ခရမ်းပြာဝိုင် (၆)
နွေပန်းချီ ခြေရာဖွဲ့လို့၊
လေပွေသီ ဝေကာလှည့်ချိန်၊
ဖြေရာမဲ့ အဝေးကိုရွယ်၊
ဝေဒနာဖွဲ့တေးဆိုမယ်။
နှုတ်အပြောချို တမ်းဝေးပြန်တဲ့၊
ဥသြပျိုလွမ်းတေးသံက
နွမ်းဆွေးဟန် အရောက်လာမယ့်၊
ပိတောက်ဝါ အပြေးလာခဲ့ချိန်ပေါ့၊
တစ်ယောက်သာ တေးကဗျာဖွဲ့ပါလို့၊
အတွေးမှာနွဲ့သီလာသူရေ … ၊
အဆွေးကမ္ဘာနဲ့ချီကာရယ်၊
ဝေးကွာခဲ့တယ်။
စဉ်အမြဲမကွာ၊
ရင်ထဲမှာ သူသာရှိပါလို့၊
ပြင်သည်းညှာ ပူပါဘိလေရဲ့၊
လူတကာမသိ ဖွင့်မပြောသာတော့၊
တင့်မောစွာနေလေတော့ကွယ်၊
မေကျော့ငယ်ထွေး။
မလှမ်းသာ၊
ခရမ်းပြာဝိုင်တစ်ခွက်ကိုဖြင့်၊
အနွမ်းဗျာဆိုင်လက်နဲ့၊
မကိုင်ရက်လို့ ထွက်ခွါဖယ်ကာ၊
သက်လျာရယ် မတမ်းသာဘူး၊
စက်ရာဝယ် အနွမ်းဖြာလို့၊
လွမ်းကဗျာသီရဆွေးပေါ့၊
ခရမ်းပြာညီမလေးရယ် ….
ဒီဘဝဝေး။ ။
ခရမ်းပြာဝိုင် (၄) ကို လေးချိုးအဖြစ်နဲ့ ပြန်ရေးကြည့်တာပါ ….
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service