လွှဲဖယ်မိတဲ့ အကြည့်တစ်ခုကြောင့် (၂)
အခန်း (၆)
ညနေအိပ်မက်
ဒီတခါ နှလုံးသားက ခန္ဓာကို အရှုံးပေးခဲ့ရတယ်။
သူဆူပွက်နေပေမဲ့ ခန္ဓာက အိပ်စက်ခဲ့တယ်လေ…။နေမဝင်သေးပါဘူး
………………………..
မျက်စိရှေ့မှာ ခဲရောင်ထနေတဲ့ ပင်လယ်ပြင်ကြီး လှိုင်းဂယက်မဲ့ ငြိမ်သက်လို့…။
ဘာကြောင့် ဒီရေပြင် ခဲရောင်ဖြစ်နေရလဲ….အတွေးနဲ့ ပြေးပြီး ရေပြင်ကို ငုံကြည့်တော့ ကျွန်တော့်အရိပ်လဲ
မတွေ့ရဘူး။…အရိပ်မထင်တဲ့ ရေပြင်ပါလား…။
ကောင်းကင်ကိုမော့ကြည့်တော့ ကောင်းကင်က ရေပြင်ရဲ့ အရိပ်ထင် ခဲရောင်ဖြစ်လို့..။..အဲ…ကောင်းကင်ရဲ့
ခဲရောင်မှာ ဝါညို့ညို့ အရိပ်၊ နီဖျော့ဖျော့ အရိပ်တွေယှက်သန်းလို့။
ဒါနဲ့ အနောက်ကို လှည့်ကြည့်တော့ ဝါညို့ညို့တောတန်းနဲ့ အနီရောင်မြေသားကို တွေ့တယ်။
အရိပ်ထင်တဲ့ ကောင်းကင်ပါလား…။
…ရုတ်တရက် သဏ္ဍာန်တခုကို တွေ့တယ်။ အမျိုးသမီးတဦးပဲ…။ အဲ…မဟုတ်ဘူး။ သူ့မှာ
ပြာစင်ကြည်လင်ခမ်းနားတဲ့ အတောင်ပံတစ်စုံနဲ့….။
သ ဏ္ဍာန်ရှင် … သ ဏ္ဍာန်ရှင်… ရဲ့မျက်နှာ….ဟုတ်တယ်…ချစ်သူ့မျက်နှာ…။ ဒါပေမဲ့ မဖြစ်နိုင်ဘူး…။ ဒီမျက်နှာမှာ
လှောင်ရိပ်မပါဘူး။ ပကတိရှင်းသန့် ဝင်းလက်နေတဲ့ အပြုံးသက်သက်နဲ့။ ….သူ..ကျွန်တော့်ရဲ့ နာမည်ကို
လှမ်းခေါ်လိုက်တယ်။ ကျွန်တော်သိတဲ့ ကျွန်တော်ရဲ့ နာမည်မဟုတ်ဘူး။ စိတ်ထဲမှာတော့ ဒီနာမည်လောက်
ကျွန်တော်နဲ့ လိုက်ဖက်တဲ့ နာမည်နောက်တစ်လုံး မရှိနိုင်ဘူးလို့ ခံစားမိတယ်။ (အခုတော့
အဲဒီနာမည်ကိုမမှတ်မိတော့ဘူး။)
သူ့အသံက ကျွန်တော်အာရုံထဲကို ဆည်းဆာအလင်းနဲ့ ကမ်းခြေလေညှင်းတွေ သယ်ယူလာပေးတယ်။
ဆန်းပြားစွာ သာယာလွန်းတယ်။
ကျွန်တော် အသံမထွက်ရဲခဲ့ဘူး။ သာယာမှုအားလုံးရပ်ဆဲသွားမှာ စိုးလို့..။ ဒီလိုနဲ့ သူ့ရှေ့မှောက်
ကျွန်တော်ရောက်ခဲ့တယ်။ သူက ပြောတယ် (စကားလုံးအတိအကျတော့ မမှတ်မိတော့ပါဘူး။ ဆိုလိုရင်းက..)
သူတို့အရပ်မှာ အမျိုးသားနဲ့ အမျိုးသမီး ချစ်ခင်စုံမက်မိရင် တစ်ယောက်မျက်ဝန်းထဲကို တစ်ယောက်က
ချစ်ခြင်းအပြည့်နဲ့ ငေးကြည့်ကြသတဲ့။ ပြီးတာနဲ့ နီးစပ်ဖို့ မကြိုးစားကြပဲ တယောက်တနေရာသွားပြီး
လူသူကင်းမဲ့တဲ့ တနေရာမှာ ချက်ခြင်းသေဆုံးသွားတတ်ကြသတဲ့…။အဲဒီလို သေဆုံးပြီးပြီးချင်း
သူတို့နှစ်ဦးစလုံးကျွန်တော်တို့ကမ္ဘာမှာ မွေးဖွားလူဖြစ်ကြရသတဲ့…။ လူသားဖြစ်ပြီး အရွယ်ရောက်မှ
တဦးကိုတဦးရှာဖွေ စုံဖက်ခြင်းအမှုကို ပြုကြတယ်ဆိုပဲ…။
ဒီလိုပြောနေရင်း…ရုတ်တရက် သူ့မျက်ဝန်းတွေ လင်းလက်သွားတယ်။
ကျွန်တော်သူ့မျက်ဝန်းကို တချက်ကြည့်ပြီး ဆက်ရင်မဆိုင်ရဲတာနဲ့ ခေါင်းကိုအငုံ့…
သူကျွန်တော့်ရှေ့က ပျောက်သွားခဲ့တယ်။
…………ချောက်ထဲ ပြုတ်ကျသွားတဲ့ လူတစ်ယောက်လို ကျွန်တော့်ရင်ထဲ ဟာကနဲ….ဒီလိုနဲ့ လန့်နိုးခဲ့တယ်။
အိပ်ယာနိုးတဲ့အထိ သူ့ရဲ့ နောက်ဆုံးကြည့်သွားတဲ့ လက်နေတဲ့ အကြည့်တခုရင်ထဲစွဲကျန်ခဲ့တယ်။
ချစ်ခြင်းအပြည့်နဲ့ အကြည့်ဆိုတာ…အဲဒါမျိုးလား…?
ဒါဆို..သူကျွန်တော်ကို ချစ်ခင်စုံမက်လို့ အဝေးကို သေဆုံးဖို့ သွားခဲ့လေသလား…?
ကျွန်တော်ကတော့ သူ့အကြည့်ကို လွှဲဖယ်မိခဲ့တယ်။ မရဲမဝံ့ အကြည့်တစ်ခုတော့ ဖြစ်ခဲ့မှာပါ။
ကျွန်တော်ကရော အဲဒီအရပ်မှာ သေဆုံးပြီး ဒီကမ္ဘာမှာ လူဖြစ်ခဲ့ရသလား…?
ဒီလိုဆို…ကျွန်တော့်နှလုံးသားရဲ့ သခင်မက ကျွန်တော်ကို အသိအမှတ်မပြုတာ…
အဲဒီ လွှဲဖယ်ခဲ့တဲ့ အကြည့်တစ်ခုကြောင့်လား…?
Comment #3
really nice story.
nice talkie,,,nice creation.
Comment #1
ကျွန်တော့နှလုံးသားကိုလည်းသူသိမ်းပိုက်သွားပြီဘယ်လိုလုပ်ရမလဲ