Professional Authors
ရင်ခွင်ဟောင်းသို့…. နောက်ဆုံးအမှတ်တရ
                                                                          (၁)
          တိုးဝှေ့ပြည့်သိပ်နေတဲ့ လူတွေကြားမှာ သူငယ်ချင်းတွေနဲ့ အဖော်ကွဲပြီး တစ်ယောက်ထဲ ထွက်ပေါက်ပျောက်နေချိန်မှာ တို့လက်ကိုတင်းကျပ်စွာလာရောက်ဆုပ်ကိုင်ရင်း ထွက်ပေါက်ကိုဦးဆောင်ခေါ်ငင်ခဲ့တဲ့ လက်တစ်စုံရဲ့ နွေးထွေးသန်မာတဲ့ အထိအတွေ့ကို ခုထိသတိရနေမိတုန်းပဲ……..
                                                              *************
           သတ်မှတ်ထားတဲ့အမြင့်ကို မရောက်ခင်မှာ အမှတ်မထင်ပေါက်ကွဲလွင့်ထွက်သွားတဲ့ မီးရှုးမီးပန်းတွေ တို့အပေါ်နားကို လွင့်စင်ကျရောက်လာချိန်မှာ သူ့ရင်ခွင်ထဲကိုဆွဲသွင်းရင်း ဂျာကင်နဲ့ အုပ်မိုးကာကွယ်ပေးခဲ့တဲ့ ရင်ခွင်တစ်ခုရဲ့ နူးညံ့လုံခြုံမှုကို တို့ တမ်းတနေမိတုန်းပဲ…..
                                                              **************
           ကိုလေ မင်းကိုသတိရမိတဲ့အချိန်တွေမှာ ခံစားရလွန်းလို့ ယောက်ျားတန်မဲ့ မျက်ရည်တောင်ကျချင်မိတယ်.. သူငယ်ချင်းတွေကိုရင်ဖွင့်တော့ ကို့ကို ယောက်ျားဖြစ်ပြီးတော့ကွာ ဆိုပြီး ၀ိုင်းဆဲကြတယ်သိလား လို့ ရှက်ပြုံးနဲ့ သူပြောတော့ … ငယ် လည်းလေ ကိုလတ်ကို အရမ်းသတိရမိတဲ့ အချိန်တွေမှာ အဲလိုပဲသိလား.. ငိုချင်တယ်….. ဒီလိုနဲ့ ချစ်တယ်လို့မပြောပဲ နှလုံးသားကဖြောင့်ချက်ပေးဖြစ်ခဲ့တဲ့ ညနေခင်းတစ်ခုရဲ့ သက်ဝင်လှပမှုကို တို့ခုထိ မမေ့နိုင်သေးဘူးကွယ်…..
                                                               **************
                                                                         (၂)
           အပြင်မှာဟန်ဆောင်ပြုံးရယ်နေရပေမယ့် ရင်ထဲမှာတော့ အရမ်းကို ထိခိုက်နာကျင် ခံစားနေရတယ်ချစ်သူ.. တစ်သက်မှာ တခါပဲချစ်ခဲ့ဖူးသူမို့ အရူးအမူးပဲစွဲလန်းခဲ့တာ.. ချစ်သူအကြောင်းကို စသိလိုက်ရတဲ့နေ့ကဆိုရင်လေ အခန်းကိုပြန်ရောက်အောင် မနည်းအားတင်းပြီးပြန်ခဲ့ရတယ်…ရင်တစ်ခုလုံးပေါက်ကွဲထွက်တော့မလို ပူပြင်းလောင်မြိုက်နေတယ်.. ဘာမှလည်းမမြင်တော့ဘူး.. ဘာမှလည်းမကြားတော့ဘူး.. ဘာဆိုဘာမှမသိတော့ဘူး.. အသိစိတ်နဲ့မသိစိတ်တွေရောထွေးပြီး ချာချာလည်မူးနေတယ်.. အခန်းကိုပြန်ရောက်တော့ အားတင်းထားသမျှတွေ အရည်ပျော်ပြီးခုတင်ဘေးစောင်းကိုမှီရင်း ခွေကျသွားတယ်… တို့လေ တစ်ညလုံးငုတ်တုတ်ထိုင်နေမိသလားမသိဘူး.. မနက် 6 နာရီနှိုးစက်မြည်လို့ အသိစိတ်တွေဝင်လာတော့ ခုတင်ကိုမှီလျက်ထိုင်နေတုန်းပဲ…
           အလုပ်ကိုရောက်တော့လည်း ဘာတွေလုပ်မိပြီး ဘာတွေဖြစ်နေလဲမသိတော့ဘူး… ဖတ်ဖူးသမျှဟာသတွေကို သူငယ်ချင်းတွေကိုပြန်ပြောပြပြီး တနေကုန်အားရပါးရ ရယ်မောနေခဲ့မိတယ်… သူငယ်ချင်းတွေက မင်းဒီလိုအချိန်မှာတောင် ရယ်နေနိုင်သေးတယ်နော်တဲ့… ဒါဆိုတို့ဘာလုပ်ရမလဲ.. ချစ်သူရဲ့ စွန့်ပစ်မှုမှာ အလူးအလဲခံစားနေရပါတယ်လို့ လူတကာသိအောင် မျက်ရည်တွေနဲ့ ကြွေးကျော်ပြရမှာလား… ဒါမှမဟုတ် ကျမကိုသနားငဲ့ညှာပါဦးလို့ မျက်ရည်ခံထိုးပြီးတောင်းပန်ရမှာလား ချစ်သူရယ် ပြောပါဦး….
                                                                        (၃)
          ပြန်မတွေ့ဖြစ်ခဲ့ကြရင် ကောင်းသားကွယ်.. ခုတော့ဘယ်လိုမေ့ပစ်ရတော့မလဲ..ချစ်သူကတော့ နားလည်နိုင်မှာ မဟုတ်ဘူးနော်.. စာနာတတ်မယ်လည်းမထင်ပါဘူး.. မင်းကချစ်မှ မချစ်တတ်ခဲ့ပဲချစ်သူရယ်.. မင်းမှာ ချစ်တတ်တဲ့နှလုံးသား မရှိဘူးလား…. ချစ်ရတဲ့သူကို ကြင်နာယုယခွင့် မရှိတော့တဲ့ဘ၀မှာ နောက်ဆုံးအခွင့်အရေးဖြစ်တဲ့ မြင်နေခွင့်လေးတောင် တို့မှာ မရှိတော့ပါလားအချစ်ရယ်… ဘ၀က ဘယ်လောက်များခါးသီးလိုက်သလဲ…ညညတွေဆို အိပ်မရဘူးချစ်သူ…အတိတ်ကိုပဲ ပြန်သတိရနေမိတယ်.. ချစ်သူလက်တွဲခေါ်ဆောင်ရာကို တိမ်စိုင်တစ်ခုလို လွင့်မျောလိုက်ပါခဲ့ဖူးတဲ့ တန်ဆောင်တိုင်ပွဲနေ့ရက်တွေ… နှင်းမှုန်တွေကြားက ၀ိုးတ၀ါးလမင်းကြီးကို ချစ်သူပုခုံးထက်မှာ မှီခိုငေးမောရင်း ချစ်စကားတွေပြောခဲ့ဖူးတာ.. လက်ဖက်သုပ်ကို တယောက်တလှည့် စီခွံ့ကျွေးရင်း ရယ်မောပျော်ရွှင်ခဲ့ကြတာ…လျင်မြန်စွာလည်ပတ်နေတဲ့ချားရဟတ်ပေါ်မှာ တယောက်လက်ကို တယောက်က အားကုန်ဆုပ်ကိုင်ရင်း အော်ခဲ့ပျော်ခဲ့ကြတာတွေ.. ကို့ကိုချစ်ခဲ့လို့တော့ ငယ် ဘယ်တော့မှနောင်တမရစေရဘူး  ဆိုတဲ့ကတိစကား… ကို ငယ့်ကို လက်ထပ်ချင်တယ်တဲ့… ပြီးတော့ နောက်ဆုံးတွေ့ဆုံဖြစ်ခဲ့တဲ့ နေ့က ချစ်သူချန်ထားရစ်ခဲ့တဲ့ ငယ့်ပါးပြင်ပေါ်က နူးညံ့နွေးထွေးတဲ့ အငွေ့အသက်တစ်ခု………. အို အတိတ်က ပုံရိပ်တွေအားလုံးဟာ ဝေေ၀၀ါးဝါးမဟုတ်ဘူး.. အိပ်မက်တစ်ခုလိုမဟုတ်ဘူး… မနေ့တနေ့က ဖြစ်ပျက်ခဲ့သလို လတ်ဆတ်နွေးထွေးနေတုန်းပဲ….
          တို့ရင်ထဲမှာ အပြောင်းအလဲကို ရင်ဆိုင်ဖို့ အရာရာဟာ အဆင်သင့်မဖြစ်သေးဘူးကွယ်… အချစ်ကြောင့်လူတွေ ရူးသွပ်ကြတာ.. မာန်မာနတွေကို စွန့်လွှတ်ခဲ့ကြတာ.. အသက်ကိုတောင်စတေးကြတာ အစကတော့ တို့ နားမလည်နိုင်ခဲ့ဘူး… တို့ကိုယ်တိုင် အချစ်ကိုဆုံးရှုံးခဲ့ရချိန်မှာတော့ ဒါတွေကိုတို့နားလည်နိုင်ခဲ့ပြီ.. ကိုယ်ချင်းစာတတ်ခဲ့ပြီချစ်သူ……. တို့ရင်ထဲမှာ အရာရာဟာ ပူလောင်နေတယ်.. ခါးသီးနေတယ်.. နာကျင်ကြမ်းရှနေတယ်… ရက်စက်ခဲ့တဲ့မင်းကို နာကျည်းမိပေမယ့် လွမ်းတော့လွမ်းမိသားကွယ်.. နှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့တဲ့ တို့ရင်ထဲက အတွေးတွေ အနာဂါတ်အိပ်မက်တွေ မျှော်လင့်ချက်တွေ ပြိုကျပျက်စီးသွားခဲ့ပေမယ့် ငိုကြွေးလို့မရနိုင်ခဲ့ဘူး…. တို့မသိလိုက်တဲ့ အချိန်မှာ တို့မဟုတ်တဲ့ တခြားသူ တစ်ယောက်နဲ့ တည်ဆောက်သွားခဲ့တဲ့ မင်းရဲ့ အချစ်စံအိမ်လေး တို့ရဲ့ ပဲ့တင်ထပ်ငိုရှိုက်သံတွေကြောင့် ပြိုကွဲပျက်စီးသွားမှာ တို့စိုးရိမ်နေမိတယ် အချစ်ရယ်… တို့နှလုံးသားကနေ ကွဲရှယိုစိမ့်လာတဲ့ နှလုံးသွေးနဲ့ရောတဲ့ မျက်ရည်တွေဟာ ကိုလတ်ဘ၀ကို ပူလောင်စေမယ့် ကျိန်စာတစ်ခုဖြစ်မသွားစေချင်ဘူးလေ…ခုချိန်ထိတော့ တို့ မငိုမိသေးဘူးချစ်သူ… နောင်လာမယ့်နေ့ရက်တွေမှာ ဆက်ပြီးအားတင်းထားဖို့တော့ မဖြစ်နိုင်တော့လို့ အလွမ်းတွေ.. နာကျင်မှုတွေ.. တမ်းတမှုတွေ.. ၀မ်းနည်းမှုတွေနဲ့အတူ.. ငယ့်မျက်ရည်တွေကိုပါ..မြေမြုပ်လိုက်ပါရစေတော့…. မင်းမရှိပဲအသက်ဆက်ရှင်သန်ဖို့ ခက်ခဲလွန်းတဲ့ ဘ၀မို့ လာမယ့် တနင်္လာနေ့မှာ ပြည့်မယ့် ကိုလတ်ရဲ့မွေးနေ့မှာ ငယ့် အသဲနဲ့ အသက်ကို လက်ဆောင်အဖြစ် ပေးပါရစေကွယ်… ကိုလတ်ရဲ့ရင်ထဲမှာ ငယ့်အတွက် နေရာဆိုတာ မရှိနိုင်တော့သလို မြေပြင်ပေါ်မှာလည်း ငယ်နဲ့ပက်သက်တဲ့ အမှတ်တရဆိုလို့ ဘာတစ်ခုမှကျန်ရစ်မနေစေချင်ဘူး… ငယ်လေ…. အခိုးအငွေ့တွေအဖြစ်နဲ့ပဲ လွင့်မျောပျောက်ကွယ်ပါရစေ….
                                          နောင်ဘ၀ဆိုတာရှိခဲ့ရင်… ချစ်ခွင့်လေးတော့ ရချင်တယ်……
                                                              **************
( စက်တင်ဘာ 13 မှာပြည့်မယ့် သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ အတွက် အမှတ်တရရေးထားတာပါ…..
သူငယ်ချင်း မွေးနေ့မှာ ပျော်ရွှင်ပါစေ…….. )
In: ဝတ္ထု Posted By: Date: Sep 11, 2010
Comment #1
နှိုင်းခ
အားပေးပါတယ်..။အရမ်းတော်တာပဲ..။ဒိလိုမျိုးရေးထားတော့ သူငယ်ချင်းက
ဘယ်ပျော်နိုင်မှာလဲ…။ဝေဖန်တာနော်…။ဆရာတော့မဟုတ်ဘူး…။
commentinfo By: ဇင်မင်း at Aug 4, 2011
Leave Comments
Name*
Email*
Website
Email me whenever there is new comment