သတ္တမဘုံစဉ်အလွမ်း ခရမ်းပြာစည်းနရီ
၁။ နွေရက်များ၏ဝေဒနာ
နွေရက်တွေရောက်လာပြန်ပြီ ညီမလေးရေ …
နွေနဲ့အတူ ဥသြတွေရဲ့ လွမ်းတေးသံ … အတာ နဲ့ ပိတောက် ကလည်း တံခါးခေါက်လို့ … သူတို့အချိန်မှန်ရောက်လာကြပြန်ပြီပေါ့
ဒါပေမဲ့ အတာသဘင်ဆိုတာ ပါဝင်ဆင်နွှဲခွင့်လေးမှမရှိသူအတွက်ဆိုရင် ခက်ဆစ် ဆိုတာ အလကားပေါ့ …
ပန်ပေးခွင့်မကြုံတဲ့ အဝေးက ပိတောက်တခက်ဟာ မင်းအတွက် အရေးပါလေတော့မတဲ့လား ..
အင်းလေ … တကယ်တော့ အရေးပါတယ် မပါဘူးဆိုတာလဲ အရေးမှမဟုတ်တာ ညီမလေးရယ်၊ တကယ်ချစ်တတ်တဲ့သူတွေဆိုတာ ပေးဆပ်ဖို့သာ အမြဲ တွေးတတ်ကြတာပါလေ၊ ဘယ်လိုပဲဖြစ်နေ ဖြစ်နေ အတေးအမှတ်ဆိုတာ နတ္ထိ၊ နာကျည်းခြင်းဆိုတဲ့ စကားဟာ သူရူးတွေရဲ့အလင်္ကာ လို့သာ ကိုယ်အမြဲတမ်း မှတ်ထင်ခဲ့သူပါ။
၂။ မျက်ရည်နက္ခတ်စီးခဲ့လေသူ
သိုးငယ်တို့ရဲ့ အပြုံး နဲ့ မြွေပွေးတို့ရဲ့နှလုံးသားကို ထက်ဝက်စီပိုင်ဆိုင်ထားသူအဖို့ အအိပ်လည်းပျက်၊ အဆိပ်လည်းတက်၊ နေရဲ့သွေးတွေနဲ့ ဖွဲ့သီထားတဲ့ လင်္ကာအိုတွေနဲ့ ညည်းချင်းချမိချိန်မှာ ညှိုးငယ်တဲ့ အရှုံးတခုဟာ ကိုယ့်ရင်ထဲမှာ တွဲခိုနေဆဲပါပဲ … တကယ်တမ်း တွေးကြည့်တော့လည်း ပြိုင်ပွဲကိုမှ ဝင်ခွင့်မရှိသူမှာ အနိုင်အရှုံးဆိုတာ ရှိပါဦးမတဲ့လား …
ခင်ဝမ်းရဲ့ ခုနစ်ပြည်ထောင် တေးသံက အဝေးကနေ တိုးတိုးလေး ပျံ့လွင့်လို့ …
အိပ်မက်တွေကြွေတဲ့ရာသီဆို မျက်ရည်နက္ခတ်တို့ အမြဲ ပျံဝဲတဲ့ညတွေမှာ မင်းနာမည်လေးကို တိုးတိုးလေး ညည်းရင်း တိတ်တခိုး နောက်ပြန်ဆုတ်ခဲ့ရတဲ့ တေလေနှလုံးသားနဲ့ လူရဲ့အဖြစ်တွေ .. မင်းမသိနိုင်ပါဘူး ညီမလေးရယ်
၃။ သတ္တမဘုံစဉ်အလွမ်း
ညီမလေးရေ …
ယမမျက်စောင်း ဆိုတာ အကြောင်းသုံးပါး မရွေး … ဂုမ္ဘာန်တစ်ထောင်ကို အိုးကင်းထဲထည့်လှော်တဲ့ နှမ်းတွေလို တဖျစ်ဖျစ်မြည်ပြီး ကျေပျက်သွားစေနိုင်သတဲ့ …
ထက်ကောင်းကင် က ဣန္ဒာရဲ့ ဝရဇိန် … အာဠာဝက ဘီလူးမင်း ရဲ့ ဘွဲ့ဖြူ … ဝေဿဝဏ်နတ်မင်း ရဲ့ ချွန်းတောင်း …
ဒါတွေဟာ ကမ္ဘာ့လက်နက်ကြီး လေးပါး တဲ့
အဲဒီ လက်နက်တွေကို မာရ်နတ်မင်းရဲ့ လက်ရုံးတစ်ထောင်အပြည့်ကိုင်စွဲရင်း ကိုယ့်အသည်းကို ထိုးနှက်နေသလား … ခဲမီးပြင်းနဲ့အတိုက်ခံရသလို ဘယ်မှာကြည့်လိုက် ကြည့်လိုက် အမိုက်တိုက်က အပြည့် …
တခါတလေတော့လဲ လရောင်ခြည်ကို တမ်းတမိပါတယ် ခေါ်ခွင့်မကြုံတဲ့ ကိုယ့်ရဲ့လှယမင်းရယ်
နွေညခင်းတရာမှာ ငွေလမင်းဟာ တခါတလေတော့ သာရော့လေရယ်မလားလို့ ဟိုးအဝေးက မှုန်သီဝေဝါးတဲ့ အာကာထက်က တိမ်ပန်းချီကို ရေးခြယ်သီမှုန်း ခဲ့မိသူလိုပါပဲ … အတိအကျလဲ မရှိဘဲ ပျော်၊ အမိအရလဲ မရှိဘဲ မျှော်မိရင်း နောက်ဆုံးတော့လည်း နွေရက်တွေ ရှည်တဲ့ မိန်ရာသီတကြောမှာ တိမ်ထက်က ကြယ်စင်ကို ရှာဖွေမောခဲ့မိသမျှ ကြွေသွားခဲ့ရတဲ့ အိပ်မက်တွေကို လေနှင်ရာမျှောရင်း နွမ်းလျတဲ့ ကဗျာအမောတွေသာ တပွေ့တပိုက်သီခဲ့မိပါတယ် … ကိုယ့်ဘဝထဲကို ခဏလေးဆင်းလာခဲ့တဲ့ … မြနှယ်ယွင်းရည်တဲ့ နွေပန်းချီကားထက်က လမင်းရွှေရည်ပန်းအိမ်လေးရေ
၎။ ဗျတ်စောင်းတလက်နဲ့ ကဗျာသည်
ကိုယ်ကလည်း တေးသီအကျော်မဟုတ်ပြန်တော့ ခက်သားပဲ ညီမလေးရယ် … Beethoven ကတော့ Elise အတွက် တေးချင်းရှည်တပုဒ်ဖွဲ့ခဲ့လေရဲ့ …
မှောင်ရီသမ်းချိန်များဆို သော်တာရောင်ခြည်ဂန္တဝင်တေးချင်းကြီးတပုဒ် နဲ့ တချိန်က တင့်မောခဲ့တဲ့ Alhambra နန်းတော်ရဲ့ ရင်ပြင်ထက်မှာ Tarrega ဆိုတဲ့ ကြယ်ကြီးတပွင့်ရဲ့ လက်ရာတေးချင်းတွေ၊ Mozart ရဲ့ မှော်ဝင်ပလွေသံတွေ၊ Canary အကတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ပန်းသဘင်ကို တင်ဆက်ရင်း မင်း ပျော်စံဖို့ ဖျော်ဖြေပေးလိုက်ချင်ပါတယ် …
ဖြစ်များသာဖြစ်နိုင်မယ်ဆိုရင်ပေါ့လေ …. အသူရာနတ်မင်းရဲ့ နတ်စောင်းမှာ ပန်းကြိုးလေးတွေဆင်ရင်း သုံးလုံးသော မင်းနာမည်လေး ကို သံစဉ်အပြောက်အမွှန်းတွေနဲ့သီမှုန်းဖွဲ့ဆိုပြီး စကြာဝဠာတံတိုင်းမှာ မော်ကွန်းထိုးပေးလိုက်ချင်ပါရဲ့ …
အခုတော့ ဗျတ်စောင်းတလက်နဲ့ပဲ ကဗျာတပုဒ် ခပ်ပျင်းပျင်း ညည်းချင်းချမိနေရုံသာပဲလေ …
၅။ ခရမ်းပြာစည်းနရီ
ကိုယ်သွားတော့မယ် ညီမလေးရေ …
တစ်ဘဝလုံးအတွက် နှုတ်ဆက်လိုက်ပါတယ် …
လွမ်းတိမ်တွေယှက်သမ်းပြီး နေတခြမ်းကို အသေထမ်းထားရတဲ့ လူဟာ ပန်းတွေနဲ့ဖွဲ့သီတည်ဆောက်ထားတဲ့အိမ်က လှေကလေးအတွက် ဧည့်ကောင်းစောင်ကောင်း ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတာ ကိုယ် သိပြီးသားပါ။ ဖြစ်ချင်းဖြစ်ရင် နတ်ဆိုးတွေ ပျော်တဲ့ အပါယ်ဘုံအိမ်ရာထက်က ကျိန်စာပြင်းတွေတိုက်ထားတဲ့ပုရပိုဒ်နက်တချပ်ကလွဲပြီး ဘာမှ မဖြစ်နိုင်ပါဘူး ညီမလေးရယ် …
နေတကောင်ဟာ သူ ဖြတ်သန်းခဲ့ရသမျှပင်လယ်ပြင်မှာတွေ့တဲ့ ကျင့်စဉ်မှတ်တမ်းတချပ်ကို ဖွင့်ကြည့်မိလေရဲ့ …
နန်းဇမ္ဗူရင်ပြင်ထက်က ကြယ်စင်ညှာရဲ့ပန်းသရဖူကို ရင်ခွင်ယှက်မိုးပြီးစောင့်ရှောက်ခွင့်လေးများ ပါလေမလားရယ်လို့ မရဲတရဲ ဖွေရှာကြည့်ခဲ့မိပါတယ်။
ဒါပေမဲ့လည်း မဝံ့မရဲ မျှော်လင့်မိသလို အရိပ်အရောင်လေးတောင် မတွေ့ပြန်လေတော့ နေရာမှန်ဖြစ်တဲ့ လွင်ပြင်နက်ဆိုးရဲ့ထောင့်တနေရာ အောက်တဆင့်မှာပဲ အရာရာကို ထောက်ချင့်တွေးဆပြီး ကောင်းကင်ထက်က ကိုယ့်ရဲ့ကြယ်စင်ကို တိတ်တိတ်လေး ငေးနေပါတော့မယ်။ ပင်လယ်ပြင်ထက် တနေရာမှာ ခဏတက်လာတဲ့ ရေပွက်ကလေးတခုလို့ပဲ မှတ်ယူလိုက်ပါပြီ … ပျော်ပျော်သာစံနေရစ်ပါတော့ ညီမလေး …
ညီမလေးရေ …
တခါတလေတော့ ကိုယ့်ကို သတိရပါ …
နွေအိုလမ်းမှာ လေညိုတွေသွမ်းတဲ့အချိန် နေကိုထမ်းရင်း လျှောက်မြဲဆက်လျှောက်နေပါတယ် …
အလွမ်းတတင်းကို ရင်မှာသယ်ပိုးရင်း
ကိုယ့်ရဲ့ ဗျတ်စောင်းမှာ ပိုးကြိုးလေးတွေဆင်ပြီး အနွမ်းသီချင်းကိုနှိုးလိုက်တဲ့အခါ ပျိုးခဲ့မိတဲ့ အလွမ်းတွေပဲ သံစဉ်အဖြစ် ပွင့်ခဲ့ပြန်တာပေါ့
စိုက်တဲ့အတိုင်း သိမ်းရိတ်ရတာဟာ ကိုယ့်အတွက် ထူးပြီးမဆန်းတော့ပါဘူး ညီမလေးရယ် …
ဒီတော့လဲ အဝေးမြေပြင်မှာ အဆွေးကြွေသဘင်ကို ကြိတ်မှိတ်ဆင်နွှဲလို့
ကိုယ် …
တိတ်တဆိတ် ရင်ကွဲနေမှာပါ
၆။ ဝေးမြေမှတမ်းချင်း
အဝေးမြေတနေရာကနေ လွမ်းဆဲပါ လွမ်းမြဲပါ လွမ်းနေဦးမှာပါ ညီမလေးရေ ..
လမ်းခွဲဟာ ငိုစရာလား ဝမ်းနည်းစရာ မဆိုပါနဲ့ လွမ်းသည်းညှာ ချိုပြာနွဲ့ရယ် …
နွေရက်တွေလွန်ပြီဆိုရင် မိုးငွေ့တွေနဲ့ ဝဿန်မိုးဟာ စွေသွန်လာဦးမှာပေါ့ …
အဲဒီအခါဆို သရဝဏ်နက္ခတ်နဲ့ အတူ ခတ္တာပန်းတွေပွင့်လိမ့်မယ် .. ပုန်းညက်ဝါတွေ စပယ်တွေ ပွင့်လာကြလိမ့်မယ်။ ဒီလို ဝဿန်ခါမှာဆို စပယ်လေးတွေကို မင်း သီနေရင်းပဲဖြစ်ဖြစ် ….
မိုးမှုန်တွေပြေးတဲ့အခါလည်း ဆောင်းနှင်းလေပြေတွေ သွေးလာလိမ့်ဦးမယ်လေ …
ဒီအခါကျရင် ပွင့်လာမယ့် မြတ်လေးပန်းတွေနဲ့အတူ တော်ဝင်တဲ့သဇင်တွေလည်း ပွင့်ချိန်ရောက်ပြီပေါ့ … ဒီလိုဆောင်းရက်တွေမှာဆို သဇင်တွေကို မင်းပန်ဆင်ရင်းပဲဖြစ်ဖြစ် …
နှင်းစက်တွေပြေးပြန်တော့ နွေတေးတမာန်ပြန်ရောက်လာလိမ့်ဦးမှာပဲ …
အဲဒီအခါ ပွင့်လာလိမ့်ဦးမယ့် ပိတောက်ဝါတို့ စံရာသီမှာ မင်း ပျော်ရွှင်ကာနေရင်းနဲ့ပဲ ဖြစ်ဖြစ် …
အခါရာသီမရွေး လွင့်ပျံမြူးကြွလို့ တိမ်ပေါ်မှာ မှေးစက်ကာ ငယ်ဖေါ်တွေနဲ့အတူ မင်းပျော်နေရင်း ..
ဝေသီနွေးမူးစရာ ညတွေမှာ လှသွေးရည်အဖေါ်တစုတို့နဲ့အတူ အကလေးတွေနဲ့ မင်း တေးသီရင်း ..
ဘဝဆိုတဲ့ အဏ္ဏဝါဦးရပ်မှာ မင်းကူးခတ်ပျော်မော စံစားနေရင်းနဲ့ …
မာယာအသွယ်သွယ် ကြွယ်တဲ့ ဟောဒီဘုံဘ၀မှာ ခဏတာလာဆုံခဲ့ရတဲ့ မြူမှုန်လေးတမှုန်ဟာ
မင်းဘဝထဲမှာ တုန်ခါ .. ဖျော့သွေ့ .. ဝေဝါး .. လာပြီး
မင်းလေ .. တဖြည်းဖြည်းနဲ့ … ကိုယ့်ကို မေ့သွားမှာပါ
၇။ နောက်ဆုံးအိပ်မက်ညို
ညီမလေးရေ …
မင်းအရိပ်လေး ကိုယ့်ဆီက မပျောက်ဆုံးသွားခင် နောက်ဆုံးစကား ဆုမွန်ချွေခဲ့ပါတယ် ..
နက်ပြာမှိုင်းညို့တဲ့ ညခင်းတွေ မင်းဆီကို ခဏလေးပဲ ရောက်ရှိချဉ်းကပ်လာတဲ့အခိုက်မှာတောင်
ငွေလမင်းဟာ မင်းဘဝအတွက် အမြဲ လက်လက်ဖြာတင့်ရွှန်းဝေနေပါစေ …
စန်းလသီတဂူ ထွက်ပြူလာတဲ့အချိန်တိုင်းမှာလည်း မြရွက်ပဝါတွေ ခင်းထားတဲ့ ညစက်ရာမှာ
အမြဲတမ်း ကောင်းစွာမှေးစက်ပျော်နိုင်သောသူ ဖြစ်ပါစေ …
မိုးသောက်ယံကို ရောက်ပြီဆိုရင်လည်း စောင်းစည်ညင်းပတ်သာ တွေရဲ့ သံသာတေးတွေနဲ့
ညင်သာစွာနိုးထလာနိုင်ပါစေ …
လက်ရှိဖြစ်လေရာ ‘တခဏငယ်’ လေးတွေတိုင်းမှာလည်း ဘဝသမိုင်း အမြဲကောင်းလေသူ မင်း ဖြစ်ပါစေ ….
ညီ မ လေး ခ ရမ်း ပြာ ရေ …
သတ္တမဘုံစဉ်အလွမ်း ခရမ်းပြာစည်းနရီ
(၁)
နွေရက်တွေရဲ့ရာဇဝင်မှာ
အဖြေခက်လေတဲ့ တာသဘင်ပွဲ
ပါဝင်နွှဲခွင့်မှ မရှိသူတယောက်အတွက်
ပိတောက်တခက် ဟာ အဝေးမှာနေ
အရေးပါလေတော့မတဲ့လား
ညီမလေးရယ် …
တကယ်ချစ်တတ်သူတွေဟာ
နွယ်ရစ်ပတ်သလိုအကြင်နာ တေးထပ်နဲ့
အတေးအမှတ်ဆိုတာ ဗလာ
ပေးဆပ်ဖို့သာရှာမှီးရင်း
နာကျည်းခြင်း ဆိုတာဟာ
စာလုံးတောင် မပေါင်းတတ်ခဲ့ကြဘူး
သူရူးတို့ရဲ့အလင်္ကာတဲ့ကွယ်
(၂)
ညှိုးငယ်တဲ့အရှုံးနဲ့
သိုးငယ်ရဲ့အပြုံး
နေသွေးဖွဲ့အမုန်းနဲ့
မြွေပွေးရဲ့နှလုံး
သုဉ်းပျက်ကာ အိပ်စက်
အဆုံးတဝက်မှာ အဆိပ်တက်နေ
အိပ်မက်အကြွေတွေနဲ့
တေလေနှလုံးသားနဲ့လူရဲ့ ရာသီထက်
ဘာဝီစက်အခြေမှာ
မျက်ရည်နက္ခတ်တို့
ဗျဂ္ဃစာအမြဲကျင့်နေလေရဲ့
မာရ်နတ်မင်းရဲ့လက်ပေါင်းတစ်ထောင်
ယမမင်းရဲ့မျက်စောင်းအမှောင်
ထက်ကောင်းကင်က ဝရဇိန်စက်ကျ
ယက္ခရဲ့ဘွဲ့ဖြူဝဠာစုနဲ့
ရာဟုဂြိုဟ်အမြဲစီးနင်း
ခဲမီးပြင်းနဲ့တိုက်
အလစ် .. အငိုက် ..
အမိုက်မှောင်ချည်းပါပဲလေ
(၃)
ညီမလေးရေ …
ခေါ်ခွင့်မကြုံတဲ့ ကိုယ့်ရဲ့လှယမင်း
နွေညခင်းတရာမှာ
ငွေလမင်းတခါတော့
သာရော့လေမလားလို့
ဝေဝါးမှုန်သီ
တိမ်ပန်းချီရေးခြယ်ခဲ့မိသမျှ
မတိမကျနဲ့ပျော်
မမိမရနဲ့မျှော်ရင်း
အော် .. နောက်ဆုံးတော့
မိန်ရက်နွေတကြောမှာ
တိမ်ထက်ဖွေမောလို့
အိပ်မက်ကြွေမျှောရင်း
မောခဲ့ရတဲ့ နွမ်းကဗျာပါ
ကိုယ့်ဘဝအတွင်း
ခဏဆင်းခဲ့တဲ့ …
မြယွင်းနွေပန်းချီ
လမင်းရွှေရည်ပန်းအိမ်လေးရယ်
(၄)
ညီမလေးရယ် ..
အဲလစ်ဇယ်အတွက် ဖွဲ့ခဲ့တဲ့
ဘီသိုဗင်ရဲ့တေးချင်း
ဗျတ်စောင်းတစင်းနဲ့
ခပ်ပျင်းပျင်းနဲ့ညည်းတဲ့ကဗျာ
ဖြစ်များသာဖြစ်နိုင်မယ်ဆိုရင်တော့
အသူရာနတ်စောင်းမှာပန်းကြိုးတွေဆင်လို့
မင်းနာမည်အယဉ်ဘွဲ့ကို
ဖွဲ့ဆိုပေးလိုက်ချင်ပါသေးတယ်
မင်းပျော်စံဖို့
ညအမှောင်သမ်းချိန်
လရောင်ဆမ်းတဲ့ ဆိုနာတာ
တာရီဂါကြယ်စံရာ
အယ်လ်ဟမ်ဘရာ နန်းရင်ပြင်ထက်
ပန်းသဘင်တင်ဆက် ပျိုးပြက်ပျော်ရွှင်
မိုးဇက် သီတဲ့မှော်ဝင်ပုလွေသံနဲ့
ကန်နရီအက ကိုတင်ဆက်ကာ
လက်ဖြာ .. ပြာမှိုင်း တဲ့
စကြာဝဠာတံတိုင်းမှာ
သမိုင်းမော်ကွန်းထိုးပေးခဲ့ချင်ပါရဲ့ကွယ်
(၅)
သွားတော့မယ် ညီမလေးရေ …
ပန်းအိမ်လှေအတွက်တော့
လွမ်းတိမ်တွေယှက်သမ်းလို့
နေတခြမ်းကို
အသေထမ်းထားရတဲ့ ဧည့်သည်ဆိုတာ
တကယ့်တကယ်တော့
အပါယ်နတ်ဆိုးတွေအိမ်ရာထက်က
ကျိန်စာနက်ပုရပိုဒ်တချပ်ပါ။
နေတကောင်ရဲ့ကျင့်စဉ်မှတ်တမ်း
ဖြတ်သန်းခဲ့ရသမျှပင်လယ်ပြင်မှာ
ကြယ်စင်ညှာရဲ့ပန်းသရဖူကို
နန်းဇမ္ဗူရင်ပြင်ထက်
ရင်ခွင်ယှက်မိုးပြီးစောင့်ရှောက်ခွင့် မပါလို့
လွင်ပြင်နက်ဆိုးထောင့် အောက်အဆင့်မှာ
အရာရာကို ထောက်ချင့်တွေး
တိတ်တိတ်လေး ငေးနေပါတော့မယ်။
နွေအိုလမ်းမှာ
လေညိုသွမ်းချိန်
နေကိုထမ်းရင်း
အလွမ်းတတင်းကိုပျိုး
အနွမ်းသီချင်းကိုနှိုး
ပိုးကြိုးလေးတွေဆင်
အဝေးမြေပြင်မှာ
ကြွေသဘင်ကို ကြိတ်မှိတ်ဆင်နွှဲလို့
ကိုယ် …
တိတ်တဆိတ် ရင်ကွဲနေပါ့မယ်
(၆)
ညီမလေးရေ ..
ဝေးမြေကနေ လွမ်းဆဲ
ဝမ်းနည်းစရာ
လွမ်းသည်းညှာရယ် …
လမ်းခွဲဟာ ငိုစရာလား
နွေရဲ့အလွန် မိုးစွေသွန်ရင်
သရဝဏ်ခတ္တာ ပုန်းညက်ဝါတို့
ပွင့်ကာတသွယ် စပယ်လေးတွေသီရင်းပဲဖြစ်ဖြစ် …
မိုးမှုန်အပြေး ဆောင်းနှင်းသွေးရင်
မြတ်လေးတော်ဝင် သဇင်တွေပန်ရင်းပဲဖြစ်ဖြစ် …
နှင်းစက်အပြေး နွေတေးတမာန်ပြန်အရောက်
ပိတောက်ဝါတို့ စံရာသီမှာပဲဖြစ်ဖြစ် …
ရာသီမရွေး လွင့်မှေးတိမ်ပေါ်
ငယ်ဖေါ်တွေနဲ့ပျော်ရင်း ..
ညနွေးဝေသီမှာ
လှသွေးရည်တို့နဲ့
အကတေးသီရင်း ..
ဘဝဆိုတဲ့ အဏ္ဏဝါဦးရပ်မှာ
ကူးခတ်ပျော်မောရင်းနဲ့ …
ဘဝမာယာဘုံမှာ
ခဏတာလာဆုံရတဲ့
အမှုန်လေးတမှုန်ဟာ
တုန် .. ခါ .. ဖျော့ … သွေ့ .. ဝါး
မင်းလေ .. ကိုယ့်ကို မေ့သွားမှာပါ
(၇)
ညီမလေးရေ …
မင်းအရိပ်လေး မပျောက်ဆုံးသွားခင်
နောက်ဆုံးစကား ဆုမွန်ချွေခဲ့ပါတယ် ..
ညခင်းနက်ပြာ
ခဏချဉ်းလျက်မှာပင်
လမင်းလက်ဖြာဝေပါစေ …
လအထွက်မှာ
မြရွက်ပဝါနဲ့
ညစက်ရာမှာ
ကောင်းစွာမှေးပျော်နိုင်သောသူ ဖြစ်ပါစေ …
စည်ညင်းတို့၏သံသာဖြင့်
မိုးသောက်ယံအင်ခါမှာလည်း
ညင်သာစွာနိုးထနိုင်ပါစေ …
ဖြစ်လေရာ ‘ခဏ’ တိုင်းမှာလည်း
ဘဝသမိုင်းကောင်းသူဖြစ်ပါစေ ….
ညီ မ လေး ခ ရမ်း ပြာ ရေ …
အသစ်တဖန်ပြန်လည် မွေးဖွားခံစားလိုက်ပါတယ် …
ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ …
ဟယ်ရီ