ရတနာ (၁၂) – မောင်စိန်ဝင်း (ပုတီးကုန်း)
ခွဲရက်ခွာစွန့်၊ ဝေးသွားဝံ့မှ
အပူစတွေ၊ သူမျှ ဝေလို့
ခြွေနှင်းတစ်စက် ၊ ကြွေဆင်းသက်အောင်
မျက်တောင်ဖျားဆွတ်၊ သီဝေ့ညွှတ်ခို
စိုရင်းစီးနေ
ဪသာ် ……. ငိုချင်းလည်း မရှည်တော့ပါဘူးကွယ်။
သူခင်းတဲ့လမ်း၊ သူနင်းမည့်ငြမ်း
ချမ်းမြေ့ဝမ်းမြောက်၊ လှမ်းလျှောက်ပါစေ
သူငဲ့နေလျှင်၊ ဖြေပြေရာခက်
ဝေဒနာသက်ရင့်၊ လက်ဆင့်ကမ်းသလို
ငို …….. ငို ……… ငိုမှာစိုး
ဪသာ် …….. ကိုယ် ……….. ကိုယ်သာ အဆိုးဖြစ်စေတော့။
ရင်နာစရာလဲ၊ မင်္ဂလာပါပဲကွယ်လို့
ရယ်ရင်းနှုတ်ဆက်၊ မေ့နိုင်ရက်စေ
မေ့ပါစေကွယ်၊ လွယ်လွယ်ခံစား
ချန်ထားပါစေ၊ ကံတရားလို့သာ ဖြေလျက်နဲ့ …….
မခြွေရက်တဲ့ပန်း၊ အကြွေခက်တဲ့ပန်း
အမြဲလန်းနေ၊ အလွမ်းတစ်ခု
ရင်ထဲနုမျစ်၊ ဖြစ်ပြီးမပျက်
သစ်ပြီးသထက်သစ်၊ နှစ်ရှည်လကြာ
ကာလတာရှည်မျော
ပြောမပြသာပြီ
အချစ်ရယ် …. ရင်ထဲမှာတော့ သောကရာသီ။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service