Professional Authors

သဘာဝတော်လှန်ရေး

 

လွန်ခဲ့သောနှစ်တွေတုန်းက အနောက်တိုင်းက ရုပ်ရှင်တွေထဲမှာ မုန်တိုင်းတွေတိုက်၊ ရေတွေကြီး၊ လူတွေ အသက်ဘေး လွတ်ရာကို ထွက်ပြေး တိမ်းရှောင်ကြတဲ့ မြင်ကွင်းတွေကို  ကြည့်ပြီး အသည်းတယားယား၊ ရင်တဖိုဖို ဖြစ်မိတာကလွဲလို့ ကြောက်စိတ်ဆိုလို့ စိုးစိမှမရှိခဲ့တာ ကိုယ့်ကိုကိုယ် အသိ။ သူတို့ရဲ့ အထူးပြုလုပ်ချက်တွေ ပီပြင်လှချည်ရဲ့ ဆိုပြီး သဘောတောင်ကျခဲ့မိသေး။ ဒါတွေဟာ ကိုယ်နဲ့မဆိုင်သလို၊ ကိုယ်နေထိုင်တဲ့ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတာ မဟုတ်သလိုကို ခံစားနေခဲ့မိတာ အမှန်ပါ။ သတင်းမီဒီယာတွေကတစ်ဆင့် နိုင်ငံတကာမှာ မုန်တိုင်းသင့် ဒေသတွေအကြောင်း၊ ငလျင်ဒဏ်ခံ ဒေသတွေအကြောင်း မြင်ရကြားရတော့လဲ စုပ်တသပ်သပ် လုပ်မိတာကလွဲလို့ ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း မခံစားခဲ့မိတာလဲ ရှက်ရှက်နဲ့ ၀န်ခံရမှာပါပဲ။ မုန်တိုင်းဆိုတာ ချို(ဂျို)နဲ့လားလို့ အသက်ရှစ်ဆယ်ကျော်နေပြီ ဖြစ်တဲ့ အဘွားကတောင် သေသေချာချာ ရေရေရာရာ မပြောနိုင်တဲ့ဟာ ကိုယ်က ဘာဟုတ်သေးလို့တုန်း။

            ဟော ဗြုန်းဆို၊ မုန်တိုင်းဆိုတာ ဒီလိုမျိုးဟဆိုပြီး နာဂစ်ဆိုတဲ့ မကောင်းဆိုးဝါးက ခပ်ကြွားကြွားလေး လုပ်ပြလိုက်တော့မှ စုပ်သပ်ဖို့တောင် သတိမရနိုင်တော့တဲ့ အဖြစ်။ ရင်ထဲမှာ ဆို့ဆို့ပြီး တက်လာတဲ့ အပူလှိုင်းလုံးက နာဂစ်ရဲ့လှိုင်းလုံးတွေနဲ့ အပြိုင်။ မျက်ရည်တွေ မြစ်ရေလျှံသွားလို့ ခမ်းခြောက်အက်ကွဲနေတဲ့ မျက်လုံးတွေမြင်မိတော့ ရင်ထဲမှာ မချိတင်ကဲ။ ဩော် ကိုယ်တွေ့ကြုံမှ ကိုယ်ချင်းစာ နာခဲ့ရသည်ပေါ့။

            အရင်ကများဆိုရင် မုန်တိုင်းသတင်းဆိုတာ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လင်ပြင်တွေရဲ့ မူပိုင်။ ကိုယ်နဲ့ လားလားမှ မဆိုင်လို့ကို ခံယူထားခဲ့မိတာ။ အခုများတော့ ‘ မုန်းသံကြားရင် ဖျားချင်တယ် ’ ဆိုတာလို မုန်တိုင်းဆိုတဲ့ အသံကြားရင် လူက အလိုလိုကို သွေးပျက်နေမိတော့တာ။ မုန်တိုင်း ဆိုတာ အသာထားဦး။ လေရိုင်း၊ လေပွေ ခပ်ပြင်းပြင်း မွှေရင်တောင် လူက ထိတ်ခနဲ၊ ထိတ်ခနဲ။ ဒီကြားထဲ ကောလဟာလတွေကြောင့် လူက နှလုံးရောဂါတောင် ရချင်ချင်ရယ်။ မိုးလေ၀သဌာနက အတိအလင်းထုတ်ပြန်တော့မှ သက်ပြင်းကို ဟင်းခနဲ ချနိုင်တော့တာ။ မြန်မာနိုင်ငံထဲ မုန်တိုင်းဝင်တော့ မယ်ဆိုရင် ‘ မုန်တိုင်းသတိပေးချက် ’ လို့ ထုတ်ပြန်ကြေငြာမှာ ဖြစ်ပြီး၊ ပင်လယ်ပြင်မှာသာ မုန်တိုင်းဖြစ်ပေါ်ပြီး အန္တရာယ်မရှိနိုင်ရင်တော့ ‘ မုန်တိုင်းသတင်း ’ လို့သာ ထုတ်ပြန်ကြေငြာ ဖြစ်ကြောင်း၊ ကောလဟလတွေကို မယုံကြည်ကြဖို့ မီဒီယာတွေက သတိပေးလိုက်တော့မှ စိတ်အေးသွားမိတယ်။

            မိုးလေ၀သ သတင်းဆိုတာက ကိုယ်နဲ့ ‘ မဆီလေးရယ်မှ အိုမဆိုင် ’ နေလာခဲ့ရာက ကိုယ့်ကံကြမ္မာဟာ မိုးလေ၀သဌာန ၀န်ထမ်းတွေ လက်ထဲမှာ ဆိုတာကို နာဂစ်က ကောင်းကောင်းကြီး ဆုံးမလိုက်တော့မှ သူတို့တွေကို ကျေးဇူးတင်ရကောင်းမှန်း၊ အားနာရကောင်းမှန်း သိလာခဲ့ရတာ။

            နာဂစ်က လူလုံးပြ၊ စွာကျယ်ကျယ် လုပ်သွားတာမှ မကြာသေး။ အယ်နီညိုဆိုတဲ့ကောင်က နောက်ကွယ်ကနေ လက်သီးပုန်း ထိုးပြန်ပါရော့လား။ ပိတောက်ရဲ့ အရိပ်ကို သီသီလေးတောင် မမြင်လိုက်ရတဲ့ နွေကို မကျေမနပ် အီလည်လည်ကြီး ခံစားနေရတုန်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အပူဒဏ်ခံရပြီး မစည်ကားသင့်တဲ့ အရပ်တွေမှာ စည်ကားနေတာ မြင်ရ၊ တွေ့ရ၊ ကြားရ၊ သိလာရတော့ ဘယ်သူ့ လက်ညှိုထိုး အပြစ်တင်ရမှန်းမသိ။ ဘယ်နေရာမှာ ဘယ်သူတွေက သိန်းပေါင်းဘယ်လောက် အကုန်ခံပြီး ရေအလှူပေးနေတယ် ဆိုတာမျိုးတွေ ကြားရပြန်တော့ သာဓုတော့ ခေါ်မိပါရဲ့။ ရင်ထဲမှာ မချမ်းမြေ့နိုင်တာ အမှန်။ ဒီကိစ္စက အယ်ကိုင်းဒါးပဲ အပြစ်ပုံရမလား။ တာလီဘန်တွေပဲ ရန်တွေ့ရကောင်းမလားဆိုပြီး အရင်းစစ်မိတော့၊ လား….လား တရားခံက ကိုယ် ကိုယ်တိုင် ဖြစ်နေပါရော့လား။

            ကမ္ဘာကြီးပေါ် ဆိုက်ကလုန်းတွေ၊ လေဆင်နှာမောင်းတွေ၊ ဆူနာမီတွေ၊ ငလျင်ကြီးတွေကို လာဖို့ လပ်ယပ်ခေါ်နေတာ ဘယ်သူမှတ်လို့လဲ။ ဥာဏ်ပညာ ကြီးမားလှပါတယ်ဆိုတဲ့ လူသားမျိုးနွယ်တွေပဲပေါ့။ နာဂစ်တို့ ၊ ဆူနာမီတို့ဆိုတာ တခြားဟုတ်ရိုးလား။ ကိုယ်မွေးတဲ့ မျောက်က ကိုယ့် ပြန်ခြောက်နေတာလေ။

            နှစ်ချို့ပင်ကြီးတွေကို အမြစ်ကနေဆွဲလှန်လို့ နာဂစ်ကို မျက်စောင်းတခဲခဲ၊ အံတကြိတ်ကြိတ် ဖြစ်နေမိတဲ့ အထဲ ကိုယ်လဲအပါအ၀င်ပေါ့။ တကယ်တော့ လူသားတွေ ဖြုန်းတီခဲ့တဲ့ သစ်တောတွေထက်စာရင် နာဂစ် မြေလှန်ပစ် ခဲ့တာက ခပ်ပါးပါးလောက်ပဲ ရှိတယ်ဆိုတာ တွေးကော တွေးမိကြရဲ့လား။

            သန့်ရှင်းလတ်ဆတ်တဲ့ လေကို ရှုရင်း ရောဂါဘယတွေ ကင်းဝေး၊ ကျန်းမာသန်စွမ်းခဲ့တဲ့ ဘိုးဘွားတွေကို တွေးမိတိုင်း ကိုယ့်အဖြစ်ကို ကိုယ်သနားမိတယ်။ ဒါဟာလဲ ဘယ်သူမပြု မိမိမှုပဲပေါ့။    နှစ်မိုင်၊ သုံးမိုင် ခရီးကို ခြေကျင် လျှောက်ခဲ့ကြရာက အခုများတော့ ဟိုနားဒီနားလေးကိုတောင် ကားလေးတ၀ီဝီနဲ့။ လေကောင်းလေသန့် ရှုရှိုက်ဖို့အရေး ကမ်းခြေမှာ အနားယူရတာနဲ့၊ ကန်ဘောင်မှာ ညနေတိုင်း လမ်းလျှောက်ရတာနဲ့၊ အရင်တုန်းက အိမ်ခေါင်းရင်းက တံခါးကို ခပ်ဟဟလေး လုပ်လိုက်တာနဲ့ အောက်ဆီဂျင်တွေ ခန္ဓာကိုယ်ထဲကို အပြည့်ဝင်လာပြီးသား ဆိုတာတွေဟာ အိမ်မက်လိုလို၊ ပုံပြင်တစ်ပုဒ်များ ဖြစ်သွားလေရော့လား။

            အခုများတော့ နေရတာက ဌက်လှောင်အိမ်။ ပြတင်းပေါက်ဆိုတာကို ပြတိုက်ထဲပဲ ပို့ထားရမလို ဖြစ်နေပြီလေ။ ကိုယ့်ကိုကိုယ် ကျောက်ခေတ်များ ပြန်ရောက်နေသလားလို့တောင် တွေးကြည့်မိတယ်။ အဲ တစ်ခု မတူတာက  ကျောက်ခေတ်က ကျောက်ဂူတွေက မြေပြင်ပေါ်မှာ၊ အခုခေတ် ကျောက်ဂူတွေကတော့ တိမ်တွေပေါ်မှာ ပေါ့။ လူဦးရေတွေကများ၊ နေစရာတွေက ရှား၊ ဒီတော့ လူသားတွေပဲ ဘယ်ရလိမ့်မလဲ။ ပထမတော့ မြေပြင်၊ နောက်တော့ တစ်ဆင့်တက်ပြီး လေထုထဲ၊ တိမ်တွေထဲ၊ အခုဆိုရင် ရေထဲထိတောင် နယ်မြေချဲ့ထွင်နေကြပြီဆိုပဲ။ အင်း ကောင်းလေစွ၊ ကောင်းလေစွ၊ ခေါင်းတညိတ်ညိတ် လုပ်ရုံကလွဲ ကိုယ် ဘာတတ်နိုင်မှာ မို့လို့လဲ။

            ထားပါတော့လေ။ ဌက်လှောင်အိမ် ( ကဗျာဆန်ဆန်ပြောတော့ တိမ်တွေပေါ်က ကျောက်ဂူများပေါ့ ) ပေါ်က  ကိုယ့် အဖြစ်ပဲ ကိုယ်ပြောတော့မယ်။ ရာသီဥတုလေး ပူရင်ဖြင့် ကိုရီယားတွေလို ချွေးထုတ်ခန်းတို့ ဘာတို့တွေဆီ တကူးတက သွားနေစရာကို မလိုဘူး။ ကိုယ့်လှောင်အိမ်ထဲမှာ ကိုယ် အလုပ်ဖြစ်နေတော့တာ။ အိမ်တံခါးမှာ စာတန်းလေးတောင် ချိတ်ထားလိုက်ချင်သေး။ “ နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးမရွေး ချွေးထုတ်ခန်း သွားစရာမလို ” လို့ပေါ့။ တော်ကြာ ကိုရီးယားတွေ မြန်မာပြည်က ဌက်လှောင်အိမ်တွေ အလုအယက်ဝယ်နေမှဖြင့် ဒုက္ခလို့ စိတ်အချဉ်ဖောက်မိတယ်။

            ဒီနှစ်၊ ဒီနွေကတော့ ဌက်လှောင်အိမ်က ချွေးထုတ်ခန်းမကတော့ပဲ မိုက်ခရိုဝ်ေဖ့် မီးဖိုကြီးများ ဖြစ်သွားသလား ထင်ရတယ်။ အရပ်စကားနဲ့ ပြောရရင် ပူလိုက်တာများ ကျွတ်ထွက်နေတာပဲ။ ဒီတော့ အိမ်ကလူတွေက ပြောလာပြီ။ အရင်နှစ်တွေတုန်းကတော့ ကိုယ်က ခပ်တင်းတင်းပဲ။ သဘာဝကြီးကို တော်လှန်ဖို့ မကြိုးစားနဲ့ ဘာနဲ့ဆိုပြီး အာကျယ်နေခဲ့တာ။ အခုတော့ သဘာဝကြီးက ညဘက်တွေတောင် အိပ်မရလောက်အောင် ဖန်တီးလာနေလေတော့ ကိုယ့်မှာ ခပ်ကုပ်ကုပ်ပဲ နေလိုက်ရတော့တယ်။ CFC ဓာတ်ငွေ့ မကလို့၊ CNC ပဲဖြစ်ဖြစ် ဂရုမစိုက်နိုင်တော့ပါဘူး။ သဘာဝတော်လှန်ရေး လုပ်ပြီးမှ ညညဆို ကောင်းကောင်းအိပ်နိုင်တော့တာ ငြင်းလို့မှ မရတော့ပဲ။ ဒါပေမယ့် အရင်တုန်းကလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့၊ အိုဇုန်းလွှာကို ထိန်းသိမ်းရေးတို့၊ ဖန်လုံအိမ် ဓာတ်ငွေ့ လျှော့ချရေးတို့၊ ဘာတို့ အာမကျယ်ရဲတော့ပဲ သဘာဝတော်လှန်ရေး လုပ်လိုက်မိတဲ့အတွက် ကိုယ့်လိပ်ပြာ ကိုယ်မလုံ ဖြစ်နေမိတာတော့ အမှန်ပါပဲ။

In: ဝတ္ထု Posted By: Date: Jan 29, 2011
Comment #1

သတိထား ဆူးရေ …
ကမ္ဘာက တစ်ဒီဂရီ ထပ်စောင်းဦးမှာတဲ့ ။

Leave Comments

Name*

Email*
Website
Email me whenever there is new comment