မွေးနေ့မှတ်တိုင်
ဒီမနက် ဘွဲ့နှင်းသဘင်ရှေ့ ခပ်အုပ်အုပ် မယ်ဇလီပင်အောက်က အစိမ်းရောင် ခုံတန်းထက်မှာ ဂါဝန်အနက်၊ အနွေးထည် အဖြူနဲ့ မွေးရက်ကို အလံထူဖို့ ခွန်အားတွေ ကျွန်မ ယူခဲ့တယ် မေမေ …. တိုက်တိုက်ဆိုင်ဆိုင်ပဲ ဂုတ်၊ ၀မ်းဗိုက်နဲ့ အမြှီးဖျားမှာ အဖြူရောင်စွက်ထားတဲ့ တစ်နှစ်သားလောက် ခွေးမည်းလေးတစ်ကောင် အနားမှာ ရစ်သီရစ်သီနဲ့ …. သူနဲ့အရောင်တူလို့ ထူးဆန်းနေတယ် ထင်ပါရဲ့လေ …. ကျီးကန်းတစ်သိုက်ကတော့ တောင်းမှောက်အကြည့်၊ သပိတ်ရောင် အတောင်တွေနဲ့ ၀မ်းတစ်ထွာအတွက် ပတ်ဝန်းကျင်ကို မမှုအားဘဲ အလုပ်များနေကြချိန်ပေါ့ …. မြက်ခင်းစိမ်းပေါ် ဖြတ်လျှောက်တဲ့အခါ စကားပွင့်တွေက လေအဝှေ့မှာ ပန်းသက်ခြွေကြသလို၊ မလေးရှားပိတောက် ရနံ့လေးတွေ လေသင့်ရာပါလာတော့ စိတ်ထဲကြည်နူးမိပြန်ရော …. လောကအလယ်မှာ ပန်းခင်းသောလမ်းကို မလျှောက်ခဲ့ဖူးပေမယ့် အမိတက္ကသိုလ်က စကား(ပန်း)ခင်းသော လမ်းတော့ ကျွန်မလျှောက်နိုင်ခဲ့ပါပြီ မေမေ …. ဒီလိုပဲ အဓိပတိ လမ်းမထက်မှာ ကျွန်မ ခြေရာတွေ ချဖူးခဲ့ပြီ …. သစ်ပုပ်ပင်ကြီးအောက်က ကိုင်းဖျားတွေကို ကျွန်မ မော့ကြည့်ခဲ့ဖူးပြီ …. ဥသြနဲ့အတူ တက္ကသိုလ်တစ်ခွင်က ကျေးငှက်သံပေါင်းစုံကို ကျွန်မ နားငြောင်းခဲ့ဖူးပြီ …. ကံ့ကော်နဲ့အတူ သစ်ပင်မျိုးစိတ်ပေါင်းများစွာကို ကျွန်မ ထိတွေ့ခဲ့ဖူးပြီ …. ခေတ်အဆက်ဆက်က တက္ကသိုလ်ရဲ့ ပျော်စရာ အငွေ့အသက်တွေ၊ ရာဇ၀င်တွင်ခဲ့တဲ့ သမိုင်း အစဉ်အလာတွေကို ကျွန်မ ပူးဝင်ခံစားခဲ့ဖူးပြီ …. အသစ်တွေ ဘယ်လောက်ကောင်းကောင်း အမိတက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်က အစိမ်းရောင် ပေါ်တီကို၊ အဖြူရောင် မုဂ်ပေါက်သုံးခု၊ ကြေးညှိရောင် ခြင်္သေ့နှစ်ကောင်နဲ့ ၀င့်ထည်နေတုန်းပဲ မေမေ …. ဒီမြေပေါ်မှာ ပွင့်ခဲ့သမျှ ပညာပန်းတွေ ကမ္ဘာအရပ်ရပ်မှာ မွှေးပျံ့နေကြပြီလေ …. အနာဂတ်အတွက် ကျွန်မဟာ အုတ်တစ်ချပ်လား၊ သဲတစ်ပွင့်လား ကိုယ့်ကိုယ်ကို မကွဲပြားပေမယ့် ဒီဦးနှောက်ထဲက ပန်းတွေကတော့ သေတောင် မနွမ်းဘူးဆိုတာ ယုံကြည်တယ် မေမေ …. မဟူရာ ၀တ်ရုံထက်မှာ ပန်းသွေးတစ်ခါ၊ စိမ်းဝါတစ်လှည့် ကျွန်မပခုံးပေါ် တင်ဖူးခဲ့ပြီ …. ဒီမြေထဲက အထင်ကရ သမိုင်းလှတဲ့ ဘုရားကျောင်းထဲမှာ ဘယ်လက်တစ်ဖက်အတွက် ဘ၀ပန်းဦးကို တံပိုးတင်ဖူးခဲ့ပြီ …. လက်ခလယ်လေး ဘုထွက်အောင် လက်ရေးလှလှ ရေးတတ်တဲ့ အဖြူအစိမ်းဘ၀ရဲ့ ညာလက်တစ်ဖက်ဟာ အခုတော့ “မိဿ” အမည်တပ် ကလောင်မှတ်ခဲ့ဖူးပြီ …. အမိတက္ကသိုလ်က ခွန်အားတွေနဲ့ ဘ၀ကို ရှေ့ဆက်ချီတက်ဖို့ သတ္တိတွေ ကျွန်မ အသွေးအသားထဲမှာ လှည့်ပတ် စီးဆင်းနိုင်အောင် ဒီနေ့ကစ နေရာပေးလိုက်ပါပြီ မေမေ ….
တစ်ချိန်က ဒီလိုနေ့တွေမှာပေါ့ ….
ဧရာဝတီတိုင်း နယ်မြို့လေးမှာ
ရွှေဘုန်းပွင့်ဘုရား နောက်ကွယ်နားက
နဂါးတစ်ကောင် လိုက်ပို့ဆောင်လို့
ဆေးရုံပြတင်းချပ် နတ်ချောင်ထွက်အောင်
သက်ကိုလုလျှက် အားအင်ခက်နှင့်
မိဿမည်ရ စနေမကို
မေမေအော်ဟစ်မွေးခဲ့ဖူးတယ်
အာရုံအတက် ဒီလိုမနက်မှာ
မိသားစုဘ၀ တတ်နိုင်သမျှနဲ့
မုန့်ဟင်းခါးချက် ဆွမ်းချိုင့်ကပ်ပြီး
မွေးနေ့အလှူပေးခဲ့ဖူးတယ်
ဖေ၊မေလက်ဆွဲ ဘုရားပွဲနှင့်
ပွဲဈေးအစုံ ရုပ်ရှင်ရုံမကျန်
ဘ၀ပန်းခြံထဲ ခြေချရဲအောင်
ကျွန်မလျှောက်လည်ခဲ့ဖူးတယ်
နှုတ်ဆက်စကား လက်ပြမသွားဘဲ
ခဏရောက်လာ ဧည့်သည်သာလို
ဘ၀စည်းခြား ထွက်ခွာသွားတဲ့
မောင်လေးနဲ့လည်းပျော်ခဲ့ဖူးတယ်
ကိုယ်ပိုင်ချိန်ငှား ဆရာအားဖြင့်
တာဝန်တစ်ဖက် ထမ်းဆောင်လျှက်သာ
နာမည်ကောင်းတွက် လက်မှတ်ဖြတ်ဖို့
သင်ပေးရင်းလည်းပျော်ခဲ့ဖူးတယ်
ပုဂ္ဂ္ဂလိက သူဋ္ဌေးစုံကြားမှာ
အချိန်နဲ့ငွေ လဲလှယ်စေဖို့
ဘာသာစကားတစ်ခု အရင်းအနှီးပြုရင်း
ရင်ဘောင်တန်းလည်းပျော်ခဲ့ဖူးတယ်
မုန်ယိုနေတဲ့ သားရဲတွင်းထဲ
လောကဓံကို ဆေးထိုးသတ်ဖို့
အသွားမတော် တစ်လှမ်းဘ၀နဲ့
ငရဲကျအောင်လည်းပျော်ခဲ့ဖူးတယ်
အနားဖွာတဲ့ လောဘစိတ်သုံး
ရေပေါ်ကဆီ လုပ်ချင်ဇောနဲ့
မျက်နှာသိရဲ့ ထောင်ချောက်ထဲမှာ
အသုဘ၀တ်ရုံ မျက်လှည့်ပွဲကို
ဝင်နွှဲရင်းလည်းပျော်ခဲ့ဖူးတယ်
….. အခုတော့ …..
ခဲယဉ်းဆိုးယုတ် ခွန်အားဆုတ်အောင်
မွတ်သိပ်ဆင်းရဲ သံသရာထဲမှာ
အထု၊ အထောင်း မျိုးစုံကောင်းလည်း
စာနာသနား၊ အကြင်နာထားပြီး
တန်ပြန်မေတ္တာ ဘဏ္ဍာကိုသာ
ရှာမှီးဝေမျှ ဂရုဏာပြရင်း
လောကထဲမှာ ပျော်တတ်လာပြီ
….. ကျေးဇူးအရှင် မွေးမိခင်ရေ …..
Comment #1
ပုံ က ကိုယ်ဟာကို ဆွဲတာလား ကူးထားတာလား
အားပေးသွားပါတာ်