ကြိုးဆွဲ / ရုပ်သေး
တစ်ရက်ခံပေါ်ပင် လသုံးစင်းလို သူတို့ဟာ မင်းနောက်ကျောမှာ နှစ်အတော်ကြာ ထပ်ချပ်မကွာ လိုက်လာခဲ့တယ် … ဂါဝန်စ အောက်ဖက်နားမှာ ပေါလောပေါ်နေတဲ့ ခြေထောက်မဲ့ အရုပ်တွေက စုန်းမတွေလိုလို ငါ့စိတ်ကို မြင်ယောင်စေတယ်…. သူတို့ခြေဖ၀ါးတွေဟာ ရပ်တန့်နေတဲ့ လမ်းတစ်လျှောက်မှာ အလဟဿ အလှတွေပြဖို့ မင်းရဲ့ ဒိုင်ယာရီနဲ့ အတူ အိမ်ပြန်လာတာ ငါမြင်နေရတယ် …. မင်းမျက်လုံးတွေ တောင်တွေအနောက်မှာ ပုန်းကွယ်နေချိန်၊ မင်းနောက်ကျောမှာ မိုးသက် မုန်တိုင်းတွေ ထန်နေကြတယ် …. မင်းနဖူးပေါ်က မိုးဖွဲဖွဲတွေဟာ မျက်ရည်ကန်ထဲမှာ တံလျှပ်ထ တောက်ပနေကြပြန်တယ် …. တစ် … နှစ် … သုံး …. သူတို့ သုံးယောက်သား အသက်ရှုသံတွေကို ဆုပ်ကိုင်ရင်း သူတို့ရဲ့ ကြိုးတွေကို နီးသထက် နီးအောင် ဆွဲငင်နေကြတယ် …. ပန်းကန်စင် အံဆွဲတွေမှာ တွဲလဲချ မင်းချန်ခဲ့တဲ့ ကြိုးစလေးတွေ အဆွဲခံဖို့ စောင့်နေကြတာ ငါသတိရမိတယ် …. အဲ့ဒါဘာလဲ? စိတ်အာရုံ မအီမသာ ဖြစ်နေတာလား … ချစ်သူ? ဘာ့ကြောင့် မင်းဆွယ်တာ အနီလေး ဒီလောက် မြဲနေရတာလဲ? ဘာ့ကြောင့် မင်းဒီလို ခိုးကြောင်ခိုးဝှက် ကြည့်တတ် လာရတာလဲ? မင်းအရိပ်ထက် ပိုသစ္စာရှိတဲ့ လသုံးစင်းကတော့ အမြဲ အဲ့ဒီမှာပဲ ….. အိပ်ပျော်နေလို့ မင်းကြောက်ရွံ့ရင်တောင် မင်းရဲ့စိတ်ထဲမှာ သူတို့တွေ ရှိတယ်လို့ ခံစားရမယ် …. သူတို့ရဲ့ မျက်လုံးတွေနဲ့ နားထောင်နေတဲ့ နားရွက်တွေကို ပွတ်တိုက်ထုတ်ဖို့ ခဲဖျက်တွေ အများကြီး မင်းဝယ်ခဲ့တယ် …. ငါမင်းကို ကြိုးဆွဲတဲ့အခါ သူတို့တွေဟာ ငါ့အာရုံကို စိုးမိုးနေကြတယ် …. သူတို့ကို အတော်ဆုံးလို့ ငါမြင်မိပါတယ် …. သလင်းကျောက် အလှဆင်ထားတဲ့ လွင်ပြင်တစ်ခုမှာ ရေနွေးငွေ့ပေါင်းခံ အငွေ့ထွက် အစားအစာတွေနဲ့ …. လမ်းပြမှတ်တိုင်လို တူတွေဟာ တစ်ချောင်းနဲ့တစ်ချောင်း ခေါင်းခေါက်လို့ တတောက်တောက် မြည်သံပေးရင်း …. နေရောင်နဲ့ ဆန့်ကျင်ဖက် သူမရဲ့ လိုက်ကာနား အမွှမ်းတွေဟာ တန်ဖိုးနည်း အနီရောင် မီးခွက်ရဲ့ ခြိမ်းခြောက်ခံထားရတဲ့ မိန်းကလေး တစ်ယောက် အိပ်ခန်းဆောင်ကို ငါမြင်ရတယ် …. ဘယ်သူဘယ်ဝါ ပိုင်ဆိုင်မှန်း မသိသော ပျောက်ဆုံးခံ အ၀တ်တွေလည်း ငါတွေ့ရတယ် …. ၀စ်လစ်စလစ် သစ်ပင်မှာ လည်ချောင်းပေါ် ဆုတ်ခွဲကြိုးပေး သတ်လိုက်တယ် …. သစ်ပင်ရဲ့ အလှပဆုံး အစွန်းအထင်းဟာ သူမရဲ့ ငန်းလည်တိုင်လေး ပေါ်မှာရှိတယ် …. ကိုယ့်အရိပ် ကိုယ်ပြန်နှစ်သက်တဲ့ နတ်လူပျို ဂမုန်းပန်း ဒဏ္ဍာရီဟာ သူမပေါ်မှာ ရေးထိုးခဲ့ပြီ …. မင်းလည်း သူမကို အခါခါ ဖတ်မယ်ဆိုတာ ငါသိပါတယ် …. မင်းရဲ့ ရှက်ကိုးရှက်ကန်းဆန်တဲ့ အတိသယ၀ုတ္တိ အပြုံးတွေကြောင့် ကြယ်တွေဟာ ကောက်ကြောင်းတွေကြား အရောင်ထတောက် တတ်ကြတယ် …. ငါမင်းကို ကြောက်ရမှာလား? …. ဟုတ်တယ် …. သူတို့တွေဟာ မင်းနောက်မှာ ရှိနေကြတယ် …. မင်းငါ့ကို အတင်းအကြပ် ကြိုးဆွဲကတိုင်း သူတို့ရဲ့ ပြင်းထန်တောက်ပနေတဲ့ မျက်နှာတွေဟာ အလင်းတန်း သုံးခုနဲ့ မင်းအပေါ် အစက် အစက် ကျလာမယ် …. မင်းနဲ့ငါ ကနေတဲ့အချိန်မှာ သူတို့တွေဟာ ရင်ကွဲနာကျတဲ့ သစ်ရွက်တွေလို တို့နှစ်ယောက်ဘေးမှာ ၀ဲပျံနေကြမယ် …. မင်းရဲ့ မျက်လုံးတွေက လေးကန်တဲ့ စကားလုံးတွေနဲ့ ငါ့ဖက်ကို သမင်လည်ပြန် မျက်နှာမူနေရင်တောင်မှ မင်းဟာ သူတို့ရဲ့ ကြိုးဆွဲရုပ်ပါပဲ …. ငါမင်းကို ကြောက်ရမှာလား … အချစ်ရယ်? …. ကဲ … အခုပဲ ကြေးမှုံပြင်မှာ တို့အတူ ရှုစားကြရအောင်လား?
Comment #4
သစ်ပင်ရဲ့ အလှပဆုံး အစွန်းအထင်းဟာ သူမရဲ့ ငန်းလည်တိုင်လေး ပေါ်မှာရှိတယ်
သဘောကျတယ် အစ်မ။ အလှပဆုံး အစွန်းအထင်း ဆိုတဲ့ အသုံးကို ကြိုက်တယ်။ အားပေးသွားတယ် ခင်ဗျ။
Comment #1
gothic styled writing ! impressive