ကမ္ဘာ့သမိုင်းအစအဆုံး
အမှောင်ထုအတိပြီးနေသော နေရာဖြစ်သည်။ ၄င်းအရပ်တွင် နေထိုင်သူတို့သည် အမှောင်ကိုသာ မြင်နိုင်ကြသည်။ အမှောင်သည် နှစ်သက်ဖွယ်ရာအတိ၊ စိုးရိမ်ဖွယ်ရာအတိ။ ထိုအရပ်တွင် နေထိုင်သူတချို့က အမှောင်ထဲမှ ဆွဲမိဆွဲရာ အဆိပ်မျှားကို ရောဂါကုသဖို့ရန် ဆေးဝါးထင်ကာ အသုံးပြုခဲ့ဖူးကြသည်။ အချို့က သေနတ်တစ်လက်ကို ငြိမ်းချမ်းရေးဂျိုးငှက်အဖြစ် လွှတ်ဖောက်သည်။ အချို့ကမြင်ရသည်ဆိုကာ အမှောင်ထု ပိတ်ကားထက်က သူတို့၏စိတ်ကူးယဉ်ပုံရိပ်များကို သူတို့၏ကမ္ဘာဟု မှတ်ယူနေကြသည်။
မမျှော်လင့်ထားဘဲ အလင်းတန်းတစ်ခု မယုံကြည်နိုင်စွာ ကျရောက်ခဲ့သည်။ လူအချို့တို့တွင် အလင်း စွန်းထင်ခဲ့သည်။ ကျည်ဆန်ရာဖြင့်သွေသံရဲရဲ ခန္ဓာများ၊ အမှောင်ထုပိတ်ကားဆုတ်ပျက်သွားသည့် စိတ်ကူးယဉ် ကမ္ဘာများ၊ အဆိပ်မိပြာနှမ်းနေသည့် မျက်နှာများ။ တချို့က သေနတ်ကိုပစ်ချလိုက်သည်။ တချို့က အဆိပ်မျှားကို စွန့်ကာ ဆေးပင်ဆေးမြစ်များ စတင်တူးဖေါ်သည်။ အလင်းစွန်းထင်းနေသည့်နေရာတွင် ပတ်ဝန်းကျင်၏ ညစ်ထေးမှုများကလည်း မဖုံးနိုင်မဖိနိုင်။ တချို့က အလင်းစွန်းထင်းသူကို အဆိပ်မျှားဖြင့် လုပ်ကြံသည်။ အလင်းစွန်းထင်းသူ တစ်ချို့တို့မှာ ကျည်ဆန်ဒဏ်ရာဖြင့် အခြားသူတချို့တို့ထံ အလင်းကူးစေခဲ့သည်။
အလင်းအားကောင်းခဲ့သည်။ မှိန်သည့်အခါလည်း မှိန်သည်။ အလင်း လုံးလုံးမရှိတော့သည့် အချေတော့မဆိုက်။
အလင်းစွန်းသူများထံမှအလင်းဖြင့် ၄င်းအရပ်၏ ပတ်ဝန်းကျင်ကို ပိုမိုရှင်းလင်းစွာ မြင်လာကြကာ လိုက်လျောညီထွေအောင်ပိုမိုနေတတ်လာသည်။
ထိုအရပ်တွင် အလင်းနှင့်အမှောင်သည် အလွန်ကွဲပြားခဲ့၏။ မည်သို့ပင်ဆိုစေ မီခိုးဖျော့ရောင် ပတ်ဝန်းကျင်တစ်ခုလည်းပေါ်လာခဲ့သည်။ ထိုပတ်ဝန်းကျင်ကို “ဓာတ်ပြယ်နယ်မြေ” ဟု အမည်တပ်သူက တပ်သည်။ အပေါင်းမရှိ၊ အနှုတ်မရှိ။ အလင်းမဟုတ်၊ အမှောင်မဟုတ်။ ထိုပတ်ဝန်းကျင်ကို အမြင်ကျယ်မှု၊ ရိုးသားမှု၊ ယဉ်ကျေးမှုအဖြစ် မြင်လာသည်။
အလင်းပီပီ၊ အမှောင်ပီပီ မနေကြဘဲ၊ ဓာတ်ပြယ်နယ်မြေ ဆိုတဲ့ အမြင်ကျယ်ရိုးသားသော ယဉ်ကျေးမှုလို့ နာမည်ကောင်းရထားတဲ့ မီးခိုရောင်ပတ်ဝန်းကျင်ရဲ့တရားကို တမန်တော်တွေလွှတ်ပြီး ဟောကြားတယ်။
နားယောင်သွားတဲ့အလင်းဟာ အလင်းပီသမှုကို စွန့်လွှတ်ဖို့ကြိုးစားရင်း…။
အလင်းပီသသောအလင်းစွန်းသူများဟာ ထောင့်စွန်းတစ်ခုမှာ ချောင်ပိတ်မိနေခဲ့သည်။ ထိုအရပ်တွင်လည်း မီးခိုးရောင်ပတ်ဝန်းကျင်က ကျယ်မလာ။ အမှောင်ထုကသာ လုံးလုံးအုပ်စီးတော့မတတ်။
မီးခိုးရောင်တမန်တော်ဆိုတာ အမှောင်အနာဂတ္တိစကားကို ဆိုသူပဲ။
တစ်ချိန်က မမျှော်လင့်ဘဲကျရောက်ခဲ့သော အလင်းတန်းသည် အရှေ့အနောက်တောင်မြောက် တစ်ခွင် ထပ်မံသွန်းကျလာသည်။
အလင်းပီသသောအလင်းစွန်းသူတို့ ထိုအလင်းတန်းနှင့်တစ်သားတည်းဖြစ်သွားသည်။ ထို့နောက် မီးခိုးရောင်နှင့်အမှောင်ကို ထာဝရလောင်စာအဖြစ် မီးထဲပစ်ချလိုက်သည်။
ကမ္ဘာ့သမိုင်းပြီး၍
ကမ္ဘာသစ်သမိုင်းစမည်။