ကျုပ်တို့ရွာက မိတဆိုးရှင်ပြု
မိုးမလင်းခင်ကတည်းက ပြင်ဆင်နေတဲ့ မိန်းမရဲ့ ဆူညံသံကြောင့် ဆက်အိပ်လို့ မရတော့မယ့် အတူတူ မနက်(၄) နာရီ မထိုးခင် အိပ်ရာထဖြစ်တယ်။ အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ ရေနွေးကြမ်းအိုးနဲ့ ခဏထိုင်နှပ်မလို့ လုပ်တုန်းရှိသေး “ကိုရင်သာမောင် ရေချိုးတော့လေ …. ရှင်လည်း စောစောစီးစီး သွားဝိုင်းကူမှဖြစ်မယ်” ပြောရင်းဆိုရင်း ထွက်လာတဲ့ မိန်းမရဲ့ ပုံက တော်တော်ရယ်စရာကောင်းလေရဲ့။ ကြည့်ပါဦး အသက်(၅၀)ကျော် အရွယ်ရာဝင်အိုးဆိုက် ကိုမှ အားမနာ ကီမိုနို အပွင့်အကြီး နီနီရဲရဲ ထမီနဲ့ ပန်းနုရောင် ပိတ်ဖောက်ဇာ အင်္ကျီဆင်လို့ နဂိုမည်းတဲ့ အသားအရေမှာ မိတ်ကပ်များများတင်ထားတော့ မျက်နှာကြီးကပြာ မရယ်မိအောင် မနည်း သတိထားလိုက်ရတယ်။
သည်နေ့ ရွာထိပ်က ဖိုးအေးရဲ့အလှူပွဲရှိတယ်လေ။ ဖိုးအေးရဲ့သား မောင်ကျော်ကလေးကို ရှင်ပြုပေးမှာပေါ့။ ရှင်လောင်းရဲ့အမေမယ်မြ ကတော့ မရှိရှာတော့ပါဘူး။ လွန်ခဲ့တဲ့ (၃)နှစ်လောက်ကပဲ ပိုးထိလို့ ဆုံးသွားလေရဲ့။ မယ်မြရှိစဉ်တုန်းကတော့ ဖိုးအေးက အလုပ်ကို ကြိုးကြိုးစားစား လုပ်တယ်လို့ မရှိပါဘူး။ သူရှာလို့ရတာနဲ့ သူသောက်တဲ့ အရက်ဖိုး လောက်ငှတယ်လို့ မရှိဘူး။ မောင်ကျော်လေးကတော့ လိမ္မာရှာပါတယ်။ ငယ်ငယ်လေးကတည်းက အမေကိုလည်းဝိုင်းကူတတ်တယ်။ မောင်ကျော်လေးက နဲနဲထူးခြားတယ်။ တခြားကလေးတွေလို ငါးရှာဖားရှာ လိုက်မလုပ်ဘူး။ အကုသိုလ် အလုပ်တွေလို့ သူ့အရွယ်နဲ့ မလိုက်အောင် ပြောတတ်တယ်။ တောစပ်မှာ ဟင်းသီးဟင်းရွက်ကလေးတွေ လိုက်ခူးပြီး သူ့အမေ ဈေးရောင်းဖို့ ၀ိုင်းကူပေးတတ်တယ်။ သူ့ အဖေကိုတောင် အရက်သောက်တာ မကောင်းတဲ့ အကြောင်းကို လူကြီးလေးတစ်ယောက်လို ပြောပြတတ်သေးတယ်။ သူ့အသက်က အခုမှ (၁၂)နှစ်တဲ့။ သူကြီးလာရင် ဘုန်းကြီးဝတ်မယ်လို့ ခဏခဏ ပြောတတ်တယ်။ မယ်မြဆိုရင် သူ့သားက သူတော်ကောင်းလေး လို့ ဂုဏ်ယူပြီး လျှောက်လျှောက်ကြွားတတ်လေရဲ့။
မယ်မြဆုံးသွားပြီးတဲ့နောက်ပိုင်းတော့ ဖိုးအေးတစ်ယောက် တော်တော်ပြောင်းလဲသွားတယ်။ အရင်လို အရက်လည်းမသောက်တော့ဘူး။ အလုပ်မှန်သမျှကိုလည်း ကြိုးကြိုးစားစားလုပ်တယ်။ မိတဆိုးလေး မောင်ကျော်ကို တော်တော်ဂရုစိုက်တယ်။ မှတ်မိပါသေးတယ်။ မယ်မြဆုံးပြီး သုံးလလောက်အကြာ မိုးအကုန် ဆောင်းအကူး တစ်နေ့မှာ ဖိုးအေးတစ်ယောက် မောင်ကျော်လေးကို လက်ဆွဲပြီး အိမ်ကို ပေါက်ချလာတယ်။ “သားကို သင်္ကန်းစည်းပေး ချင်တယ်ဗျာ” လို့ အစချီပြီး ရွာမှာနေလို့ စားဖို့သောက်ဖို့ထက် ပိုမရနိုင်တဲ့အတွက် သူမြို့ပေါ်မှာ အလုပ်သွားလုပ်ချင်တဲ့ အကြောင်း၊ မောင်ကျော်လေးကို ရွာဦးကျောင်း ဆရာတော်ဆီမှာ အပ်ထားခဲ့မယ့်အကြောင်း၊ အလုပ်လုပ် ငွေစုပြီးတော့ မောင်ကျော်လေးကို ရှင်ပြုပေးပြီး စာဝါလိုက်စေချင်ကြောင်းတွေ အားတက်သရော ပြောပြတယ်။ စိတ်ချလက်ချသာ ထားခဲ့ … တို့လည်းဝိုင်းစောင့်ရှောက်ပါ့မယ် လို့ ပြောတော့မှ ကျေးဇူးတင်ကြောင်းပြောပြီး ထွက်သွားလိုက်တာ လွန်ခဲ့တဲ့ တစ်ပတ်လေက်ကမှ ရွာပြန်ရောက်လာတော့တယ်။
ပြန်ရောက်တယ်ဆိုရင်ပဲ ကျုပ်ဆီတန်းဝင်လာတယ်။ ခြေထောက်မှာလည်း ပတ်တီးစီးလျက်နဲ့။
“လာကွ ဖိုးအေးရ … ဘယ်တုန်းကရောက်တုန်း … မင်းခြေထောက်က ဘာဖြစ်တာတုန်း”
“အခုပဲရောက်တယ် ကိုသာမောင်ရေ … ခြေထောက် ဘာမှ မဖြစ်ပါဘူး .. နဲနဲ ခိုက်မိထားတာပါ … အဲဒါ အရေးမကြီးဘူးဗျ … မောင်ကျော်ကို ရှင်ပြုပေးဖို့ ကျွန်တော်ပြန်လာတာ .. ကျွန်တော့်မှာ စုဆောင်းထားတာလေးတွေ ရှိတယ်… မြို့ပေါ်က ကျွန်တော် အလုပ်လုပ်တဲ့ ဆီက သူဌေးကလည်း ဘောက်ဆူးလေး ပေးလိုက်သေးတယ် … အဲဒါ အခု ဆရာတော်ဆီ သွားပြီး ခွင့်တောင်းမယ်ဗျာ.. သားနဲ့လည်း တွေ့ရတာပေါ့ .. ကလေးက ငယ်ငယ်လေးတည်းက ဘုန်းကြီးဝတ်မယ်ပဲ ပြောပြောနေတာ …. အခု သူ့ ဆန္ဒ ပြည့်ပြီပေါ့ဗျာ…. သူ့ကိုသာ သင်္ကန်းနဲ့ မြင်ရရင် ကျွန်တော် သေပျော်ပါပြီ …. သူ့အမေလည်း တမလွန်ကနေ သာဓုခေါ်မှာပေါ့ဗျာ”
ဒါနဲ့ပဲ မောင်ကျော်ကို ရှင်ပြုပေးဖို့ ဆရာတော်ဆီမှာ ခွင့်သွားတောင်းတော့တာပဲ။ သည်လိုနဲ့ ကျုပ်တို့ရွာမှာ မိတဆိုးရှင်ပြုပွဲလေး ပေါ်လာတော့တယ်။
………………………………………………………………………………………………………………………………………………..
ရေမိုးချိုး အ၀တ်အစားလဲပြီး အလှူအိမ်ဘက်ကို ထွက်လာခဲ့တယ်။ ဆိုင်းတွေဗုံတွေ ပကာသနတွေ ဘာမှ မပါ၊ အသံချဲ့စက်တောင် မငှားနိုင်တဲ့ ဖိုးအေးရဲ့အလှူက ရွာသူရွာတွေရဲ့ စည်းလုံးမှုနဲ့ သားအဖ(၂)ကို ချစ်ခင်မှုကြောင့် လူတော့ တော်တော်စည်ပါတယ်။ ရွာထုံးစံအတိုင်း ငါးပိချက်၊ ငါးခြောက်ထောင်းနဲ့ ချဉ်ပေါင်ရွက်ဟင်းချိုကျွေးတယ်။ တ၀တပြဲစားကြသောက်ကြတာပေါ့။ ရွာမှာတော့ ဟန်လုပ်စားတယ် ဆိုတာမရှိပါဘူး။ နေထွက်တော့ ရှင်လောင်းလှည့်ဖို့ ပြင်ကြဆင်ကြတယ်။ ဖိုးအေးကြီးတစ်ယောက် တစ်ခါမှ မ၀တ်ဖူးတဲ့ တိုက်ပုံနဲ့ ပိုးပုဆိုး အသစ်ချက်ချွတ်ကြောင့် စိတ်အိုက်နေတာလား …. မယ်မြကိုပဲ သတိရနေလို့လားတော့ မသိဘူး …. နဲနဲငေါင်တောင်တောင် ဖြစ်နေသလိုပဲ။
မောင်ရင်လောင်းကိုတော့ ရွာထဲက အပျိုခေါင်း မိလှစိန်ခေါင်းဆောင်တဲ့ အဖွဲ့က ပုံးဖာမှောက်ဆင် အစွမ်းကုန် ပြင်ဆင်ပေးနေကြလေရဲ့။ မောင်စောတို့ ကာလသားအဖွဲ့ကလည်း ဘယ်လငှားလာတဲ့ အိုးစည်တွေ၊ ဒိုးပတ်တွေလည်းတော့ မသိ… မတီးတတ်တီးတတ်နဲ့ အသံစမ်းနေကြလေရဲ့။ လူပျိုကြီးကိုဖိုးမောင်ကတော့ လက်စွဲတော် မယ်ဒလင်နဲ့ ဟန်ရေးတပြပြ။ ရွာမှာရှိတဲ့ အဘိုးကြီးအဖွားကြီး လူကြီးသူမတွေကတော့ ခေါင်းရင်ပိုင်းမှာ တရားအကြောင်းပြလို့ ငြင်းခုန်နေကြလေရဲ့။ ကျုပ်တို့လို လူလတ်ပိုင်းတွေကတော့ ဟိုလိုလို သည်လိုလိုနဲ့ နေရာတကာလျှောက်ပြီး အာဏာပြနေကြတာပေါ့။
………………………………………………………………………………………………………….…………………………………………..
သည်လိုနဲ့ ရှင်လောင်းလှည့်ချိန်ရောက်လာပြီ။ အားလုံးတန်းစီ ထွက်ဖို့ပြင်တော့မှ အရေးအကြီးဆုံးဖြစ်တဲ့ အလှူ့ရှင် ဖိုးအေးတစ်ယောက် ပျောက်ချက်သားကောင်းနေလေရဲ့။
“ဘဘ သာမောင် အဖေဘယ်သွားလဲ” မောင်ကျော်လေး လာမေးတယ်။
“ဟေ .. ငါလည်းမသိဘူးကွ…. ဖိုးမောင်ကြီးရေ ဖိုးအေးဘယ်သွားလဲ”
“ကျွန်တော်လည်း မသိဘူး … ခုနတော့ အပျိုကြီး မခင်တင့်နဲ့ တိုးတိုး တိုးတိုး ပြောနေတာ တွေ့တယ် … ဧကနတော့ နှစ်မင်္ဂလာ ဖြစ်တော့မယ်နဲ့တူတယ် .. ဟဲဟဲ”
မခင်တင့်ကြားသွားပြီး လူပျိုကြီးကို ကောင်းကောင်း မေတ္တာ ပို့ပါပြီ…
“သေနာကောင် ဖိုးမောင် .. သေချင်းဆိုး … ဖိုးအေးက ကျုပ်ဆီက ပန်းလာတောင်းတာတော့”
မခင်တင့် ပြန်ပြောမှ အားလုံးဝိုင်းရယ်ကြတော့တယ်..
ပန်းတောင်းတယ်ဆိုကတည်းက ဘာအဓိပ္ပာယ်လဲလို့ တွေးကြည့်ပေါ့။
မခင်တင့် အသံ ဆက်ထွက်လာတယ်။
“သေချင်းဆိုးတွေ …. ကျုပ်ပြောတာ ဆုံးအောင်နားထောင်ဦး …. သူပန်းတောင်းတယ်ဆိုတာ … သူ့မိန်းမအတွက်တဲ့ … သူ့မိန်းမမြေပုံမှာ သွားတင်မလို့တဲ့….. တော့”
မခင်တင့် စကားကြောင့် အားလုံး ဆက်ပြီး မရယ်နိုင်တော့ပါဘူး။ ရုတ်တရက် တိတ်ဆိတ်ပြီးတော့ အားလုံးငြိမ်သွားတယ်။ ဒိုးပတ်သမား မျက်နှာပြောင် ကလသားအဖွဲ့တောင် ၀မ်းနည်းတဲ့ မျက်နှာတွေနဲ့။ မောင်ရင်လောင်းက မျက်ရည်တွေဝဲလို့။ ဘေးအိမ်က မအေးမိဆို တရှုံ့ရှုံ့နဲ့ ရှိုက်တောင်နေပြီ။
အားလုံးတိတ်ဆိတ်နေချိန်မှာ မောင်ကျော်သူငယ်ချင်း ချက်စူရဲ့အသံ ထွက်လာတယ်… “ဘဘ ဖိုးအေးကို သချုင်္ိင်းဘက်ထွက်သွားတာ သားတွေ့လိုက်တယ် … ပန်းတွေကို လည်း ၀ါးစားသွားတယ် … သားတောင်ကြောက်လို့ ပြန်ပြေးလာတာ”
“ဘာ …. ပန်းတွေကို ၀ါးစားတယ်ဟုတ်လား” ကျန်မာရေးမှူး ကိုချစ်က မေးတယ်။
“ဟုတ်… ဆရာလေး … စားလား မစားလားတော့ မသိဘူး … ဆွဲဆွဲပြီး ကိုက်သွားတာပဲ” ချက်စူက ပြန်ဖြေတယ်။
“ဒါ ပုံမှန်မဟုတ်ဘူး .. ကိုသာမောင် … လာဗျာ … ကျုပ်တို့ သချုင်္ိင်းကို လိုက်ကြည့် ကြရအောင်” လို့ ပြောပြီး ဆရာလေးက ရှေ့ကထွက်သွား လေရဲ့………..
………………………………………………………………………………………………………..…………………………………………..
မယ်မြရဲ့ မြေပုံဘေးမှာ ခြေတွေလက်တွေကွေးကောက်လို့ အမြုပ်တစီစီ ထွက်နေတဲ့ ဖိုးအေးကို အားလုံးတွေ့လိုက်ရတယ်….
“ဟေး …. အနားမကပ်ကြနဲ့ … အန္တရာယ်ရှိတယ်၊ ဖိုးမောင်ကြီး .. မောင်ကျော်ကို ဆွဲထား” ကျန်းမာရေးမှူး ကိုချစ်ရဲ့ အသံ ….
လိုက်လာတဲ့ မိန်းမတွေတော့ တွတ်ထိုးနေကြပြီ….
“ရွာသူ ပူးတာ” …
“ အပမှီတာ” …..
“ရှင်လောင်းကို နတ်မပြလို့ နတ်ကိုင်တာ”…………
“ရွာတော်ရှင် မမြှောက်ဘဲနဲ့ ရှင်ပြုလို့ဖြစ်တာ”
ထင်ရာမြင်ရာကို ၀ိုင်းပြီး မှတ်ချက်တွေ ပေးနေကြလေရဲ့ ….
ငိုကြီးချက်မနဲ့ အဖေဆီကို ပြေးသွားဖို့ ကြိုးစားရုန်းကန်နေတဲ့ မောင်ကျော်လေးကို မြင်ရတော့ စိတ်မကောင်းစရာပါ။
သိပ်မကြာပါဘူး တွန့်လိမ်ကောက်ကွေးနေတဲ့ ဖိုးအေးတစ်ယောက် အမြှုပ်တစီစီထွက်ရင်း ငြိမ်သက်သွားရှာပြီ …..
ကျန်းမာရေးမှူး ကိုချစ်ကို မေးကြည့်မိတယ် …
“သူ ဘာဖြစ်တာလဲ … ဆရာချစ်”
“ရောဂါ လက္ခဏာ ကတော့ ခွေးရူးပြန်တာဗျ”
ဒီအချိန်မှာပဲ ကျုပ်တို့ရွာနဲ့ လားလားမှ မအပ်စပ်တဲ့ လင်ခရူဆာ ဆိုလား ဘာဆိုလား မသိတဲ့ ကားလှလှကြီး တစ်စင်းက ငြိမ့်ငြိမ့်ညောင်းညောင်း ထိုးရပ်လာတယ် … ကားပေါ်က အရင်ဆုံး ဆင်းလာတာက ကျုပ်တို့ရွာသား ပေါက်ကြီးဗျ။ သူလည်း ဖိုးအေးနဲ့ အတူတူ မြို့ပေါ်မှာ အလုပ်သွားလုပ်တာလေ …
သည်ကောင်ရဲ့ နောက်က ဆက်ပြီး ကားပေါ်က ဆင်းလာတာက မွန်မွန်ရည်ရည် သွင်ပြင်နဲ့ သပ်သပ်ရပ်ရပ် ၀တ်စားထားတဲ့ အသက်(၅၀)ကျော် လူတစ်ယောက်။
“ကိုသာမောင် … ဘာဖြစ်လို့လဲဗျ” ပေါက်ကြီးရဲ့ အမေးပါ ….
“ဖိုးအေး ဆုံးလို့ကွ” ကျုပ်ပြန်ပြောလိုက်တယ်ဆိုရင်ပဲ
“ဗျာ …. ဖြစ်ရလေဗျာ … ကျွန်တော် သူ့ဆီ လိုက်လာတာ … အချိန်မမီတော့ဘူးပေါ့” ပေါက်ကြီးနဲ့ ပါလာတဲ့ သူဌေးလိုလို လူက ၀မ်းနည်းတဲ့ လေသံနဲ့ ပြောလာပါတယ် ….
“ကိုသာမောင်ရေ … ဒါ က ကျွန်တော်နဲ့ ဖိုးအေး အလုပ်လုပ်တဲ့ လုပ်ငန်းပိုင်ရှင် သူဌေးပါ… ဖိုးအေး ဘယ်လိုဖြစ်ပြီး ဆုံးသွားတာလဲ..”
“ကျန်းမာရေးမှူး ကိုချစ် ကတော့ ခွေးရူး ပြန်တာလို့ ပြောတာပဲ … ဟိုမှာ အခု တခါတည်း သဂြိုဟ်နေတယ်”
“အင်းးးးးးးးးးးး” သူဌေးက သက်ပြင်းအရှည်ကြီးချလိုက်ပြီး ကြေကွဲဝမ်းနည်းစွာနဲ့
“ကျွန်တော်လည်း သူ့ကို စိတ်မချလို့ လိုက်လာတာ ….. ထင်တဲ့ အတိုင်းပဲ …”
ကျုပ်ကမေးတယ် .. “ ဘယ်ကခွေးက ကိုက်လိုက်တာလဲ”
သူဌေးက “ ကျွန်တော့်အိမ်မှာ မွေးထားတဲ့ ခွေးဗျာ … လွန်ခဲ့တဲ့ တစ်ပတ်လောက်က သူ့ကို ကိုက်မိတယ်…. ဒါနဲ့ သူ့ကို ဆေးကုဖို့ စားရိတ် အပြင် အိမ်မှာပြန်ပြီး အနားယူဖို့ လမ်းစားရိတ်နဲ့ ကြိုတင်လစာ (၃)လစာ ထုတ်ပေးလိုက်တယ်… ဒါကိုသူ ဆေးမုဘဲ သုံးပစ်လိုက် သလားမသိဘူး … အခုလဲ ခွေးမှာက ခွေးရူးရောဂါ လက္ခဏာ ပြလာလို့ ကျွန်တော် သတ်ပစ်လိုက်ပြီး … သူ ဆေးမထိုးထားရင် သူ့မှာပါ ရောဂါဖြစ်တော့မှာမို့ ကျွန်တော် အခု အပြေးအလွှား လိုက်လာတာ … အခုတော့ …. ဒီလူ မိုက်တယ်ဗျာ … ကိုယ့် အသက်ကို ဂရုမစိုက်ဘူး”
ငြိမ်ပြီးနားထောင်နေကြတဲ့ လူတွေအားလုံးထဲက ကာလသားခေါင်းဖိုးမောင်ကြီး
ရဲ့ အသံသြသြကြီး ကြေကွဲ ဆို့နင့်စွာနဲ့ ထွက်လာတယ်…
“ဖိုးအေး … ကျုပ်သူငယ်ချင်း ဖိုးအေးက မိုက်တာမဟုတ်ပါဘူးဗျာ … တကယ်ကို မိဘ၀တ္တရားနဲ့ ကျေပွန်တဲ့ လူတော်လူကောင်းကြီးပါ …. သူရတဲ့ ငွေတွေကို ဖြုန်းပစ်တာ မဟုတ်ဘူးဗျ … သူ့သားရဲ့ဆန္ဒကို သူ့အသက်နဲ့လဲပြီး ဖြည့်ဆည်းပေးသွားတာပါ … သည်နေ့ အလှူလုပ်ဖို့ ငွေကြေးကို သူ့အသက်နဲ့ လဲသွားတဲ့ သူရဲကောင်း ဖခင်ပါဗျာ”
ငိုသံတွေ စီကနဲ ညံထွက်လာတယ် ….. ယောက်ျားရင့်မာကြီးတွေတောင် မျက်ရည်တွေဝဲလို့ ….. မောင်ကျော်ကလေးကိုတော့ ဆရာတော်ကိုယ်တိုင် ကျောင်းခေါ်သွားပါပြီ …………
ကျွန်တော်တို့မှာ ထပ်ပြောစရာ ဘာစကားမှ မရှိတော့ပါ …. မောင်ကျော်လေးကိုသာ တစ်သက်တာ သင်္ကန်းမြဲအောင် ၀ိုင်းဝန်း ထောက်ပံ့ကြရန်သာ ရှိပါတော့သည် ……………….
…………………………………………………………………………………………………………………………………………………
***** ((((( ဆွေမင်း(ဓနုဖြူ) ၏ မြိုင်ရာဇာတွတ်ပီ ဇာတ်လမ်းတွဲမှ ဇာတ်ဝင်ခန်း တစ်ခုအား ပြန်လည်ဖွဲ့နွဲ့တင်ပြပါသည် ….. ဇာတ်ကောင် အမည်နှင့် ဇာတ်လမ်းတို့အား အဆင်ပြေသလို ပြောင်းလဲတင်ပြပါသည်……. ရုပ်ပြစာအုပ်မှ ဇာတ်ကွက်အတိုအား ဇာတ်လမ်းရှည်ဖြစ်စေရန် ဖြည့်စွတ်ရေးသားထားပါသဖြင့် မူရင်းအရသာပျောက်ပျက်သွားပါက ခွင့်လွှတ်ပေးပါရန် မူရင်း စာရေးသူအား တောင်းပန်ပါသည် …….. )))))
Comment #1
မပျောက်ပေါင်ဗျာ….ရင်စို့စေတဲ့မေတ္တာဖွဲ့လေးပဲ