်တင့်က ကျောင်းကိုရောက်သည်နှင့် ကိုဖျာနှင့် ကိုအေးငွေကို အဆောင်မှာ ပြေးခေါ်သည်။ ကိုအေးငွေက ဘယ်တော့မှ စောစောထလေ့မရှိ။ ကိုဖျာသာ အိပ်ချင်မူးတူးနှင့် ရေမိုးချိုးပြီး ကိုစိန်တင့်နှင့်ပါသွားသည်။ ကိုစိန်တင့်သည် အလှောင်ခံရမည့်ရန်ကိုစိုးသဖြင့် ရွယ်တူများကို အဖော်ခေါ်လေ့မရှိ။ ကိုစိန်တင့်နှင့်ကိုဖျာ နှစ်ယောက်သားဆုံလျှင် အတန်းဖျက်ပြီး အင်းယားကန်ဘက်သို့ ဦးတည်ကြလေသည်။
- မနန်းကလည်း ဦးငွေမောင်းကို ကျောင်းသွားမည်ဟုဆိုကာ ဘတ်စ်ကားဂိတ်သို့ မပန်းနှင့်အတူ ထွက်လာပြီး ဘတ်စ်ကားစီးသည်။ သူငယ်ချင်းများကိုမူ သည်နေ့အတန်းမတက်၊ ကျောင်းတက်စာရင်းတွင် လက်မှတ်ထိုးပေးဟု ကြိုတင်မှာကြားလေ၏။ ကျောင်းရှေ့ဘတ်စ်ကားမှတ်တိုင်သို့ ဘတ်စ်ကားစိုက်သောအခါ ကျောင်းထဲမ၀င်ဘဲ ၀င်းတံခါးရှေ့မှာဆင်းသည်။ မပန်းကိုပါ အဖော်ခေါ်ထားသည်။ မပန်းက ဘုမသိ ဘမသိ။ ကျောင်းရှေ့မှတ်တိုင်မှတစ်ဆင့် အင်းယားဆီသို့…။
- ကိုစိန်တင့်နှင့် မနန်းတို့ နှစ်ယောက်သားချိန်းတွေ့ပြီဆိုလျှင် ကိုဖျာနှင့် မပန်းက အမြဲ အဖော်အဖြစ်လိုက်ရသည်။ သူတို့နှစ်ယောက်သား စကားကောင်းပြီဆိုလျှင်လည်း ကိုဖျာနှင့် မပန်းက ဝေးရာရှောင်ပေးရသည်။ သည်တွင် ထိရာမှငြိလာလေတော့သည်။ ကိုဖျာက တောဆန်ဆန် မပန်းကို မည်မျှပင် စိတ်မကစားစေကာမူ မပန်း၏နူးညံ့သောစကားများ၊ ချိုသာသောအပြုံးများနှင့် ရှည်ကြာစွာ ထိတွေ့လာသောအခါ သူရော ဘာသားနှင့်ထုထားတာမို့တုန်း။ ကိုစိန်တင့်နှင့် မနန်းတို့မတွေ့ဖြစ်သောနေ့များတွင် ကိုဖျာ နေမတတ်တော့။ ချိရာမှနဲ့၊ နဲ့ရာမှကြွေ၊ ဘ၀င်တွေဆူဆူလှပ်၊ တစ်ရက်မျှမမြင်ရလျှင်၊ အလိုပင်သေရပါတော့ချည့် စသည်ထိဖြစ်အောင် စွဲလန်းလာတော့သည်။ ကိုဖျာ သည်တွင်တော့ မပန်းကို ဖွင့်ပြောမည်ဟု ကြံစည်လိုက်တော့မှ အိပ်ပျော် စားဝင် ပြန်ဖြစ်လာလေတော့သည်
- ထုံးစံအတိုင်း ကိုစိန်တင့်နှင့် မနန်းတို့က တစ်နေရာမှာ ချိန်းတွေ့ကြသည်ဖြစ်၍ ကိုဖျာနှင့် မပန်းလည်း အခြားတစ်နေရာသို့ ထွက်လာခဲ့ကြသည်။ လမ်းလျှောက်ရင်း ၀က်ခေါင်းသုပ်ဆိုင်နားသို့အရောက်တွင် ကိုဖျာက –
“လာလေ… မပန်း… သူတို့က ကြာဦးမှာ… ထမင်းစားချိန်လည်း နီးပြီ… ၀င်စားရအောင်”
“ခစ်”
“မပန်း… ဘာရယ်တာတုန်း”
“အော်… ၀က်ခေါင်းသုတ်ကို စာလုံးပေါင်းထားလိုက်တာများ ကြည့်ပါဦး… (၀က်ဂေါင်းသုတ်) တဲ့လေ… ဟားဟား”
ဟုတ်ပေသား။ မပန်းမှာ မြန်မာစာ အဓိက ကျောင်းသူ။ ကိုဖျာ ရိပ်စားမိလိုက်သည်။ သူ မြန်မာစာကို ချစ်လိမ့်မည်၊ မြန်မာကဗျာကို မြတ်နိုးလိမ့်မည်ဟု တွေးလိုက်သည်။
ဝက်ခေါင်းသုတ်စားအပြီးတွင် ကိုဖျာက ပိုက်ဆံရှင်းမည်ပြုသည်။
“ကိုဖျာ… နေပစေလေ… ပန်း ရှင်းပါ့မယ်”
“မဟုတ်တာပဲ… နေပါစေ မပန်းရယ်”
“နေပါ… ပန်းက ဒီမနက်တင် ဦးလေးဆီက မုန့်ဖိုးရလာသေးလို့…”
ကိုဖျာ မပန်းကို ချစ်သွားသည်။ နယ်မှကျောင်းလာတက်ရသော မိမိလို အညတရလူစားအတွက် ပိုက်ဆံရှားပါးသည်ကို မပန်း ရိပ်မိပုံပေါ်သည်။ ဤမျှ ကရုဏာထားတတ်သော မပန်းတည်း။
- ဆိုင်မှထွက်လာပြီး ကိုဖျာနှင့် မပန်းတို့ အရိပ်ကောင်းသော သစ်တစ်ပင်အောက်တွင် ထိုင်ကြလေသည်။ ကိုဖျာက ၎င်းလွယ်အိတ်ထဲက စာအုပ်တစ်အုပ်ယူကာ ခဲတံဖြင့် ဟိုခြစ် သည်ခြစ်လုပ်နေသဖြင့် မပန်းကလည်း စကားပြောဖော်မရှိသောကြောင့် ပျင်းလာသည်။ ထို့ကြောင့် အနီးအပါး ထသွားဟန်ပြုလေရာ ကိုဖျာက –
“မပန်း… ခဏ”
ဟု တားလေသည်။ မပန်း လှည့်ကြည့်သော် –
“ရော့… ဒါလေး ဖတ်ကြည့်ပါဦး”
ဟုဆိုကာ ထိုင်ရာမှထပြီး ခပ်ဝေးဝေးသို့ လမ်းလျှောက်ထွက်ဟန် ပြုလေသည်။
မပန်းလည်း ကိုဖျာပေးသောစာရွက်ကလေးကိုကိုင်ကာ ဖတ်မည်ပြုသည်။ ယင်းစာကား –
ပန်းအလင်္ကာ
သည်စာကို မောင်ရေးလို့
ပန်းကလေးစိတ်ကုန်၊
ဒီမောင်ကိုမယုံလို့
အဘယ်ပုံစိတ်ထဲ။
ရင်တွင်းမှာ ကြာခဲ့သည်မို့
ပြောလေပြီ ဆိုင်းမတွပဲ။
ပြောမယ့်သာပြောရတာ
လက်တွေ့မှာ ထိတ်ဆဲ။
အနေနီး သွေးနီးမြဲ လေတဲ့
မလွဲပဲ ခေတ်မီ။
ရင်တွင်းမှာ စုန်ဆန်ဆင်း
ထင်းလင်းတဲ့ မောင့်ချစ်ပန်းချီ။
စကားဆန်း မပလီပါဘု
ချစ်ပါသည် ပြောပြလို့
တောကျခြင်း လှောင်စေပင်
ပြန်ချစ်စေချင်။
ပန်းသတင်း သစ္စာလျင်နဲ့
မေတ္တာဝင် သက်လှည့်ပါလေး။
မပန်း ရှက်သွေးလွှမ်းသွားသည်။ တေးထပ်သည် ပီမပီတော့ မပန်း မခန့်မှန်းတတ်။ သို့ရာတွင် ကိုဖျာ့အသည်းကို မြင်သည်။ ကိုဖျာ့ရင်ခုန်သံကို ကြားသည်။ ကိုဖျာ့စိတ်ကို ခန့်မှန်းမိသည်။ စာမှ မျက်နှာခွာကာ ကိုဖျာအား ရှာကြည့်ရာ ခပ်လှမ်းလှမ်းတွင် လမ်းလျှောက်ရာမှ မပန်းအား အကဲခတ်နေသည်ကို မြင်ရသည်။ မပန်းသည် ကိုဖျာရှိရာသို့ သွားသည်။
“တောမကျပါဘူး ရှင်ရယ်… “
Xxxxxxxxxx
ရှင်းသီရိသောင်းသည် သဘောကျစွာ ရယ်မောသည်။
“ဘွား… အဲ့ကဗျာလေးကို ဘာလို့မှတ်မိနေတာလဲ”
“ဒီမှာလေ… အဲ့စာရွက်ကို ဘွား အမြဲ သိမ်းထားတာကိုး”
ဟုဆိုကာ အံဆွဲထဲက ၀ါကျင်ကျင် စာရွက်တစ်ရွက်ကို ထုတ်ပြသည်။
ထိုအခိုက် အိမ်ရှေ့မှ ဦးဖျာ ၀င်လာသည်။
“ပန်းရေ… ထမင်းဆာပြီဟေ့… အော… ရှင်းလေးတောင် ရောက်နေပြီကိုး… လာပါဦး ဘိုးဆီကို”
ရှင်းသီရိသောင်းက ဦးဖျာကို ၀င်ကပ်ပြီး ခုနက သူ့ဘွားဆီကနေ ကြားသမျှကို ဟုတ်မဟုတ် အတည်ပြုသည်။ မြေးအဘိုးနှစ်ယောက် စကားကောင်းဆဲတွင် ဒေါ်ပန်းကလည်း ကြက်သားဟင်းကို ပြန်နွှေးနေလေသည်။ ဟင်းနွှေးနေရင်း ဒေါ်ပန်းမှာ ဦးဖျာ တစ်ချိန်ကပေးခဲ့ဖူးသော ကဗျာလေးကို တသသ ပြန်ဖတ်ရင်း အတိတ်နေ့များဆီသို့ အတွေးများ ပြန်ရောက်သွားတော့သည်။
“ပန်းရေ… ဘာတွေ တူးနေတာလဲဟေ့… ညှော်တယ်ကော”
ဒေါ်ပန်း မည်မျှကြာကြာ အတွေးထဲ မြောသွားသည်မသိ။ ဦးဖျာ အသံကြားမှ လန့်ဖျပ်ပြီး စာရွက်ကို ကြောင်အိမ်ပေါ်အသာတင်ပြီး ဒယ်အိုးထဲ ပြန်ကြည့်တော့… လားလား… ကြက်သားမှာ မီးသွေးခဲဖြစ်လျက် ရှိနေပြီကလား။
“ပန်းရယ်… ဘယ့်နှယ် ဖြစ်ရတာတုန်း… ကိုင်း… ခုမှ ပြန်ချက်နေလို့တော့ မင့် သားကြီးနဲ့ချွေးမ ပြန်ရောက်တာတောင် ဟင်းချက်ပြီးမယ် မထင်ဘူး… ၀ယ်ပဲ စားကြရအောင်…”
ဒေါ်ပန်းကလည်း ခပ်ရှက်ရှက်နှင့်ပင်
“ကိုဖျာ… ဘာ ဟင်း သွားဝယ်ရမလဲ”
ရှင်းသီရိသောင်းက ၀င်ပြောသည်။
“ဘွား… ၀က်ခေါင်းသုတ်”
အသက် ၆၀ တွင်းမှ လင်မယားနှစ်ယောက်၏မျက်နှာတွင် အပြုံးပန်းများ ပွင့်ဝေလေတော့သတည်း။
ရွှေနဒီ
၁၈.၁၂.၁၂