လွှဲဖယ်မိတဲ့ အကြည့်တစ်ခုကြောင့် (၅) ဇာတ်သိမ်း
အခန်း(၉)
ဝန်ရိုးစွန်းနှင့်ဦးတည်ရာ
သံလိုက်တွေဟာ တူညီတဲ့ထောင်စွန်းချင်း မျက်နှာဆိုင်မိရင် တွန်းကန်ကျတယ်။
အသင်နဲ့ ကျုပ်ရဲ့ ဦးတည်ချက်တွေများ ဆန့်ကျင်နေလား။
ဒါတော့မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သံလိုက်ရဲ့တူညီတဲ့ဝန်ရိုးစွန်းချင်းလို တူညီသော တွန်းကန်မှုမဟုတ်ဘဲ ကျုပ်ဟာ အသင့်ရဲ့စွဲငင်မှုအောက်ကျရောက် နေတယ်။
ဒါဆို…ကျုပ်တို့ကြားမှာ ကြင်လင်လွန်းတဲ့ အလွှာတစ်ခု ခြားထားလို့သာဖြစ်ရမယ်။
ဘယ်လောက်မြင့်မားပြီး၊ ဘယ်လောက်ကျယ်ဝန်းသလဲ…ကျုပ်မသိဘူး။
ကြင်လင်နေတဲ့အဲသည့်အလွှာကို ဖြိုလှဲဖျက်စီးပစ်မလား။ နံရံအလွှာကို ကျော်ပြီးဝင်ဖို့ လမ်းကို ရှာဖွေမလား။
အပြန်အလှန်စွဲငင်အားတွေသက်ရောက်ပြီး တူညီတဲ့အကွာအဝေးမှာ ဒီလိုသာမြဲနေရင်…
လောကဟာ ငြီးငွေစရာကောင်းလွန်တယ်။
အသင် အရိပ်ထင်တဲ့ကောင်းကင်ကြီးကို မှတ်မိပါရဲ့လား။
မြေနီလမ်းနဲ့ဝါရွှေညိုစိမ်းတောတန်းလေး…
အရိပ်မဲ့တဲ့ ရေပြင်…အသင် မှတ်မိပါစေတော့။
—-
အခန်း(၁၀)
အိပ်မက်ကျူးဧသံ
ငှက်ငယ်တို့လာကြ။
လေညှင်းနှင့်တိမ်တိုက်အပေါင်းတို့ အိပ်မက်ကျူးဧသံကို နားစွင့်ကြ။
စကားလုံးတွေမှတ်ကာ…သံစဉ်ကို နှလုံးသားထဲ မှတ်ကျုံးကြ။
ကျုပ်၏ အသင် ရှိရာဆီသို့ သင်တို့အပေါင်းသွားရောက်၍ သံစုံသီကျူး အိပ်မက်သံကိုလွှင့်ကြ။
ပေါင်းသင်းနေထိုင်လိုတဲ့ချစ်မေတ္တာရှိသူတို့ အသက်စွန့်ရာနယ်မြေကို သရုပ်ဖေါ်ကြ။
ခမ်းနားကြည်စင်တဲ့ အတောင်ပံတွေနဲ့ ပကတိသာယာချမ်းမြေ့သော အရပ်၏အရိပ်ကို ထင်စေကြ။
ရှိခဲ့ဖူးသည့် မေတ္တာဦးကို နှိုးဆွကြ။ မစုံလင်ခဲ့သောမေတ္တာတစ်ခု၏ ဝန်ချတောင်းပန်သံကိုလည်း သိစေလိုက်ကြပါလော့…ငှက်ငယ်၊ လေညှင်း နဲ့ တိမ်တိုက်အပေါင်းတို့။
သူ၏မျက်နှာတွင် ရှက်သွေးများဖြာနေသည်။ တစ်စုံတစ်ခုကို မရမကကြိုးစား ဖုံးကွယ်ထားသည့် အပြုံးကပွင့်နေသည်။ မျက်လုံးများတွင် စိုးရိမ်စိတ်နှင့်မလိုလားပုံက ထပ်ဟပ်…ဟုတ်သည်၊ သူ စိုးရိမ်နေသည်။ မည်သည့်အရာကိုလဲ…။
ရှက်သွေးနီရဲပါးပြင်တွေနဲ့ အပြုံးလေးက ဘာကြောင့်လဲ…။
သူ မလိုလားသည်မှာ ကျွန်တော့်ကိုဖြစ်ကြောင်းတော့ အထူးတွေးစရာမလို။
ဆန္ဒနှင့်ဆင်ခြင်တုံ တိုက်ခိုက်ခဲ့ကြသည်မှာ ကမ္ဘာဦးကပင်ဖြစ်သည်။
ယခုလည်း ဆက်လက်ခိုက်ရန်ဖြစ်ပွားနေသည်ကို သူ၏အသွင်က ပုံဖေါ်ပေးနေသည်။
ကိုယ့်ကို မလိုလားသည့်အရပ်တွင် နေထိုင်လိုစိတ်မရှိသင့်ပါ။ ကိုယ့်ကိုကိုယ် အမှိုက်တစ်စလို မြင်မိလာသည်။ လူအားလုံး ကိုယ့်နေရာကိုယ်ထိုင်နေသည်။ ကျွန်တော် ဆက်ထိုင်၍မဖြစ်တော့။
ကဲ…ကျုပ်ဆိုတဲ့အမှိုက်တစ်စ
မလိုလားမှုလေစီးကြောင်းထဲ လွှင့်လိုက်ဦးမယ်။
တစ်ခြားလေစီးကြောင်းတစ်ခုနဲ့ တချိန်မှာ
ပြန်ဝဲခဲ့မယ်။
အသင်…
အသင်ဟာ အမှိုက်ကင်းစင်တဲ့အရပ်နဲ့ ထိုက်တန်သူပါ။
—
အခန်း(၁၁)
အနာဂတ်တွေကိုမေ့ခွင့်ပေးပါ
အစစ်အမှန်မဟုတ်ဘူးဆိုလည်း…
အိပ်မက်နဲ့သတိရနေတဲ့ အဲဒီအနာဂတ်ကြီးကို မေ့ခွင့်ပေးပါ။
အသင့် ခန္ဓာနဲ့စိတ် အဆင်းအသွင်တို့ဟာ ခြားနေခဲ့လည်း…
သတိရပါအသင်…
ကျုပ်တို့တစ်ဦးကိုတစ်ဦးထားရှိတဲ့မေတ္တာကြောင့်
လူ့ဘုံဘဝမှာ ဖြစ်တည်ရခြင်းကို သတိရပါအသင်။
ကျုပ် ပြုမှားမိသမျှအတွက် ဥပေက္ခာနဲ့ရိုက်နှက်နေတာ မလုံလောက်သေးလို့ပါလားအသင်။
သူ၏မလိုလားဟန်များကြောင့် သူ မမြင်နိုင်သည့် နေရာတွင်သာ နေရန် ဆုံးဖြတ်လိုက်သည်။ တစ်ချိန်ထဲပင် သူ့ကို မြင်နိုင်သည့် အချို့အကွေ့တစ်ခုတွင် ကျွန်တော်ရှိနေရမည်ဟုလည်း သစ္စာပြုလိုက်သည်။
မတော်တဆ ကျုပ်ကိုတွေ့မိရင်
ခွင့်လွှတ်ပေးပါ အသင်။
နောင်တစ်ကြိမ် အသင်မမြင်အောင် သာ၍ကြိုးစားပါ့မယ်။
….
အခန်း(၁၂)
လူ
သစ္စာတရားအကြောင်းတွေးမိရင်
ငါ လူအတော်ပီသပါလား တွေးမိတယ်။
ကျယ်ပြန့်စွာ
နက်ရှိုင်းစွာ
စီးဆင်းနေတဲ့ မေတ္တာရေအဟုန်နဲ့ မြစ်ကြီးတစ်စင်းရှိတယ်။
ကမ်းခြေကို အကြမ်းဖက်တိုက်စား မြေပိုင်နက်ထဲ တခါတခါ ဝင်လုတတ်သေးတယ်။
အချိုးအကွေ့တွေ့ရင် တိုက်စားလိုက်ရမှ။
အသင် အသင်လည်း လူအတော်ပီသနေပါရော့လား။
မပိုင်ဆိုင်သင့်တဲ့ အရပ်ကို မကျူးကျော်ပါနဲ့ အသင်။ ကောင်းကျိုးထက် ဆိုးကျိုးသာများပါတယ်။
လူတိုင်းရဲ့မေတ္တာကို ခံယူဖို့ ကြိုးစားနေတာ ရပ်လိုက်ပါအသင်။
ခဏဖြစ်ဖြစ် နားစွင့်ကြည့်ပါ။ မေတ္တာစစ်လှိုင်းရေအဟုန်သံ သဲ့သဲ့ကြားလား…။
ရွက်ကိုလွှင့်ခဲ့ပါ ရေဟုန်လေအဟုန်က
အသင်နဲ့ အဓိပ္ပာယ်တူတဲ့ လူ တစ်ယောက်ရှိရာ ကမ်းခြေကို ပို့ပေးပါလိမ့်မယ်။
သူသည် ခေါင်းလေးညွှန့်ကာ ကျွန်တော့်ပုခုံးကို မှီထားသော ခဏတွင် သိထားသည့် အဓိပ္ပာယ်တချို့ လွဲမှားပါစေ ဆုတောင်းမိသည်။ သူ နှင့်ပတ်သက်သော အဓိပ္ပာယ်တစ်ခုမှာ လူသူရှုပ်ထွေးရာအရပ်ရောက်လျှင် ရှက်တတ်ခြင်းဖြစ်သည်။ အနားမှာ ခင်မင်သောသူရှိလျှင် မည်သူ့ကိုမဆို ထိုသို့မှီထားတတ်သည်။
ကျုပ်ရဲ့ရင်ခုန်သံတွေ စစ်မှန်နေလွန်းခဲ့ပါတယ် အသင်…။
—
အခန်း(၁၃)
အနာဂါတ်လမ်းဆုံး အိပ်မက်သစ်
သူ၏အကြည့်များ ရုတ်တရက်လင်းလက်သွားသည်။
ကျွန်တော်လည်း ရဲရဲဝံ့ဝံ့ပင် ရင်ဆိုင်လိုက်သောအခါ…သူ့ မျက်ဝန်းအလင်း၏ ဆုံမှတ်သည် ကျွန်တော့်ထံတွင် မဟုတ်။
အသင်…အသင်…အသင်နှင့်မည်သူ အကြည့်ဆိုင်ခဲ့ပါသနည်း။
သူသည် အဖြူရောင်သင်တိုင်းရှည်ဖြင့် ကျော့ရှင်းလှပနေခဲ့မည်။ သူ၏မျက်နှာထက်တွင် ဇာပုဝါပါးပါးကို ဖုံးထားမည်။ ထို့နောက် အိပ်မက်ထဲမှလူစိမ်းသည် ထိုဇာပုဝါပါးကို မျက်နှာမှ အသာ ဖယ်ခွာပင့်တင်ပေးမည်။ ထို့နောက် သူတို့…
ရဲဝံ့ခြင်းကင်းမဲ့မှုကြောင့် နှစ်ကြိမ်သေတဲ့အထိ
အမှန်ကိုမမြင်မိ သလို ဖြစ်ခဲ့ပါတယ် အသင်။
အသင်တို့၏ ဘဝအဓိပ္ပာယ်ပြည့်စုံခြင်းမှာ ကျုပ်ဟာ အမှိုက်တစ်စ။
အဓိပ္ပာယ်ကောက်လွဲမှားခဲတဲ့ မွေးရာပါ တစ်ခြမ်းပဲ့လူ။
မလိုလားမှု လေအဟုန်နဲ့ ကျုပ်မြှောလိုက်သွားတော့မယ်။
ဦးတည်ရာမဲ့ရင်း မတော်တဆတောင် မကြုံပါစေနဲ့လို့…
ဆုတောင်းမိလိုက်သလား…အသေအချာတော့ မပြောတတ်ဘူး။
လွှဲဖယ်မိတဲ့အကြည့်တစ်ခုကြောင့်
ကွဲသွားတဲ့
ဇဂွဲ