ပြသနာ
အဲဒီညနေက ပြသနာ အထွေးအရှုပ်တွေနဲ့ ၀င်္ကပါတောင်မှာ ကျွန်တော်ထိုင်နေတာပေါ့ဗျာ။ စေတီကလေးဆီက ဆွဲလည်းတစ်ခုသံက ထူးထူးခြားခြား အသံသာနေတာကို ကျွန်တော် သတိထားမိတယ်။
တစ်ခါတစ်ခါ တိုးဝှေ့လာတဲ့လေက ကျွန်တော့်ဆံပင်တွေကို ဖွကျဲသွားကြတယ်။
နေစောင်းသွားပြီဖြစ်လို့ ပြန်ဖို့ ကျွန်တော် ထလိုက်မယ်အလုပ်မှာ လူတစ်ယောက် ကျွန်တော့်ရှေ့ လာရပ်တယ်ဗျ။ မော်ကြည့်လိုက်တော့ ကြည်လင်သန့်ရှင်းတဲ့ သူ့မျက်နှာမှာ ပြုံးယောင်သမ်းနေတယ်။ သူ့အသက်က ခြောက်ဆယ်ဝန်းကျင်လောက် ရှိရော့မယ်။ သူက ကျွန်တော့်ကို . . .
မောင်ရင် ဒီမှာ လာထိုင်တာ သုံးရက်ရှိပြီတဲ့။
ကျွန်တော်လည်း ဘာပြန်ပြောရမှန်း မသိတာနဲ့ ခေါင်းကို ညိတ်ပြလိုက်မိတယ်၊ သူက ဆက်ပြီး ဆိုပြန်ပါတယ်။
မောင်ရင် ဒီမှာ အပျင်းပြေလာထိုင်တာတော့ ဟုတ်ပုံမရဘူး။
ကျွန်တော်က သူ့ကို ငေးကြည့်တယ်။ သူ့ကို အံ့သြတာလည်း ပါတာပေါ့၊ သူက ကျွန်တော့်စိတ်ထဲမှာ ဖြစ်နေတာတွေကို သိနေတဲ့ အမူအရာမျိုးနဲ့
လူ့လောကမှာ ပြသနာတွေ ရှိတာပေါ့၊ လူတစ်ယောက်က မိုးရွာထဲမှာ ထီးဆောင်းပြီးသွားရင်း တွေးမိတယ်ဆိုပဲ၊ မိုးဟာ အပေါ်က ရွာပေလို့သာပဲ၊ အောက်ကများရွာရင် ဘယ်လို ထီးဆောင်းသွားရပါ့မလဲလို့။ ဒီအတွေးနဲ့ သူ့မှာ အောက်က ရွာမယ့်မိုးကို ထီးဆောင်းရေး ပြသနာကြီးဖြစ်နေတယ်။ ဒါ တကယ်တော့ ပြသနာမှ မဟုတ်တာ ပြသနာ မဟုတ်တာကို ပြသနာလုပ်နေရင် ကိုယ်ပင်ပန်း စိတ်ပင်ပန်း ဖြစ်ရတတ်တာပဲ။ လူတွေဟာ ပြသနာအတုကို ပြသနာအစစ်ထင်ပြီး ပင်ပင်ပန်းပန်း ဖြေရှင်းနေတတ်ကြတယ်။ ဒီမယ် မောင်ရင် ပြသနာမဟုတ်တာကို ပြသနာမဟုတ်ဘူးလို့သိရင် ပြသနာဟာ ပြေလည်သွားတာပဲ။
သူနဲ့ကျွန်တော် ၀င်္ကပါတောင်က ဆင်းလာခဲ့ကြပါတယ်။
အဆင်းဖြစ်လို့ ဒါမှမဟုတ် ပြသနာတွေ လျောကျခဲ့လို့ ထင်ပါရဲ့။ ကျွန်တော့်မှာ ပေါ့ပါးသွက်လက် လွတ်လပ်နေတာတော့ အမှန်ပဲ။ ဆင်းလာရင်း သူက-
တစ်ခါတုန်းက ဖားပြုတ်တစ်ကောင်က ကင်းခြေများတစ်ကောင်ကို ကြည့်ပြီး ပြသနာဖြစ်နေတယ်တဲ့ မောင်ရင်ရဲ့၊ ကင်းခြေများရဲ့ ခြေထောက်တွေက သိပ်များတာပဲ။ ခြေတွေ သိပ်များတော့ သွားရင် ဘယ်ခြေထောက်ကစပြီး လှမ်းပါလိမ့်လို့ ဖားပြုတ်မှာ ပြသနာ အကြီးအကျယ် ဖြစ်နေတယ်။ ဒီလို ပြသနာဖြစ်ပြီး သူကိုယ်တိုင်တောင် ဘယ်လိုစ လှမ်းရ ခုန်ရမှန်းမသိ ဖြစ်နေတယ်တဲ့ မောင်ရင်ရဲ့ ပြသနာ မဟုတ်တာကို ပြသနာလုပ်နေတော့ လှမ်းလို့ရပါလျက်နဲ့ မလှမ်းမိ ခုန်လို့ရပါလျက်နဲ့ မခုန်မိနဲ့ လိုရာကို မရောက်တော့ဘူးပေါ့။ ပြသနာတစ်ခုဟာ စစ်မှန်တဲ့ ပြသနာဖြစ်တယ်ဆိုရင်တော့ ရှောင်နေလို့လဲ မရဘူး။ ဖြေရှင်းပစ်ရမှာပဲ၊ ပြသနာဆိုတာ ဖြေရှင်းရမယ့် အရာဆိုတော့ ဖြေရှင်းလိုက်ပေါ့ မောင်ရင်။
သူက ကျွန်တော့်ကို နှုတ်ဆက်ပြီးတော့ ခေမာသီဝံဘက်ကိုသွားတဲ့ လူသွားလမ်းကလေးအတိုင်း လျှောက်သွားပါတယ်။ သူသွားနေပုံက ဘာမှ ပြသနာမရှိတဲ့သူအဖြစ် သွားနေသလိုပါဘဲ။ သူသွားတဲ့အရပ်ကလည်း ဘာပြသနာမှ မရှိတဲ့အရပ် ဖြစ်ပါလိမ့်မယ်။
(နန္ဒသိန်းဇံ)
ကျွန်တော် သိပ်ကြိုက်တဲ့ စာရေးဆရာပါ ခင်ဗျာ..
Comment #1
Likie../