ပန်းတွေပျိုးတဲ့ “သခင်”
ပန်းတွေပျိုးတဲ့ “သခင်”
အနမ်းတွေ မသိုးမသန့်နဲ့
……. ငါ့ကို …….
နမ်းခြွေချိုးရက်တယ်
……. မင်း …….
အပန်းဖြေဖို့များ
စခန်းမြေ တမို့မို့နဲ့
ရိုးပြတ်ရယ်တဲ့ ဒီတောမှာ
အပြောကျယ်စွာ မှောက်မှားမိတဲ့
ငွါးငွါးစွင့်စွင့် အရိုင်းပွင့်လေး
……. ငါ …….
နှိုင်းချင့်မတွေးပါဘဲ
လေယူရာတိမ်း ယိမ်းခဲ့မိတယ်
ခုတော့ဖြင့်
……. မင်း …….
စိမ်းခဲ့တာတောင် အမှုမထား
လူ့ငနွားလို
……. ငါ …….
ပြုစားတာပဲ မှတ်လိုက်ချင်တယ်
ဂရုမထားပါဘဲ စိတ်အလိုလိုက်
သိပ်ကိုမိုက်ခဲ့ရတာမို့
ကြိတ်ငိုရှိုက်ခဲ့ရတာတွေလည်း
အတိတ်ကို ရိုက်ခတ်ခဲ့တာပါပဲ
ကြာကြာသဲတဲ့ ဒီမိုးမှာ
လာသမျှ မစဲဘဲ
ငါသာပဲ မစိုခဲ့တာမို့
ပြိုခဲ့တဲ့ ငါ့မျက်ရည်တွေ
အလှပျက် နေပါစေဦးတော့
ဘ၀သက်သေ အပြုံးရယ်က
……. မင်း …….
ခြွေနိုင်တုန်းပဲ ပျော်ရမှာပေါ့
အဖော်ရှိခဲ့လို့ အပျော်သိခဲ့တောင်
မော်မကြည့်ရဲအောင် စိတ်ကိုနှစ်
သိပ်ကိုချစ်ခဲ့တာ
……. ငါပါဟာ …….
အရိပ်လိုဖြစ်ဖို့ ဒီအရေးအတွက်
သဒ္ဒါကဲလို့ တဏှာထဲသို့သာ
ငါ့ဘ၀လေး ခြေစုံဆင်း
နေကုန်ရင်းနဲ့ လောင်ကျွမ်း
အမှောင်ခန်းထဲက မထွက်နိုင်ခဲ့ဘူး
သက်ပိုင်ဦးတဲ့ “ပန်းဘုရင်”ရယ်
အနမ်း(ကား)စင်မှာ လွမ်းရင်ခွင်အပ်လို့
ယာဇ်တင်ကာ သတ်နေတာတောင်
……. မင်းကတော့ …….
နန်းရင်ပြင်ထက်က လှမ်းမြင်နေရက်ပါ့ကွယ်
Comment #1
ဟာ…. ကောင်းလိုက်တာဗျာ…တစ်ပုဒ်လုံး စကားလုံး အကောင်းတွေချည်းပဲ
မင်းသမီးလေး… အားပေးနေပါတယ်. ဒီကဗျာလေးကို တော်2ကြိုက်သွားပြီး