အမဲရိုး
အီကွေတာမှာ အနည်းငယ်ဖောင်းနေရုံနဲ့
ကမ္ဘာကြီးကို လိမ္မော်သီးပုံလို့ သက်သေပြချင်ရင်
ဆန္ဒတွေ စောလွန်းမနေဘူးလား
ဘာပဲဖြစ်ဖြစ်လေ
သိက္ခာမျောရာ သိက္ခာနဲ့ဆယ်လို့မှ မရတော့
မျက်နှာမွဲ ပညာနည်းတွေမို့
မျက်ရည်မကျပေမယ့် ကြာလာတော့
လက်တွေပဲ သ န လာတယ်
အသံလုံ ၀တ်ရုံအောက်က
ထိုးဖောက်မမြင်နိုင်တဲ့ နှုတ်ခမ်းတစ်စုံ
ကျီးအာသီးရောင် တောင်ပနေတိုင်း
လူတိုင်းနဲ့မတန်တဲ့ စေတနာကို
စုတ်တသပ်သပ်နဲ့ လုပ်ရက်လေခြင်းပေါ့
ဆီဖြုန်းတီးတဲ့ ငရဲသားထက်
စကားလုံးဖြုန်းတီးတဲ့ ကဗျာသမားဘဝ
အနေစုတ်ချင်စုတ်ပေမယ့်
“ပေ” မဟုတ်တာတော့ သိဖို့ကောင်းတယ်
အနုပညာချောင်တစ်ချောင်ထဲ
လှည်းကျင်းခံလိုက်ရတဲ့
ကဗျာ အမှုန်အမွှားတွေကြား
အနှစ်သာရ ကိုယ်ထည်အတွင်းကို
ခံစားမှုခြေချဖို့ တွန်းအားတွေ
ဘယ်သူပေးခဲ့ဖူးလဲ
သမ္ဘာရင့်ဝါရင့် မဟုတ်ပေမယ့်
တူ၊ လှံ၊ ဓါး တွေကြားမှာ
ကဗျာဟာ ကဗျာပီသဖို့ထက်
ကဗျာကို ကဗျာလိုခံစားတတ်ဖို့
ဘယ်သူဆုံးမခဲ့ဖူးလဲ
ယုတ္တိမကျတဲ့ စကားလုံးတွေ
ချွတ်ခွာဆုတ်ဖြဲလိုက်ရင်
ဟာမိုနီဖြစ်နေတဲ့ ဒဿနတစ်ခုအတွက်
နှုတ်ခမ်းပဲ့ချင်း စီးချင်းထိုးဖို့
ဘယ်သူသွေးကြွစေခဲ့လဲ
ဥခွံအကာအရံ အတွင်းက
နာမည်တစ်လုံး မမွေးဖွားခင်
ဗီဇသတ္တိကို စမ်းသပ်ခန်းထဲ
မျိုးစစ်မစစ် သက်သေပြဖို့
ဘယ်သူစစ်ဆေးပေးမှာလဲ
ထားပါတော့လေ
ပန်းတစ်ပွင့် ဖြစ်တည်လာဖို့
လေလွင့်သွားတဲ့ သစ်စေ့တွေရှိသလို
ကဗျာတစ်ပုဒ် အတွက်
ကျကျန်ခဲ့တဲ့ ခံစားချက်တွေကိုရော
ဘယ်သူမြင်နိုင်မှာတဲ့လဲ
ဒီလိုပါပဲ
ချိုးဖြတ်မရဘူးလို့
တရားသေမှတ်ထားတဲ့ စည်းမျဉ်းတွေထဲမှာ
လက်ထပ်ခြင်းနဲ့ သွေဖယ်သော
အချစ်နဲ့မကင်းတဲ့ ကဗျာသမားဘ၀ဟာ
အံစာတုံးလောက် မျက်နှာမများပေမယ့်
ယင်အုံကောင်းတဲ့ အမဲရိုးတစ်ချောင်းသာသာပါ
Comment #1
ကျနော်လာဖတ်သွားပါတယ်။။။။။။။။။။။။။။။။
ကဗျာဆရာတစ်ယောက်ရဲ့ ခံစားချက်ရေစီးကမ်းပြိုမှု့ မှာ
စကားလုံးဖောင်ပွတာတွေပါရင်တောင်
ခံစားချက်စီးချင်းမထိုးတဲ့ မျက်နှာဘေးနဲ့ 
နားလည်မှု့ တွေထမ်းပိုထားတဲ့ အနုပညာကြယ်ပွင့် တွေ
ခြွေချပေးလိုက်ကြရအောင်အစ်မရေ………..
အားပေးနေပါတယ်။။။။။။။။။။။။။။။။။