Professional Authors

မျှဝေခြင်း – တစ်

ကျွန်တော် ဆောင်းပါးလေးတွေ ရေးရတဲ့ ရည်ရွယ်ချက်ရှိတယ်ဗျ။ ကျွန်တော့် ဆောင်းပါးလေးတွေက တန်းတစ်ခုထဲ ရောက်ဖို့ အဆင့်မရှိပေမယ့်။ ခုချိန်မှာ အိမ်နဲ့ ဝေးနေတဲ့ သူတွေအတွက်နဲ့ စာပေကဗျာလိုက်စားတဲ့ လူငယ်တွေအတွက် ကျွန်တော်သိသလောက် ဆင်ခြင်သင့်တယ်၊ လုပ်သင့်တယ်ထင်တဲ့ ဟာလေးတွေကို share လုပ်ပေးတဲ့ သဘောမျိုးပဲဆိုပါတော့။ ဘာပဲပြောပြောဗျာ စာဖတ်သူ အားလုံးထဲက လူတစ်ယောက်လောက်ပဲဖြစ်ဖြစ် နည်းနည်းလေး စဉ်းစားမိတဲ့ အဆင့်လောက်၊ နားလည်သွားတဲ့အဆင့်လောက် ရသွားရင်ပဲ ကျေနပ်ပါတယ်ဗျာ။ လူကိုယ်တိုင် အများကောင်းကျိုးမစွမ်းဆောင်နိုင်ပေမယ့်။ တစ်တောင့်တစ်နေရာက သဲတစ်ပွင့် အုတ်တစ်ချပ်အနေနဲ့ ပါဝင်ရတယ် ဆိုရင်ပဲ ကျေနပ်ပါတယ်ဗျာ။ ကျန်တာတွေ သူများလို လုပ်နိုင်ဖို့ဆိုတာက အချိန်တွေနဲ့ အရည်အချင်းတွေ အများကြီးလိုသေးတယ်ဗျာ။

ဒီနေ့တော့ ကျွန်တော်တရားနဲ့ ပတ်သတ်တဲ့ ဆောင်းပါးလေး တစ်ပုဒ်လောက် ရေးချင်တယ်ဗျာ။
ကျွန်တော်တို့ လူရယ်လို့ စဖြစ်စကတည်းက ဆုံးရမယ်ဆိုတာ တစ်ခါတည်းပါပြီးသားပါ။ အားလုံးဟာ ဆုံးခြင်း(သေဆုံးခြင်း)တရားကို ကျော်ဖြတ်နိုင်တဲ့သူ မရှိသေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ခုကတည်းက နည်းနည်းကြိုတင်ပြင်ဆင်ထားသင့်တာပေါ့ဗျာ။ အရှေ့မှာ ချောက်ကမ်းပါးတစ်ခု ရှိနေတာကို သိနေတဲ့ သူတစ်ယောက်ဟာ
ငါ ဘယ်လို ရင်ဆိုင်သင့်တယ်ဆိုတာကို နည်းနည်းတော့ တွေးထားနိုင်ပေမယ့်။ သတိမကပ်ဘဲ လျှောက်နေတဲ့ သူတစ်ယောက်ဟာ ချောက်ကမ်းပါးကြီး ဘွားခနဲ ပေါ်လာတာနဲ့ ခြေမကိုင်မိ လက်မကိုင်မိဖြစ်တယ်ဆိုတာ မဆန်းပါဘူးဗျာ။ ဘယ်သူမဆို တွေ့ရာ အမှီကို ကြောက်အားလန့်အား ဆွဲကြမှာပါဘဲ။
ကျွန်တော်လည်း အရင်က ဘုရားတရား လုပ်တဲ့ကောင်တစ်ကောင် မဟုတ်ဘူးဗျ။ ဘုရားတောင် ရှစ်ခိုးတာမဟုတ်ဘူး။ ဘာသာတရားအပေါ် ယုံကြည်သက်ဝင်မှုလည်း မရှိသေးဘူးဗျ။ အမေက ဘုရားရှစ်ခိုးခိုင်းမှ အိပ်ယာထဲ ဖင်ဘူးထောင်ထောင် ရှစ်ခိုးခဲ့တဲ့ သူတစ်ယောက်ဗျ။ အမှန်အတိုင်းပြောရရင် ကျွန်တော်က တစ်လမ်းသွားဗျ။ ကွန်ပျူတာနဲ့ စာအုပ်က ကျွန်တော့်အဖော်။ ဒါကြောင့် စာအုပ်က ပေးတဲ့ ဗဟုသုတအချို့နဲ့ သင်ခန်းစာလေးတွေ တီးခေါက်မိတယ်ဆိုပါတော့ဗျာ။ မိုက်တော့ မိုက်တယ် သူများလောက်တော့ တွင်းမနက်ဘူးပေါ့ဗျာ။

ကျွန်တော် ဘာလို့ ဘုရားတရားတွေ လုပ်ဖြစ်တာလဲ၊ ပြောချင်တယ်ဗျ။ ကျွန်တော်က မှန်ကို အချိန်ယူကြည့်တဲ့သူထဲမှာ မပါဘူး။ ကျွန်တော် မှန်ကို သေသေချာချာကြည့်မိတဲ့ တစ်ရက်ပေါ့ဗျာ၊ ကျွန်တော့်အသက်က (25)နှစ်လောက်တုန်းက ပေါ့ဗျာ။ အဲဒီ့ကစ လုပ်ဖြစ်တယ်ဆိုပါတော့၊ အသက် (25)နှစ်ရုပ်ဟာ အရင်ရုပ်နဲ့ မတူတော့ဘူး ရင့်လာတယ်၊ ပြီးတော့ ခေါင်းပေါ်မှာ ဆံပင်ဖြူနှစ်ချောင်းကိုလည်း တွေ့လိုက်ရတော့။ သူများတွေ ဘယ်လို နေမလဲတော့ မသိဘူး။ ကျွန်တော် ချွေးတွေပြန်ပြီး လန့်သွားတယ်ဗျ။ ငါခေါင်းပေါ် သေမင်းအလံစစိုက်နေပါလားဆိုတဲ့ အတွေးနဲ့ပေါ့။ အရမ်းကို ထိတ်လန့်သွားတယ်ဗျ (တကယ်အဲလိုဖြစ်သွားတာဗျ) ဒီအချိန်မှာ ကျွန်တော် သတိဝင်လာတယ်။ ငါ ဘာလို့ အဲလောက်တောင် ကြောက်လန့်သွားရတာလဲ၊ ကြောက်လန့်တယ်ဆိုတာ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိလို့။ လက်ဆုပ်လက်ကိုင် ဘာမှ မရှိသေးလို့ လန့်တာဗျ။ ခုနေ ကျွန်တော့်ဘ၀ကို တစ်ကနေ ပြန်စဟေ့ကောင်လို့ ပြောရင် ကျွန်တော် မလန့်ဘူးဗျ။ ဘာလို့လဲ ကျွန်တော် ဘယ်တော့မှ ထမင်းငတ်မဲ့ ကောင်တစ်ကောင် မဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော့် ကိုယ်ကို ယုံကြည်မှုရှိလို့ပဲ။ အဲမှာ သတိစ၀င်လာတယ်။ တရားစာအုပ်တွေ ဦးစားပေးဖတ်လာတယ်။ ပထမဆုံး ကျွန်တော် အလေးအနက်စဖတ်တဲ့ စာအုပ်က အရှင်မဟာဇနကဘိဝိသရေးတဲ့ ကိုယ်ကျင့် အဘိဓမ္မာတဲ့ လွယ်ရင် ၀ယ်ပြီး ဖတ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ အဲဒီစာအုပ်ကို ကျွန်တော်ဖတ်တာ တစ်ညနဲ့ တစ်မနက်ကြာတယ်ဗျာ ဆက်တိုက်ဖတ်တာ လုံးဝ မအိပ်ဘူး ပြောချင်တာက အဲဒီစာအုပ်ဟာ မသိသေးတဲ့ အကြောင်းအရာတွေ အများကြီးပါသလို၊ သိပြီးရင်း သိချင်တဲ့ အမှန်တရားတွေ၊ စဉ်းစားစရာတွေ ပါလာတယ်။ မှတ်မိသေးတယ် အဲဒီ မနက် သုံးနာရီ လောက်မှာ ကျွန်တော် လိပ်ပြာ အခန်းထဲမှာ တစ်ယောက်တည်း စာအုပ်ဖက် ငိုနေမိတယ်ဗျ။ ဘာလို့လဲဆိုတာ ကျွန်တော် ခုထိစဉ်းစားလို့ မရသေးဘူး။ ခံစားမှုတွေ ရောနေတယ်။

ငါ ဘာမဟုတ်တဲ့ နည်းပညာပိုင်းဆိုင်ရာတွေ လိုက်စားနေတာ၊ တကယ်အကျိုးပြုမယ့် တရားကို သိနားလည်ဖို့ လိုသေးပါလားလို့လားလို့ တွေးမိတယ်။ ပြီးတော့ နည်းပညာဆိုင်ရာတွေက လိုက်ရင် လိုက်လို့ မဆုံးဘူးဗျ။ အသစ်တွေ တစ်ခုပြီး တစ်ခုပေါ်နေတာ။ လိုက်မှီဖို့ ဆိုတာ မလွယ်ကူဘူး။ ပညာမှာ ဆုံးခန်းတိုင်သွားတဲ့ သူဆိုတာ ဒီကမ္ဘာမှာ မရှိသေးဘူးဗျ။ ဘာလို့ အဆုံးမရှိတဲ့ အလုပ်တစ်ခုကို အချိန်အများကြီးလုပ်မှာလဲဗျာ။ အချိန်အချို့တစ်ဝက်ကိုတော့ သေဖို့အတွက် ပြင်ဆင်ထားသင့်တယ်။ တရားသိမှ မတရားတာကို သိမှာ ဒါမှလည်း အနည်းနဲ့အများ ရှောင်နိုင်မှာပေါ့ဗျာ။ ဒီအချိန်မှာ ကျွန်တော်တို့ တရားကို ပြည့်ပြည့်၀၀ကြီး မလုပ်နိုင်ကြပေမယ့် သိထားကြဖို့ လိုအပ်တယ်။ ဒါမှလည်း အချိန်ကာလတစ်ခုရောက်တဲ့အခါမှာ သိလွယ် နားလည်လွယ်မှာပေါ့ဗျာ။
ပုံပြင်လေးတစ်ပုဒ် ပြောပြချင်တယ်ဗျာ ဒီဆောင်းပါးလေး အရမ်းရှည်သွားမှာလည်း ကြောက်တယ် ဒါပေမယ့် ရှယ်ယာ လုပ်ပေးချင်လို့ ရေးလိုက်တော့မယ်နော်။ ဘုရားသက်ရှိထင်ရှား ရှိတဲ့ အချိန်ကပေါ့ဗျာ။ တိုင်းပြည်နာမည်မသိတော့ ဗာရာဏသီပေါ့ဗျာ၊ အဲဒီတိုင်းပြည်မှာ သူဋ္ဌေးကြီးတစ်ယောက်ရှိတယ်တဲ့ သူက ဘုရားကို ချစ်သလို သာသနာကိုလည်း မြတ်နိုးသူ တစ်ယောက်တဲ့ဗျာ။ ဒါကြောင့် ဘုရားနဲ့တကွ သာဝကတွေကို ပင့်ဖိတ်ပြီး အလှူကြီးတွေ ပြုနေသူဆိုပါတော့ဗျာ။ သူ့မှာ အသက်(၁၂)အရွယ် သမီးလေးတစ်ယောက်ရှိတယ်တဲ့။ သူမကလည်း သူ့အဖေအတိုင်း ဘုရားတရားတော်တွေကို ယုံကြည်သက်ဝင်တယ်တဲ့။ ငယ်ရွယ်သူဆိုတော့ တစ်ခုခုကို ယုံကြည်မိလိုက်ရင် အရမ်းကို ပြင်းပြင်းထန်ထန်ဖြစ်သွားတတ်တာ ဓမ္မတာမို့ သူဟာ ရဟန်းမ ဖြစ်ချင်တယ်တဲ့ဗျာ။ (အဲဒီ့ခေတ်တုန်းက သီလရှင်လို့ မခေါ်သေးဘူးဗျ) သူ့အဖေနဲ့ သူ့အမေက တားတယ်တဲ့ မ၀တ်ပါနဲ့ သမီးရယ် နောက်မှ ၀တ်ပါလို့ပေါ့လေ။ ဒါပေမယ့် အဲ့ဒီ ကလေးမက ဘယ်လိုမှ တားလို့မရဘူးဗျ။ အမျိုးမျိုး ဒုက္ခတွေပေး ဆန္ဒပြလုပ်တော့ နောက်ဆုံးမိဘတွေက သဘောတူလိုက်ရတယ်တဲ့။ ဒါနဲ့ သူမဟာ ရဟန်းမ ဖြစ်လာတယ်တဲ့။ ပထမတော့ သူ အားတက်သရော လုပ်တာပေါ့ဗျာ၊ နှစ်တွေ ကြာလာတော့ သူမဟာ ငြီးငွေ့လာတယ်ဗျ၊ အရွယ်လည်းရောက် သွေးသားတွေ တက်စပြုလာတဲ့အခါမှာ ပိုဆိုးတာပေါ့ဗျာ။ ဒီသစ်ခေါက်ဆိုးရောင် သင်္ကန်းကြီးနဲ့ ဆန္ဒတချို့ကို ထိန်းချုပ်နေရတာ သူ့လို ငယ်ရွယ်သူ သူဋ္ဌေးသမီးတစ်ယောက်အတွက် ပင်ပန်းဆင်းရဲခြင်းတစ်မျိုးပေါ့၊ ဒါကြောင့် သူ့မှာ ပျော်လည်း မပျော်နိုင်၊ စိတ်လဲ အရမ်းညစ်၊ တရားလဲ အားမထုတ်နိုင်နဲ့ ပိန်လိန်နေတာပဲတဲ့၊ ဒီခေတ်မှာတော့ လူပြေးထွက်ကြမှာပဲ အဲလိုတော့ အဖြစ်မခံနိုင်ဘူး လမ်းဘေးမှာ ဈေးပဲရောင်းရ ရောင်းရဆိုပြီးတော့လေ။ ဒါပေမယ့် အဲဒီ့ခေတ်က သစ္စာသမာဓိတည်တဲ့ ခေတ်ဆိုတော့ သူမဟာ လူလည်း မထွက်ဘူးတဲ့ ဘာလို့လဲဆိုတော့ သူမ လူထွက်ရင် ၀ိုင်းဝန်းအပြစ်တင် အရှက်ကွဲမှာ စိုးလို့တဲ့ဗျာ။  မိဘတွေ အတန်တန်တားကြတဲ့ အထဲက သူက အတင်းဝတ်ခဲ့တဲ့သူဆိုတော့ ပိုဆိုးတာပေါ့ဗျာ။ သူ့ကို ကြည့်လိုက်ရင် ညှိုးငယ်ပိန်ခြောက်နေတယ် ဆိုပါတော့။ စိတ်ညစ်နေတာပေါ့ဗျာ။ ဒါပေမယ့် သူမဟာ အလျော့တော့ မပေးသွားဘူးဗျ။ ဇွတ်မှိတ်ပြီး နေ့စဉ် တရားတွေကိုတော့ လိုက်နာကျင့်သုံးသွားတယ်။ တရားတော့ လုံးဝမရဘူး။ ဒါကို သူမကိုယ်တိုင်လည်း သိတယ်။ ဒါပေမယ့် သူမ အလျော့မပေးဘဲ ဆက်လက်ရပ်တည်ခဲ့တယ်တဲ့။ အသက် 60ကျော်လောက်မှာ သူမ စိတ်ဓါတ်ကျလာတယ်ဗျ။ တရားတွေလည်း လုပ်ပါရဲ့ သူများတွေသာ ရဟန္တာမတွေဖြစ်သွားတယ်၊ သူမဟာ ပုထုဇဉ်ပဲ ရှိသေးတယ်။ လုပ်တာလဲ တူတူပဲ၊ ကျင့်တာလဲ တူတူပဲ။ နောက်ဆုံး ဘယ်လို စဉ်းစားလိုက်လဲ ဆိုတော့ ဒီတစ်သက် ငါတရားမရတော့ပါဘူးဆိုပြီး ကိုယ့်ဟာကိုယ် သတ်သေဖို့ စဉ်းစားလိုက်တယ်ဗျ။ ဒါတောင် သူဟာ တရားမရသေးပင်မယ့် တရားရည် ပြည့်ဝနေတဲ့ သူတစ်ယောက်နော်။
နောက်ဆုံး ဘယ်သူမှ မရှိတဲ့ တောင်ပေါ်မှာ ကိုယ့်ဟာကိုယ် ကြိုးပေးမလို့ တက်သွားတယ်တဲ့။ သူဟာ တရားကို အမြဲ နှလုံးသွင်းနေသူဆိုတော့ နှလုံးသွင်းရင်းနဲ့ပေါ့ဗျာ။ တောင်ပေါ်ရောက်လို့ သစ်ပင်ကို ကြိုးဆွဲပြီး အောက်မှာ သစ်တုံးခု ပြီးတော့ သစ်တုံးပေါ်မှာ ရပ်ပြီး ကြိုးကို ဆွဲယူလိုက်တဲ့ ခြေအကြွမှာပဲ ဖြစ်ပျက်တရားကို မြင်ပြီးရဟန္တာမ ဖြစ်သွားတယ်တဲ့ဗျာ။ ဘယ်လောက် အံ့သြဖို့ ကောင်းလဲ၊ ရဟန္တာမဖြစ်သွားတော့ ကြိုးကွင်းလဲ သစ်ပင်ပေါ်က လျှောကျ သူလည်း ခန္ဒာအေးငြိမ်းခြင်း ရသွားပြီဆိုတော့ ဈာန်နဲ့ သူ့ရဲ့ ကျောင်းကို ပြန်ကြွသွားသတဲ့။ ဒါကြောင့် ကျွန်တော်ပြောချင်တာက ခုကတည်းက ပြင်ဆင်ထားခဲ့ရင်လည်း ကျွန်တော်တို့ အတွက် တစ်ချိန်ချိန်မှာ အကျိုးပေးမှာပါ။ ဒါကို ပါရမီလို့ပဲခေါ်မလားလို့တော့ မသိဘူး။ လူတစ်ချို့ ရှိတယ် လူငယ်တွေရော လူကြီးတွေထဲမှာရော မြင်နေရတယ်။ ငါတို့ကတော့ မလုပ်တော့ပါဘူးကွာ ပါရမီမပါဘူး။ သေရင် ဘယ်သွားသွားဆိုတဲ့ လူကြီးတွေ ရှိတယ်ဗျ။ အမှန်တော့ သူတို့ ပါးစပ်က လွယ်လွယ်လေးပြောလိုက်တာ တကယ်ရင်ဆိုင်ရရင် အဲလိုမျိုးလွယ်လွယ်လေးနဲ့ ရင်ဆိုင်နိုင်ပါ့မလားဗျာ။ ပြောချင်တာက ပါရမီဆိုတာ မွေးယူရတယ်လို့ ယုံကြည်တယ်ဗျာ။ မရှိသေးရင် ရှိအောင်လုပ်၊ ရှိရင်လည်း ဒီ့ထက် ပိုရှိအောင်လုပ်ဗျာ။ ဒီပါရမီ အကြောင်းနဲ့ ပတ်သက်တဲ့ ပုံပြင်လေးတွေလဲ ရှိသေးတယ်။ ချပြချင်တယ် ဒါပေမယ့် စာကလည်း အရမ်းရှည်သွားမှာ စိုးတယ် ဒါကြောင့် ကြုံမှပဲ share တော့မယ်နော်။

 

စာဖတ်သူတွေကလည်း ကျွန်တော်ရဲ့ လိုအပ်ချက်တွေကို ညွှန်ကြားပြသပေးနိုင်ပါတယ်ဗျာ။
စာဖတ်သူအားလုံးကို လေးစားလျှက်
(8-1-2011)
လိပ်ပြာ

Comment #1

ဟုတ်ပါပြီ … အသစ်မို့လို့ ဘယ်လိုပဲဖြစ်ဖြစ် အားပေးခဲ့တာပါဗျာ။ နောက်ထက် ဘာရေးဦးမလဲ ဒီအမွှမ်းတင်တာတွေရပ်သွားရင်…ဆိုပြီး စောင့်ကြည့်နေတာလဲ ပါပါတယ် .. . ဒါနဲ့ ဇာတိ add ထားတယ်။ accept လုပ်လိုက်ဦး …..

Comment #2

minyarzaraung နာမည်နဲ့လေ… dchittoo ထဲမှာ

Leave Comments

Name*

Email*
Website
Email me whenever there is new comment