ပုံရိပ်နယ်မြေ (ဒဏ္ဍာရီ)
နယ်မြေသစ်
အိမ်တွင် တံခါးပေါက်များစွာရှိသည်။ ထို တံခါးပေါက်ပေါင်း များစွာထဲမှ နောက်ဖေးတံခါးတစ်ပေါက်ကို မဖွင့်ဖို့ရန် စည်းကမ်း ထုတ်ထားသည်။ မဖွင့်ရ ဆိုသော စာကို ထိုတံခါးရွက်တွင် ကပ်ထားသည်။
ကျွန်တော် ထိုနောက်ဖေးတံခါးရှေ့တွင်ရပ်ကာ တွေဝေခဲ့သည်။
ထိုတံခါးကို ဖွင့်ပြီး တစ်ဘက်သို့ ထွက်သွားဖို့ရန် တခုခုက ဆွဲငင်နေသကဲ့သို့ ခံစားနေရသည်။
စဉ်းစားမနေတော့။ တံခါးကိုလှမ်းဖွင့်ကာ တစ်ဘက်သို့ အလှမ်း အိမ်ရှေ့ဧည်ခန်းတွင် ထိုင်နေသော အဖေနှင့်အမေကို တွေ့လိုက်ရသည်။ ကျွန်တော်မည်သို့မျှ သဘောမပေါက်နိုင်။ ကျွန်တော်ဖွင့်ပြီးထွက်ခဲ့သည်မှာ နောက်ဖေးတံခါး၊ ကျွန်တော်ရောက်သွားသည်မှာ အိမ်ရှေ့ဧည့်ခန်း။
ထိုင်နေရာမှ အမေက
သား…မင်းထင်သလို ဒီနေရာဟာ ငါတို့ရဲ့ အိမ်ရှေ့ ဧည့်ခန်း မဟုတ်ဘူး။ ဒီနေရာဟာ ပုံရိပ်လောက ထဲက ပုံစံတူနေရာတစ်ခုပဲ။ မင်းအခု နောက်ကြောင်းပြန်လှည့်ဖို့ မဖြစ်နိုင်တော့ဘူး။ဒါလေးများ ဆိုပြီး ကျွန်တော် အနောက်ကိုလှည့်ကြည့်တော့ အနောက်ဘက်တွင် လမ်းပေါင်းများစွာ တံခါးပေါင်းများစွာကို တွေ့ရသည်။ ကျွန်တော် မည်သည့်လမ်းကိုရွေးပြီး မည်သည့်တံခါးကို ဖွင့် ရမည် မသိတော့။
အရှေ့ကို ပြန်လှည့်ကြည့်တော့ အိမ်ရှေ့ဧည့်ခန်းမြင်ကွင်း မဟုတ်တော့။ အလင်းရောင်က နုညံ့စွာဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး ကို မြင်သာထင်သာ ဖြစ်နေစေသည်။
ကျွန်တော် အနောက်တွင်ရှိသော လမ်းများစွာကို တစ်လမ်းဝင် တစ်လမ်းထွက်၊ တံခါးများကို တစ်ပေါက်ပြီးတစ်ပေါက်လိုက်ဖွင့်ကြည့် ရမည်လား။ ရှေ့ဆက်သွားမည်လား။ ကျွန်တော်၏ ခြေလှမ်းတို့က ရှေ့တည့်တည့်သို့သာ။
၂။ သစ်တစ်ပင်၏ပုံပြင်
လမ်းဘေးဝဲယာတွင် အရွက်ကင်းမဲ့နေသည့် သစ်ခြောက် ပင်များကို တွေ့ရသည်။ ရုတ်တရက် ကြည့်လိုက်လျှင် ကောင်းကင်ထက်သို့ လက်များပင့်ကာ တစ်စုံတစ်ခုကို တောင်းဆိုနေကြ သယောင်။
ကျွန်တော်သည် ရှိနေသည့် လမ်းအတိုင်း ဆက်လျှောက်သွား ရင်း ပတ်ဝန်းကျင်တွင် မြူမှုန်များ ဝိုင်းရံလာသည်ကို ထူးဆန်းစွာ တွေ့လာရသည်။
ငြိမ့်ငြောင်းသာယာမှု တစ်ခုကို ကျွန်တော် ပီပီပြင်ပြင်ခံစား လိုက်ရသည်။ တပြိုင်နက် အနားယူလိုမှုလဲ ပေါ်လာသည်။
အနားတွင် ရှိသော သစ်ခြောက်ပင် တစ်ပင် ခြေရင်း၌ မှီပြီး ထိုင်ချလိုက်မိသည်။ မှေးခနဲ အိပ်ပျော်သလို ဖြစ်သွားပြီး ရုတ်တရက် နွေးထွေးမှုတစ်ခုကို အထိအရသိလိုက်သည်။ အံ့ဩစရာကောင်းသည် မှာ ကျွန်တော်သည် လန့်ဖြန့်မသွားဘဲ ကျေနပ်ကြည်နူးလျက်ရှိသည်။
ကျွန်တော်၏လက်ဖဝါးသို့ နုညံ့လွန်းသည့် လက်ဖဝါးတစ်စုံ လာရောက်ထိသည်ကို သိလိုက်သည်။ နှလုံးသားကောင်းကင်တွင် မီးရှူး မီးပန်းများ ဖေါက်နေသကဲ့သို့ ခံစားရသည်ဟုဖေါ်ပြရမလိုပင်။
ကျွန်တော်သည် သူမ၏ရင်ခွင်အတွင်းတွင် မှီထိုင်နေရခြင်း ဖြစ်မည်။ ကျွန်တော် မှီထိုင်ခဲ့သည်မှာ သစ်ခြောက်ပင်တစ်ပင်သာဖြစ်သည်။ အမျိုးသမီး တစ်ဦးမဟုတ်။ ထိုသို့ စဉ်းစားနေခိုက်…
သူမက သူမ၏ ချိုမြိန်ကြည်ရှသော အသံဖြင့်…
ဟိုး တစ်ချိန်တုန်းက အရမ်း ချစ်မြတ်နိုးတတ်တဲ့ ကောင်လေး တစ်ယောက်ရှိတယ်။ သူအရမ်းစွဲလန်းပြီး မြတ်နိုးနေတဲ့ ကောင်မလေး တစ်ယောက်လဲရှိတယ်။ ကောင်လေးဟာ နွေရာသီမှာ ဖွားတဲ့သူဆိုတော့ အတောင်ပံ ပြာပြာကြီးတွေကို ပိုင်ဆိုင်ထားတာပေါ့။ ဒီတော့ သူကလဲ တာဝန်အတိုင်း နေ့အချိန်ဆို နေရဲ့ ရောင်ခြည်ကို ခံယူရတယ်။ (သူတို့ဟာ ဒီအရပ်မှာ ကောင်းကင်ထက်အမြင့်ဆုံပျံသန်းခွင့်ကိုရရှိကြတယ်။) နွေရာသီဖွား တွေရဲ့ အတောင်ပံပြာပြာတွေဟာ ညအချိန်မှာ အနွေးဓာတ်ကို ပေးနိုင်သလို၊ သူတို့အနီးအနားမှာနေထိုင် သူတိုင်းဟာလည်း ကျန်းမာပျော်ရွှင်တတ်ကြသတဲ့။
ကောင်မလေးကတော့ ရွက်သစ်ရာသီမှာ မွေးခဲ့တယ်။ သူ့ဆီ မှာ စိမ်းစိုကြည်လင်နေတဲ့ တောင်ပံတစ်စုံလဲ ရှိတာပေါ့။ ရွက်သစ်ရာသီဖွားတွေရဲ့ စိမ်းစိုကြည်လင်နေတဲ့အတောင်ပံ တွေဟာ အမြင်အာရုံကို ကြည်လင်စေတယ်။ လန်းဆန်းမှုလိုချင်သူတိုင်း သူတို့အနီးကို သွားကြရတယ်။ သူတို့ဟာ အမြင်အာရုံကို ကြည်လင်စေဖို့နဲ့ လန်းဆန်းမှုပေးဖို့ တာဝန်တွေကို ယူထားကြရတယ်။
အဲဒီ နွေရာသီကောင်လေးနဲ့ ရွက်သစ်ရာသီဖွား ကောင်မလေး တို့ဟာ ငယ်စဉ်ထဲက အလွန်ရင်းနှီးခဲ့ကြတယ်။ ဒီလိုနဲ့ပဲ ကောင်လေး ဟာ ကောင်မလေးကို ရင်းနှီးတာထက်ပိုပြီး မြတ်နိုးနှစ်သက်ချစ်ခင် လာခဲ့တယ်။ ကောင်လေးက အရိပ်အယောင် အမျိုးအမျိုးပြပြီး ကောင်မလေးကို သိစေခဲ့တယ်။ ဒါကို ကောင်မလေးက လုံးဝ မသိသလို နေခဲ့တယ်။
ထုံးစံတစ်ခုကလဲ ရှိတယ်လေ။ ချစ်မြတ်နိုးပြီးသွားရင် လူ့ကမ္ဘာ မှာ သွားလူဖြစ်ကြရမယ်။ အဲဒီလို လူ့ကမ္ဘာကို သွားနိုင်ဖို့ဒီအရပ်မှာ အရင် သေဆုံးရမယ်။ အပြန်အလှန်ချစ်ခင်သူတိုင်း သာယာငြိမ်းချမ်း လွန်းတဲ့ အဲဒီဒေသကို စွန့်ခွာဖို့အသက်စွန့်ကြတယ်။ ပြီးတော့ လူ ဖြစ်ကြတယ်ပေါ့လေ။
ကောင်မလေးက ကောင်လေးကို ခင်မင်ပေမဲ့ ချစ်တဲ့စိတ်တော့ မရှိခဲ့ဘူး။ ကောင်မလေးမှာ ဆန္ဒတစ်ခုက အမြဲရှိနေခဲ့တယ်။ နွေရာသီဖွား တွေသာ ပျံသန်းခွင့်ရှိတယ်ဆိုတဲ့ ဟိုးကောင်းကင်အထက်ပိုင်းကို သူရောက်ဖူးချင်တယ်။ ဒါဟာ သမိုင်းမှာ မရှိခဲ့ဘူး။ ဒါပေမဲ့ ခက်နေတာက သူကိုယ်တိုင်လဲ အဲဒီလောက်အမြင့်အထိ ရောက်အောင်မပျံသန်းနိုင်ဘူး။ ပျံသန်းခွင့်လဲ မရှိဘူး။
ဆန္ဒဟာ သူမကို အနိုင်ယူသွားတယ်။ ဒါနဲ့ သူက ကောင်လေး ရဲ့တာဝန်ချိန်မှာ မိုးမြင့်အထက်ပိုင်းကို လိုက်ခဲ့ပါရစေလို့တောင်းဆိုတယ်။ သဘာဝရဲ့ကန့်သက်ချက်အရ လုံးဝမသင့်တော် ပါဘူးလို့ ကောင်လေးက အကြိမ်ကြိမ်ငြင်းဆိုတာပေါ့။
ကောင်မလေးရဲ့ ဆန္ဒဟာ မာယာ ဖြစ်လာခဲ့တယ်။ သူ ကောင်လေးကို ကြည့်လိုက်တယ်။ အကြည့်ထဲမှာ ချစ်ခြင်းတွေနဲ့ ပြည့်လို့။ ကောင်လေးဟာ ကောင်မလေးရဲ့ တောင်းဆိုမှုကို မငြင်း နိုင်ခဲ့တော့ဘူး။
ဒီလိုနဲ့ နှစ်ယောက်သားအတူတူ တိမ်ဆိုင်တွေထက်ကို ပျံတက်ခဲ့ကြတယ်။ ကောင်မလေး ပျံသန်ဖို့ စွမ်းအင်နည်းပါလာတဲ့ အမြင့်ကို ရောက်တော့ ကောင်လေးက ကောင်မလေးကို ပွေ့ချီရင်း ဆက်ပျံတက်ခဲ့တယ်။
နေရောင်ခြည်စွမ်းအင်ကို ခံယူရန်အသင့်တော်ဆုံ ဟု သက်မှတ်ထားတဲ့ အမြင့်ကိုရောက်တော့ ကောင်လေးက သူရဲ့ ကြည်စင်နေတဲ့ အတောင်ပံပြာပြာတွေကို ဖြန့်ကားရင်း လေထုထဲမှာ ရပ်တန့်လိုက်တယ်။ သူလဲ အဲဒီတော့မှ သူ့ရဲ့အခြေအနေမှန်ကို သိလာတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့အတောင်ပံတွေမှာ အင်အားမဲ့ပြီး နေရောင်ခြည်မခံနိုင်တော့ဘူး။
နေရောင်ခြည်စွမ်းအင် ခံယူနေချိန်မှာ တခြားတစ်ယောက်ကို သယ်ပိုးထားဖို့ဆိုတာ သူတို့ ရဲ့ သဘာဝအရ လုံးဝမဖြစ်နိုင်ဘူး။ သူတို့မှာ အင်အား အဲဒီလောက် မရှိဘူး။ ဒါနဲ့ကောင်လေးဟာ အမြန် မြေပြင်ပေါ်ကို ပျံသန်းထိုးဆင်း ခဲ့တယ်။ သူ့ရဲ့အားနည်းမှုကြောင့် ကောင်မလေးပါ ထိခိုက်နစ်နာ သွားမှာကို သူထိတ်လန့်နေခဲ့တယ်။
ဒီလိုနဲ့ ကောင်လေးဟာ ကောင်မလေးကို အသာအယာ မြေပြင်ပေါ် ချပေးနိုင်ပြီး ခဏမှာပဲ၊ သေဆုံးသွားခဲ့ရတယ်။ ပြီးတော့ သူဟာ လူ့ကမ္ဘာမှာ လူသားအဖြစ် မွေးဖွားခဲ့တယ်။
ဒီအရပ်မှာ သေဆုံးခြင်းဆိုတာ ချစ်သူမရှိဘဲ မဖြစ်နိုင်ဘူး။ ချစ်မေတ္တာကို အပြန်အလှန် ရရှိပြီလို့ ယူဆယုံကြည်တော့မှသာ သေဆုံးကြရတာ။
အပြန်အလှန် စစ်ဆေးပြီးတဲ့အခါမှာ ကောင်မလေးဟာ မာယာသုံးပြီး ချစ်သလိုလိုအကြည့်နဲ့ ကြည့်လိုက်တယ် ဆိုတာကို သိသွား ကြတယ်လေ။
ဒီတော့ စီရင်ထုံးရှိတဲ့အတိုင်း အဲဒီကောင်မလေးဟာ သစ်တစ် ပင်အဖြစ် အသွင်ပြောင်းခံလိုက်ရတယ်။ ကမ္ဘာမှာ လူအဖြစ်မွေးဖွား ဖို့ဆိုတာကျတော့ သူ့ရဲ့ရင်ထဲမှာ အချစ်စစ်မရှိခဲ့ဘူးလေ။ ဒီတော့ ကောင်လေးက ပြန်လာပြီး အချစ်စစ်နဲ့ နွေးထွေးမှုကိုပေးမှ ဒီသစ်ပင်ဟာ လူအဆင့်ကို ရောက်ရှိနိုင်တော့မှာပေါ့။
နားထောင်ရင်း ကျွန်တော့်၏စိတ်ထဲတွင် ထိုအရပ်၏ သာယာလှပမှု၊ မိန်းမငယ်၏ နုညံခမ်းနားလှပမှု တို့သည် မျက်စိ ထဲတွင် တကယ်မြင် နေရသကဲ့သို့ပင်…။
ထိုအခိုက် နုညံသောလက်ချောင်းများဖြင့် ကျွန်တော့်ဆံပင်ကို ထိုးဖွပေးနေသကဲ့သို့ ထိတွေ့မှုကို ခံစားရသည်။ ကျွန်တော် ကြားရသည့်အဖြစ်အပျက်ကို အစစ်အမှန်လား၊ အတုအယောင်လား မခွဲခြားတတ်ပါ။ ကျွန်တော့်၏အာရုံတွင်တော့ ထင်ရှားပီပြင်စွာ မြင်နေခဲ့သည်။
ထို့နောက် ကျွန်တော် အိပ်မောကျသွားခဲ့သည်။
၃။သံသယသစ်တော
အိပ်ပျော်ရာ ပြန်နိုးထလာချိန်တွင် အလင်းရောင်သည် ကောင်းကင်ထက်တွင် ပြာလင်းနေသည်။ တိမ်ဆိုင်ဖြူဖြူများ ပါးလျစွာ ဖြေးညှင်းစွာ မြောလွင့်နေကြသည်။
ကျွန်တော် မှီ၍အိပ်မိသည့် သစ်ခြောက်ပင်မှာလည်း သစ်ခြောက်ပင်သာ ဖြစ်နေသည်ကို ကြည့်မိသည်။ အိပ်မက်လား။ တကယ်လား။ သေချာစွာ မဆုံးဖြတ်နိုင်။ ဆာလောင်လာမှုကြောင့် အနီးအနားတွင် စားစရာတစ်ခုခု တွေ့လို့တွေ့ငြား လှည့်လည်ရှာဖွေမိသည်။ ဤသစ်ပင်နှင့် ဝေးရာသို့ ခွာသွားလိုစိတ် မရှိမိ။
ထိုသို့ လှည့်လည်သွားခိုက် ကျွန်တော့်အနောက်တွင် တစ်ယောက်ယောက်က နောက်ယောင်ခံ လိုက်နေသကဲ့သို့ ခံစား မိလာသည်။ ခပ်သေးသေးသွယ်သွယ် လူရိပ်တစ်ခု။ ကျွန်တော် စိတ်ထင်လို့ပဲလားဟု တွေးမိသည်။
ကျွန်တော်သည် သစ်တောအတွင်း ကြာမြင့်စွာ လှည့်လည် ရှာဖွေသော်လည်း စားစရာ တစ်စုံတစ်ခုမျှ မတွေ့။ ရုတ်တရက် ကျွန်တော့်အနားတွင် ညစ်တီးညစ်ပတ် ကောင်မလေး တစ်ယောက်ကိုတွေ့လိုက်သည်။
ကျွန်တော့် အနောက်ကို လိုက်နေသူမှာ ဒီကောင်မလေးပဲ ဖြစ်မည်။ နင် ဘာလိုက်လုပ်တာလဲ ဟု ကျွန်တော်က မေးလိုက်သည်။ နင်တော်တော် ဗိုက်ဆာနေပြီ မဟုတ်လား…။ သူမက ကျွန်တော်မေးသည်ကို မဖြေဘဲ ထိုသို့ ပြန်မေးသည်။ ကျွန်တော်လည်း တကယ်ပင် ဗိုက်ဆာနေပြီ ဖြစ်၍ အေး …ဆာပြီ။ ဟု ပြန်ပြောလိုက်သည်။
ဒါဆို ငါ့နောက်လိုက်ခဲ့။ ဟု ဆိုကာ လှည့်ထွက်သွားသည်။ ကျွန်တော်လဲ ကိုယ်တိုင်က ငတ်နေမှတော့ လိုက်ရတော့မှာပေါ့ ဆိုပြီး လိုက်သွားခဲ့သည်။
အကွေ့တစ်ခုတွင် ခြံနှင့်ဝင်းနှင့် အိမ်တစ်လုံးကို ဘွားခနဲ တွေ့ လိုက်ရသည်။ သူမက ခြံတခါးအရောက် ကျွန်တော့်ဘက်သို့ပြန်လှည့် ကာ နင်ကိုခေါ်လာတာ ငါ့အမေသိရင် ဆူမှာ ဟဲ့…
ကျွန်တော် ဘာပြန်ပြောရမည် မသိသောကြောင့် အသာတိတ် နေလိုက်သည်။ သူမက ဆက်၍ ဒါပေမဲ့ ငါ့အမေက စိတ်ရင်းတော့ ကောင်းပါတယ်။ နင် ဟို မိစ္ဆာဆိုး ကြီးလက်ထဲ ရောက်သွားမှာကိုတော့ ဒီအတိုင်းလွှတ်ထားရက်မှာ မဟုတ်ပါဘူး။ ကျွန်တော် စိတ်ရှုပ်ထွေးသွားသည်။
ဘယ်က မိစ္ဆာဆိုးလဲဟ။ နင်ကလဲ အစမရှိ အဆုံးမရှိ။ ဟု ပြောလိုက်သောအခါ… နင်နားမလည်ပါဘူး။ ကဲ ကဲ ငါ့အမေရှေ့ရောက်ရင် သတိနဲ့ နေနော်။ သူက နင့်လိုပုံ ကြောင်ကြောင်ကျားကျားတွေ သိပ်
ကြိုက်တာ မဟုတ်ဘူး။ ဟု ဆိုကာ တံခါးကို လှည့်ဖွင့်ပြီး ခြံထဲဝင်သွားသည်။
ကျွန်တော် ခပ်ဆာဆာနှင့် ဘာမျှ တုံ့ပြန်မနေတော့။ အသာ လိုက်သွားသည်။ ဟဲ့…ဘယ်က မိဘစကားနားမထောင်တဲ့ကောင်တွေ အိမ်ကို ခေါ်လာပြန်ပြီလဲ။ ဒီဟာမလေး ငါခဏခဏပြောတယ် စပ်စပ်စုစုတွေ မလုပ်ပါနဲ့လို့။ စကားကို နားမထောင်ဘူး… ဆိုသည့် အသံ ကို ကျယ်လောင်စွာ ကြားလိုက်ရသည်။
မိဘစကားကို မနာခံဘဲ မဖွင့်ရဆိုတဲ့ တံခါးဖွင့်ပြီး ဒီဘက် အခြမ်း ကိုရောက်လာဖူးသူတွေ ရှိကြောင်း သိလိုက်ရသည်။ ထို့နောက် ထိုအသံကျယ်ကျယ် မိန်းမကြီးက ကျွန်တော်၏ လက်ကို ဆွဲပြီး အလျှင်အမြန် အိမ်ထဲသို့ ဆွဲသွင်းလိုက်သည်။
နင်တို့တွေ မိဘစကားဆို ဘယ်တော့မယုံချင်ဘူး… မိဘဆို နင်တို့က… စသဖြင့် တိုးတိုးဖြင့်လည်း တတွတ် တွတ် ရွတ်နေသေးသည်။ ထို့နောက် ထိုမိန်းမကြီးက ထမင်းစားပွဲပေါ်သို့ ချက်ပြုတ်ထားသည့် အစားအသောက်များကို ချပေး လေသည်။ ကျွန်တော်လည်း ဟန်ဆောင်မနေတော့ စားပစ်လိုက်သည်။ အစားအစာများ ကုန်လုနီးမှ၊ သူတို့နှစ်ယောက်ကို ကျွန်တော် ကြည့်မိသည်။ သူတို့သည် စိုးရိမ်သော ဟန်များဖြင့်…
ဟဲ့ ဒီအတိုင်း ပြန်လွှတ်လိုက်ရင်တော့ သူ အဖမ်းခံရမှာပဲ။
နေ့ခင်းပိုင်းလွှတ်လိုက်တော့ရော လွတ်မှာတဲ့လား…။
ကျွန်တော်ကြည့်နေသည်ကို သတိပြု သွားတော့မှ အသံတိတ်သွား ကြသည်။ ကဲ မထူးပါဘူး။ ငါပြောပြမယ် ဟု ဆိုကာ မိန်းမကြီးက ဆက်၍ နင်အခုရောက်နေတဲ့ နေရာကို သံသယသစ်တောလို့ ခေါ်တယ်။ သစ်ပင်တိုင်းဟာ ပုံပြင်တွေ ပြောတတ်ကြတယ်။ အဲဒီ ပုံပြင်တွေကြောင့် ဝင်လာတဲ့ သူတိုင်းဟာ ဒီသစ်တောကို မခွာနိုင်တော့ဘူး။ မခွာနိုင်တဲ့ အချိန်မှာ သူတို့ရဲ့ အရိပ်တွေကို ဖျက်တောက်ဖြုတ်ပစ်ဖို့ မိစ္ဆာဆိုးကြီးက ကြိုးပမ်းတော့တာပဲ။
အရိပ်မရှိတော့တဲ့လူတွေဟာ ကိုယ်ထွက်လာတဲ့အိမ်ကို ကိုယ် ပြန်မဝင်နိုင်တော့ဘူး။ အိမ်ကို မပြန်နိုင်တော့ဘူး။ အရိပ်ကို ရသွားတဲ့ မိစ္ဆာဆိုးကြီးကလဲ အဲဒီအရိပ်ပိုင်ရှင်ရဲ့ ပုံစံနဲ့ အရိပ်ပိုင်ရှင်ရဲ့ အိမ်ကို ဝင်ရောက်ခွင့်ရသွားတယ်။
နင့်ရဲ့အရိပ်ကို အဲဒီမိစ္ဆာဆိုးကြီး ယူသွားမှာ ငါတို့က စိုးရိမ် နေကြတာ။ ဒါနဲ့ နင့်ကို သစ်ပင်က ဘယ်လို ပုံပြင်ပြောသေးလဲ။
အမှန်ပြောရလျှင် ကျွန်တော်သည် ညကအဖြစ်အပျက်ကို ပုံပြင်တစ်ပုဒ်၊ အိပ်မက်တစ်ခုမျှ ဟု ဝန်မခံချင်။ ကျွန်တော်၏ စိတ်အာရုံထဲတွင် ခမ်းနားလှပသော သူမ၏အသွင်သည် ပီပြင်ထင်ရှား လျက်ရှိသည်။ နွေးထွေးသော အထိအတွေ့သည် အရှိန်ပင်မပြယ် သေးသယောင်။ သို့သော် ကြားခဲ့ရသည့် ရင်နင့်စရာ ပုံပြင်လေး ကို ပြန်ပြောပြလိုက်သည်။ စိတ်အာရုံထဲတွင် သူမ၏ရုပ်သွင်ထင်ရှားလာ လေလေ ကျွန်တော် ရင်ထဲတွင် လိုအပ်မှုတစ်ခုသည် ကြီးထွား လာလေလေ ဖြစ်နေသည်။ ထို့ကြောင့် ပုံပြင်ကိုပြောပြအပြီး ကျွန်တော် ၏လက်ရှိခံစားမှုကိုပါ ပြောပြမိသွားသည်။
အမျိုးသမီးကြီးသည် နားထောင်ကာ
လူတစ်ယောက်ရဲ့စိတ်ကို အမှန်တရားတစ်ခုမှမပါဘဲ လှည့်စားဖို့ ဆိုတာ မဖြစ်နိုင်ဘူးကွဲ့။ လှည့်စားမှုတိုင်းမှာ အမှန်တရား တပိုင်းတစ ပါတာကြီးပဲ။ မင်း ဒီဘက်အရပ်ကို ရောက်လာပြီး မှတော့ ဒီတာဝန်ကြီးတစ်ရပ် မပြီးမြောက်သ၍ အိမ်ပြန်ဖို့ အခွင့် ရမှာ မဟုတ်ဘူး။ ဘာတာဝန်လဲ ဗျ။
မြင့်မြတ်လှတဲ့ ဘခင်ကြီးရဲ့ သမီးတော်တစ်ပါးဟာ မှောင်မိုက် လုလင်ရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး၊ အပြုစားခံရလို့ အတိတ်ကိုမေ့လျော့ နေတယ်။ ခုဆိုရင် သမီးတော်လေးကို ဒီအရပ်က သူတွေက မှောင်မိုက်ရဲ့တမန် တော် လို့တောင် ခေါ်လာကြပြီ။ မြင့်မြတ်လှတဲ့ ဘခင်ကြီးရဲ့ အသွေးအသားဖြစ်တော့ ခမ်းနားထယ်ဝါလှပမှု ဟာလည်း ဖွဲ့မကုန်ဘူးပေါ့။
ဒီလိုနဲ့ ဒီအရပ်မှာရှိတဲ့ သူတွေဟာ မှောင်မိုက်ခြင်းကို မြတ်နိုးစရာ ထင်လာတယ်။ ဒီအရပ်မှာရှိတဲ့ အလင်းအားလုံးကို သူတို့ဟာ ချုပ်ငြိမ်းစေချင်လာကြတယ်။ ဒါတွေအားလုံးကို ဖြေရှင်း ဖို့တာဝန်ဟာ မင်းဆီမှာ အခုဆို ရောက်လာပြီ။
အဲ့ဒီ သမီးတော်လေးဆိုတာ ကျွန်တော် စိတ်ထဲမှာ မြင်လိုက် ရတဲ့ သူလား။ ဟုတ်တယ်။ သူဟာ မင်းကြားခဲ့ရတဲ့ ပုံပြင်ထဲကလို သစ်တစ်ပင် ဘဝရောက်နေတာတော့ မဟုတ်ဘူး။ သူဟာ အမှောင် ဘဝမှာ သူရဲ့အလင်းရောင်အတိတ်ကို မေ့လျော့နေတာ။
အချစ်စစ် တစ်ခုပဲ ဒီအတိတ်မေ့လျော့ခြင်းကို ပြေစေနိုင်မယ်။ ကျွန်တော့်၏ စိတ်အာရုံတွင် သူမ၏ရုပ်သွင်ပေါ်လာလေလေ သူမကို အမှန်ပင် တွေ့မြင်လိုစိတ်က များလာလေလေ ဖြစ်နေသည်။ကျွန်တော်က ရုတ်တရက်ပင် ဒါဆို အဲဒီမှောင်မိုက်ရဲ့တမန်တော် ဆိုတဲ့ ခင်ဗျားတို့ပြောတဲ့ မြင့်မြတ်လှတဲ့ ဘခင်ကြီးရဲ့ သမီးတော်ဆိုတာ ဘယ်မှာရှိလဲ ကျွန်တော့်ကို ပြောပါ။ ကျွန်တော်သွားမယ်။ ပြီးရင် ကျွန်တော်…
ကျွန်တော့်စကားမဆုံးမီပင် မိန်းမကြီးက
အံမယ် မင်းလောက်အစွမ်းအစလေးနဲ့။ အဲဒါတွေ အသာထား။ အခုအရေးကြီးတာက မင်း ဒီသစ်တောကို ကျော်ဖြတ်သွားနိုင်ဖို့လိုသေးတယ်။ ဒီလို သွားနိုင်ဖို့ဆိုတာ ငါတို့မှာ နည်းတစ် နည်းပဲ ရှိတော့တယ်။ အဲဒါ မင်းက ယုံယုံကြည်ကြည် မင်းရဲ့အရိပ် ကို ဒီမှာထားခဲ့မယ် ဆိုရင်တော့ မင်း လွယ်လွယ်ကူကူ ဖြတ်ကျော် သွားနိုင်လိမ့်မယ်။
ဒါဆို ကျွန်တော် အိမ်ကို ဘယ်လိုပြန်လို့ ရတော့မလဲဗျ။ ပြီး တော့ အဒေါ်တို့က ကျွန်တော့်အရိပ်ကို မိစ္ဆာဆိုးလက်ထဲ အပ်လိုက်ရင် ဘယ်လိုလုပ်မလဲ။
ဒါ မင်းစဉ်းစားပါ။ ဒီတာဝန်တစ်ခုလုံးပြီးမြောက်ရင် အချိန် မရွေး မင်းရဲ့အရိပ်ကို မင်းလာပြန်ယူနိုင်ပါတယ်။ ငါတို့ လုံလုံခြုံခြုံသိမ်းထားမယ်။ ဒါ ငါတို့ပေးနိုင်တဲ့ကတိပဲ။
မင်းရဲ့တာဝန် တစ်ရပ်လုံး အောင်မြင်နိုင်ဖို့၊ ဒီသစ်တောကို ဖြတ်ဖို့ ပထမဆုံး မင်းလိုအပ်တာက ငါတို့အပေါ် ယုံကြည်မှုပဲ။ ဒါမှမဟုတ်ရင် မင်းဟာ ထာဝရအိမ်ကို မပြန်နိုင်ဘဲ ဖြစ်သွားလိမ့်မယ်။
ကျွန်တော်က ပြန်၍ အဒေါ်တို့ကို ကျွန်တော်က ဘယ်လို ယုံရမှာလဲ။
မင်းမှာ အဲဒီအရည်အချင်း ရှိနိုင်ပါတယ်။
ဒါပေမဲ့ ဒီနေ့တော့ မင်းဘယ်ကိုမှ မသွားနဲ့တော့။ အပြင်မှာလဲ အမှောင်ရိပ်သန်းနေပြီး။ သွား ဟိုမှာ မင်းရဲ့အခန်း။ ဒီည အဲဒီမှာပဲ အိပ်သွား။
ကျွန်တော်လဲ ဘာမျှ ပြောမနေတော့ဘဲ ထိုအခန်းထဲသို့ ဝင် သွားလိုက်တော့သည်။ အခန်းထဲရောက်သောအခါ ရုတ်တရက်
ကိုယ့်ကိုကိုယ် အမြင်မှားနေသည် ဟုပင် ထင်မိသွားသည်။
၎။ အခန်းတွင်းမှာ
အခန်း၏အပြင်အဆင်ကို မြင်တော့ ကျွန်တော် ရုတ်တရက် ဆွံ့အသလို ဖြစ်သွားသည်။ ရုတ်တရက် အိပ်မက်က နိုးလာပြီး ကိုယ့်အခန်းထဲ ကိုယ်ပြန်ရောက်နေသလား ဟုပင် တွေးမိသည်။ တံခါးခေါက်သံကို ကြားရသည်…ဒေါက် ဒေါက် ဒေါက်။ ငြင်သာစွာ။ ကျွန်တော် တကယ်ကြားလိုက်သည်ဟု လက်မခံချင်။ ကျွန်တော်သည် အိမ်မှ အလွန်ဝေးသောနေရာတွင် ဖြစ်သည်။ ကျွန်တော်၏ အခန်း…ငြင်သာတဲ့ တံခါးခေါက်သံ။ ကျွန်တော်သည် အိမ်မှာ နေစဉ်က ကိုယ့်အခန်းတံခါးကို အမြဲသော့ခက် ပိတ်ထားတတ်သည်။
အခန်းထဲသို့ ၀င်လိုလျှင် ကျွန်တော်ဖွင့်ပေးမှ ၀င်ရသည်။ ကျွန်တော့်မိခင်သည် ယခုလို တံခါးလာခေါက်တက်သည်။ ကျွန်တော့် မိသားစုဝင်များ တံခါးလာခေါက်တတ်သည်။
အလုံပိတ်ထားသောအိပ်ခန်းနှင့် တံခါးခေါက်သံ။ ကျွန်တော် အိမ်မှာ ရောက်နေရပြီ။ တံခါးကို ဖွင့်လိုက်သောအခါ အိမ်ရှင်အမျိုးသမီးကြီးကို တွေ့ရသည်။ သူ အခန်းထဲ ၀င်လာသည်။ ကျွန်တော် သူ့ကိုကြည့်ရင်း ကြည့်ရင်း သူသည် ကျွန်တော်မိခင်နှင့် တူတူလာသည်။ သူမ စကားတစ်ခွန်းမျှ မပြောပါ။ သူမ၏ မျက်ဝန်းများတွင် စိုးရိမ်စိတ်ဖြင့် ပူလောင်နေမှုများ၊ ကြင်နာမှုကြောင့် အေးချမ်းခြင်းများ တဖြက်ဖြက် လက်နေသည်ဟု ကျွန်တော်ထင်မိသည်။ သူမ တစ်စုံတစ်ခုကို ကြိုးစားပြောချင်နေသလိုလိုနှင့်။ ထို့နောက် ဘာမျှ မပြောတော့ဘဲ တံခါးရွက်တွင် ရှိနေသော ပုံလေးတစ်ခုကို ညွှန်ပြပြီး ပြန်ထွက်သွားသည်။ သူမ ညွှန်ပြတော့မှ သတိပြုမိသည်။ တံခါးရွက်ပေါ်တွင် အောက်ပါပုံကိုတွေ့ရသည်။
ပန်းပွင့်လိုလို စာရွက်များလိုလို ပုံဖြစ်သည်။ မည့်အကြောင်းကြောင့်မှန်းတော့မသိ ထိုပုံတွေ့မှ အိမ်ကို လွမ်းဆွတ်သလိုလို ခံစားမိလိုက်သေးသည်။
အခန်းထဲတွင် စာအုပ်များက ဟိုတစ်ပုံ ဒီတစ်ပုံ။ အိပ်ယာထက်တွင် စာအုပ်တစ်အုပ် ပွင့်လျက်မှောက်လျက်သားရှိနေသည်။ ကျွန်တော် ဖတ်လက်စ စာအုပ်ဖြစ်မည်။ ကောက်ကိုင်ပြီး ကြည့်ကြည့်မိသည်။ ပွင့်နေသည့် စာမျက်နှာကို တွေ့လိုက်သည် ဆိုရုံမျှနှင့် စကားသံများ နားထဲရောက်လာသည်။
ဖြစ်တည်ပြီးသမျှတို့ ဘဝတစ်ခုသို့ ကူးသွားသည်ကို လူတိုင်း မြင်မိနိုင်သည်။ တစ်ချိန်က သေနတ်သံနှင့်သွေးစက်သည် သမိုင်းဟူသော ဘဝတစ်ခုတွင် စကားလုံးများအဖြစ် နေထိုင်ကြရလေသည်။
စာသားတို့တွင့် မျှော်လင့်ခြင်းတစ်ခု ရှိသည်။ ၄င်းမှာ စာသားမှပုံရိပ်သို့ ကူးပြောင်းပေးမည့် စိတ်ခွန်အားတစ်ခုဖြစ်သည်။ ၄င်းစိတ်ခွန်အားသည် တစ်ခေတ်မှ တစ်ခေတ်သို့ ဆင့်ကဲဖြစ်တည်လာရာမှ ပြည့်စုံမည်နေ့သည် ရောက်ရပြီ။
ကျွန်တော် ကြောင်တိကြောင်ကန်းဖြင့် ကြားနေမိရာမှ အလန့်တကြား စာအုပ်ကို ပြန်ပစ်ချလိုက်သည်။ မျက်စိထဲတွင် လူများအဖြစ်မှ စကားလုံးများ အဖြစ်သို့ ဘ၀ကူးပြောင်းသွားသောသူ များကို မြင်နေမိသည်။ စကားလုံးဘ၀ဖြင့် လွတ်လပ်ရေးကြိုးပမ်းမှုများ၊ ကမ္ဘာ့စစ်ပွဲများ။ ကျွန်တော် မြင်ယောင်လာသည်။
မည်သည့်အသံမှ မကြားရတော့။ ကျွန်တော်လည်း ငါ အထင်များ မှားသွားသလား ဆိုပြီး စာအုပ်ကို ပြန်ကောက်ကိုင် လိုက်သောအခါ…
မာတိကာကို ဖွင့်မိလျက်သားဖြစ်နေသည်။ အက္ခရာများ အစီအရီဖြင့် အမျိုးမျိုးသောအကြောင်းအရာများ အာရုံထဲတွင်။
ရုတ်တရက်တံခါးရွက်ပေါ်မှ ပုံကို သတိရမိလာသည်။ စာအုပ်ထဲတွင်များ တွေ့ရမလား ဟု သိချင်စိတ်ပေါ်လာသည်။ သို့သော် ဘယ်လို ရှာဖွေရမည်ကို မသိဖြစ်နေသည်။ စာရွက်များလေတိုက်သလို တဖြက်ဖြက်ဖြင့်လန်ကာ ပွင့်သွားသည်။ လေးထောင့်ပုံများ။ ကမ္ဘာ၏မြေပုံများကို လူများက လေးထောင့်စတုဂံ အတွင်းတွင် ဆွဲလေ့ရှိကြောင်း၊ ကမ္ဘာတွင် အရပ်လေးမျက်နှာသက်မှတ်ထားကြောင်း၊ ဆပွားကာ အရပ်(၈)မျက်နှာ၊ (၁၂)မျက်နှာ အဖြစ် ခေါ်ဆိုမှု တိုင်းတာမှုများလည်း ရှိကြောင်း….
စာအုပ်ကို ပြန်ချထားလိုက်သည်။ ကိုယ့်ကိုကိုယ် ကမ္ဘာ၏မည်သည့် အရပ်မျက်နှာတွင် ရောက်လို့ရောက်မှန်း မသိသည့် အခြေအနေကို သတိပြုမိလာသည်။ အတိတ်သည်လည်း စာမျက်နှာများကဲ့သို့ အမြင်အာရုံတွင် တရိပ်ရိပ်။
ထိုသို့စဉ်းစားမိသောအခါ ကိုယ့်ကိုကိုယ် ငါ ဘယ်စာမျက်နှာအထိ ရောက်ပြီလဲ ဟု မေးမိတော့မတတ်ဖြစ်လာသည်။ မျက်လုံးများ မှေးစင်းလာတော့ ဘယ်အချိန်တောင်ရှိပြီလဲ မသိဘူး ဟု တွေးမိသည်။ ချက်ခြင်းလိုလိုပင် အချိန်နှင့် ပတ်သက်သည့် အရာများမျက်လုံး ရှေ့တွင်ပေါ်လာသလို မြင်ယောင်လာသည်။ လူတို့သည် နေအလင်းရသည့်ကာလအတိုင်းအတာ နှင့် နေအလင်းမရသည့်ကာလအတိုင်းအတာ ကို သိဖို့လိုအပ်သည်။ သို့မှ သွားလာလုပ်ကိုင်မှုများတွင် အဆင်ပြေနိုင်မည်။ ထိုအတိုင်းအတာ ရေတွက်မှုကို အချိန်အဖြစ် သက်မှတ်ကြသည်။
နာရီများဖြင့် ပိုင်းခြားကြသည်။ နေနှင့်လ၊ နေ့နှင့်ည က အချိန်နာရီ ဖြစ်ပေါ်လာစေဖို့ရန် အရင်းအမြစ်ဖြစ်သည်။ မျက်စိထဲတွင် နေနှင့်လ၊ နေ့နှင့်ည ဆိုသည့် အမြစ်များမှနေကာ အချိန်နာရီမိနစ်စက္ကန့် အခက်၊ အရွက်၊ အပွင့်၊ အသီးများ ဖူးပွင့်သီးဝေ လာသည်ကို မြင်နေရသကဲ့သို့။ သို့သော် နာရီမိနစ်စက္ကန့်တို့သည်သာ အာရုံစိုက်မှု ခံနေရသည်။ နေ့နှင့်ည ဆိုသည်မှာ နာရီက ပိုင်းခြားပေးနေသကဲ့သို့ ဖြစ်သည်။ နံနက်(၁း၀၀) ဆိုသောကြောင့် နံနက်ခင်းရောက်သွားသလိုလို(အမှန်တွင် ညနက်ချိန်သာရှိသေးသည်)။
ထိုသို့ ထိုသို့ မြင်ယောင်ကြားယောင်နေရာမှ ပြန်စဉ်းစားမိသည်။ ဤအခန်းသည် ကျွန်တော့်စိတ်ကူးတိုင်းကို အချက်အလက်ဖြင့် လိုက်ရှင်းပြနေသည် ဟု ထင်မိလာသည်။
အာရုံညောင်းပြီ၊ အိပ်မှာဖြစ်မည်။
သင်အိပ်စက်သောအခါ အိပ်မက်များ မြင်မက်နိုင်သည်။ အိပ်မက်ဆိုသည်မှာ… ထိုသို့ မဆုံးနိုင်တော့သော သင်ခန်းစာများ ကြားမှာပင် ကျွန်တော် အိပ်မက်မက်ဖြစ်အာင်မက်နိုင်လိုက်သည်။
ဤနေရာတွင်သီချင်းမဆိုရ
သီချင်းမဆိုရဟု တားမြစ်ခြင်းသည် တဆိတ်တော့ လွန်လွန်းသည် ဟု ထင်မိသည်။ အသံတစ်ခု သဲ့သဲ့ကြားလိုက် သည်။ သီချင်းညည်းသံတစ်ခု။ ကျွန်တော်သိနေသည်။ စည်းရှိမှတော့ ဖေါက်သူရှိလို့ကို ဖြစ်ရမည်။ ကျွန်တော့်အနားမှ တဖြောင်းဖြောင်းဖြင့် မြင်းခွာသံများကြားတော့ အလန့်တကြား ဟိုဘက်ပြေးကပ်ရမလို၊ ဒီဘက်ပြေးကပ်ရမလို ဖြစ်သွားသည်။ ကြုံတဲ့နား ပြေးကပ်မိလိုက်သည်တော့ မှတ်မိသေးသည်။ လူတွေ နေတဲ့နေရာမှာများ သီချင်းမဆိုရတဲ့။ မြင်းတွေကလည်း ဒီလောက် စည်းချက်တွေ တညံညံပေးနေမှ ဖြင့်…ဟုပါ တွေးမိသေးသည်။
ကျွန်တော့်၏ ရင်အတွင်း တလှိမ့်လှိမ့်ဖြင့် စေ့ဆော်မှုတစ်ခုက ကြီးထွားလာသည်။ ကျွန်တော် ထူးပြီး အံ့သြမနေတော့ပါ။ ကျွန်တော် အလွန်သီချင်းဆိုချင်လာပါသည်။ ကျွန်တော် မခံမရပ်နိုင်သည့် အဆုံး နှလုံးသားဆာငတ်နေသောအရာများကို တတွတ်တွတ်ဖြင့် သံစဉ်များ သီနေမိပါတော့သည်။ သူမ၏ ၀င်းပသော သဏ္ဍာန်၊ မမြင်နိုင်သော်လည်း ကျွန်တော့်ကို မလှုပ်အောင် ချုပ်ထားသည့် အရာများ (သူမအနား အပြေးသွားလိုသည့် ခြေအစုံကို မည်သည့်အရာများက ချုပ်နှောင်ထားသနည်း)။
ထိုသို့ အဖြစ်အပျက်အစဉ်ကို သီချင်းများ အဖြစ်သီကုံးကာ ရွတ်ဆိုမိနေတုန်း အနားတွင် တစ်စုံတစ်ယောက် ဖြတ်ခနဲ ပေါ်လာသည်။ ဒါမှမဟုတ် အခုမှ ကျွန်တော် စတင် ဖြက်ခနဲ မြင်လိုက်သည်လည်း ဖြစ်နိုင်သည်။ သူက ကျွန်တော့်ကို တိတ်တိတ်နေ ဖို့ အချက်ပြသည်။ ထို့နောက် ကျွန်တော့်ကို လက်စွဲကာ ပြေးပါလေတော့သည်။ ကျွန်တော်လည်း အဘုမသိ၊ အဘမသိနဲ့ လိုက်ပြေးရ တော့သည်။ ကျွန်တော် မေးမည်ဟု ကြံသေးသည်။ သူ့ပါးစပ်ရှေ့နားကပ်ကာ ထောင်ထားသော လက်ညှိုးသည် ထိုအနားတွင်ပင် ကပ်လျက် ရှိသေးသောကြောင့် လိုက်၍သာ ပြေးမိတော့သည်။
အတော်အတန် အိမ်ထူထပ်တဲ့နေရာရောက်မှ ဟိုအိမ်ကြားလမ်း ဒီအိမ်ကြားလမ်းဝင်ရင်း ကျွန်တော် ခေါင်းမူး၍ပင်လာသည်။ ကျွန်တော်လည်း ကိုယ်တိုင်ဘယ်မှန်းမသိတဲ့ နေရာရောက်တော့မှ သူက အရှိန်လျှော့ပြီး…ခင်းဗျား ဗျာ သိပ် မရဲတင်းလွန်းနဲ့ဗျ။ စီမံချက် တွေရှိတယ်။ ခင်ဗျားတစ်ခါထဲ ကွိသွားမယ်။
ဘယ်လိုလဲဗျ။ သီချင်းဆိုတာ ဒီလောက်ကြောက်စရာလား ဟု ကျွန်တော် ပြန်မေးမိသည်။ သူက ကျွန်တော့်ကို အံ့သြသလို ကြည့်ရင်း…ခင်ဗျား သီချင်းဆိုတာ တကယ်မကြောက်ဘူးလား ဟု ပြန်မေးသည်။
ကျွန်တော် ပိုပြီး အူလည်လည် ဖြစ်သွားသည်။ သီချင်းဆိုတာပဲ ကြောက်စရာလား ဟု ပြောမည်ကြံပြီးမှ… ဟိုဗျာ… အဖမ်းခံရမယ် ဆိုရင်တော့ ကြောက်မှာပေါ့။
သူ ဆိုလိုသည်မှာ ထိုသို့မဟုတ်ပါ။ သူ သည် သီချင်းများကို ကြောက်ရွံ့သော်လည်း သီချင်းစပ်ဆိုမှု မပြုဘဲ၊ သီချင်း မဆိုဘဲ မနေနိုင်သူသာ ဖြစ်သည်။ သူပြောပုံအရ ဆိုမိသော သီချင်း၏ စကားလုံးတိုင်းသည် တကယ့်ဖြစ်ရပ်များတွင် သက်ဝင် ဖြစ်ပွားလာသည် တဲ့။ ဘယ်ကဗျာဆရာမှ မရေးချင်လောက်အောင် အပ်ကြောင်းထပ်ပြီးသော စာကြောင်းဖြစ်နိုင်သည်။ အဲဒီ့လူ ဒီပုံမျိုးများ ကျွန်တော်တို့အရပ်တွင် သွားပြောလျှင် အတော်အဟားခံရမည်။ သို့သော် ကျွန်တော် မဟားမိ။ ဘာပြန်ပြောရမည်လဲ မသိ။ စကားလုံးတိုင်းက တကယ်ဖြစ်ရပ်မှာ အသက်ဝင်လာရင်ကော… စဉ်းစားမိတော့မှ ကျွန်တော်ဆိုခဲ့သည့် သီချင်း စကားလုံး တိတိကျကျ ကို မှတ်ပင်မမှတ်မိ တော့ ကြောင်း သတိထားမိသည်။
သို့သော် သူမအား တမ်းတသည့် စကားလုံးများ၊ သူမနှင့်နီးစပ်ဖို့ရန် မျှော်လင့်ခြင်းများ၊ ဝေးကွာနေရသည့် အပေါ် မကျေနပ်နိုင်မှုများ ပါဝင်သည်မှာ ကျိန်းသေသည်။စကားလုံးများ အသက်ဝင်လာမည် ဆိုလျှင်…။ တမ်းတခြင်း၊ မျှော်လင့်ခြင်း၊ မကျေနပ်ခြင်းများ သာ အသက်ဝင်လာတော့မည်။ ပေါင်းစည်းခြင်း မပါရှိ။ ကျွန်တော်ကို ဆွဲခေါ်လာသူကလည်း စိတ်ပျက်လက်ပျက်ဖြင့် ကြည့်နေသည်။ ပြီးမှ ခင်ဗျားရဲ့ သီချင်းကြောင့် ဒီအရပ်မှာရှိတဲ့ ချစ်သူတွေအတွက် တမ်းတမျှော်လင့်မကျေနပ်စရာ ထပ်ပိုသွားပြီပေါ့ဗျာ ဟု ပြောသည်။
ကျွန်တော့်ရဲ့သီချင်းက ဝေးကွာနေတဲ့ ချစ်ရသူတွေအတွက် ချစ်ခြင်းမေတ္တာကို မခိုင်မြဲစေနိုင်ဘူးလား… တွေးမိသည်။ ထိုအခိုက် အသံတချို့ကို သဲ့သဲ့ကြားမိသည်။ နား နားတွင် ကပ်ပြီး ပေါ်လာသလိုလို … လုဆစ်ဒ်ဒရင်းမ် လို့ခေါ်တဲ့ အိပ်မက်မျိုးမှာ သင်ဟာ ကိုယ်အိပ်မက် နေကြောင်း ကိုယ်သိနေလိမ့်မည်…ထိုသို့ အိပ်မက်ခြင်းကြောင့်… … … …
ဒီလိုအခန်းမျိုးတွင် ညအိပ်ရသည်မှာ အတော်စိတ်ပျက်ဖို့ ကောင်းသည်။ အိပ်မက်မက်နေတုန်းပင် လာရှင်းပြနေသောကြောင့် အိပ်မက်ပင် အဆက်ပျက်သွားတော့မတတ်။ သို့သော် ကျွန်တော် ပြန်အိပ်ပျော်သွားသည်။
===
သူမ…
အဘယ့်ကြောင့် သူမ ထိုမျှ ငြိမ်သက်နေရသလဲ…
လှုပ်ရှားခြင်း ကင်းမဲ့တာကလွဲလို့ ဘယ်အရာမှ ယိုယွင်းမနေဘူး…။
ကြည်လင်တဲ့ကျောက်သားတွင်းမှာ တည်ငြိမ်စွာ လှဲလျှောင်းနေတယ်။
(အိပ်စက်နေတယ်လို့ ကျွန်တော်က မြင်တယ်။)
ကိုင်တွယ်ထိတွေ့ဖို့ကျတော့ ကျောက်သားတွေက တားဆီးထားတယ်။
မမြင်နိုင်အောင်တော့ ပိတ်ကာမထားဘူး
…ဒဏ္ဍာရီတခုထဲမှာ…ကျိန်စာသင့်အိပ်စက်ခြင်းကို ရောက်နေတဲ့
မင်းသမီးလေးဟာ မင်းသားလေးနမ်းတော့ ပြန်နိုးထလာခဲ့သတဲ့။
ကျွန်တော့်အဖို့မှာတော့ ထိတွေ့ဖို့ဆိုတာမဖြစ်နိုင်ဘူး…။
နှလုံးသွေးတို့ ဆူကြွပြီး…သီချင်းတပုဒ်အဖြစ် နှုတ်ခမ်းထက်ကနေ
ပွင့်ကျလာတယ်…။
ဒါ ကျွန်တော့်ရဲ့ နှလုံးသွေးတွေ..
ကာဆီးထားတဲ့ ဒီကျောက်သားကြည်ကြည်ဟာ ကျွန်တော့် နှလုံးသွေးသီချင်းရဲ့
လှိုင်းဒဏ်ကို မတားဆီးနိုင်ဘူးလို့ အလိုလိုယုံကြည်လာမိတယ်။
ဒီလိုနဲ့…သီဆိုရင်း…သီဆိုရင်း…အားအင်မဲ့တဲ့အထိ။ အရုပ်ကြိုးပျက်လဲကျတဲ့ အထိ။
ထပ်ပြီး နည်းနည်း အားအင်စုစည်းမိတာနဲ့…ထပ်ဆိုတယ်…။
ကျောက်သားအတွင်းက ချစ်ခြင်း ရုတ်တရက် မျက်တောင်များခက်လိုက်လေသလား…။
မရေမရာမြင်လိုက်တယ်။…ကျွန်တော် အားပိုတက်လာတယ်။
ဒီမှာ ချစ်ခြင်း…ငါ့မှာရှိသမျှအား..မင်းအတွက် သီချင်းများသာ…ဖြစ်စေရမယ်။
မင်း ရှင်သန်လာတဲ့ အထိပေါ့…။
သီဆိုရင်း…ချစ်ခြင်းရဲ့ မျက်ဝန်းတွေ ပွင့်လင်းပြီး လှုပ်ရှားလာတာကို တွေ့လိုက်တယ်။
ကျောက်သားတွေက ကာထားလျက်ရှိဆဲပဲ…။
ဒီကျောက်သားလည်း ကျွန်တော့်သီချင်းအောက်မှာ
မကြာခင်ကွဲအက်ထွက်သွားမယ်…ယုံကြည်မိတယ်။
ထပ်ပြီး..အရုပ်ကြိုးပျက်လဲကျ…။
ချစ်ခြင် ပြန်လည်ရှင်သန်ပြီး လွပ်လပ်ထွက်လာဖို့အတွက်…
ငါဆက်ဆိုရမယ်…။
ဆက်ဆိုရင်း…နှုတ်ခမ်းလှုပ်နိုင်ရုံလေးနဲ့ ဆက်ဆိုရင်း…
ကြယ်တစ်ပွင့်ဟာ ကြွေကျလာပြီး..အလင်းကြည်ကြည်တွေ ကိုယ်ပေါ်သွန်းချလိုက်တယ်။
အလင်းခတဲ့ ခန္ဓာ ရွှင်ပြလာတယ်။
ချစ်ခြင်းကလည်း လက်လှမ်းရင်းကြိုလို့….။
(ချစ်ခြင်းရုပ်ကြွင်းမှ..)
အိပ်မက်ကနိုးတော့ အိပ်မက်ထဲ ရွှင်ပြခဲ့ရသမျှဟာ အလိုမပြည့်မှုအဖြစ် ဘ၀ပြောင်းသွားကြတော့တယ်။ ကြည်လင်သော အတားအဆီးများ၊ မမြင်နိုင်သော အချုပ်အနှောင်များ အစီအရီ ပြန်ခံစားမိနေသည်။ အိပ်မက်များသည် ပီပြင်လွန်းလှသည်။
Comment #1
ကောင်းတယ် ကိုသုညရေ ..
လေးစားတယ် .. ကျွန်တော်အဲ့ဒီ့လောက် မရေးနိုင်ဘူး ..
လန်၏