နံနက်ခင်း ကော်ဖီဆိုင်
လောက အလှ မှာ ပါတဲ့ ကျွန်တော့်ရဲ့ ပထမဦးဆုံး ကဗျာလေးပါ…။ ရေးခဲ့တာ တော်တော်ကြာပြီ ဖြစ်တဲ့ ကဗျာ…။
ကော်ဖီတစ်ခွက်ကို သူငယ်ချင်းတွေနဲ့ အတူတူ သောက်ဖူးမယ်…။ မောင်နှမတွေ နဲ့ အတူတူ သောက်ဖူးမယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတူ သောက်ဖူးမယ်။ ချစ်ခင်ရသူတွေနဲ့ အတူတူ သောက်ဖူးမယ်…။ ကော်ဖီ ရဲ့ အနှစ်သာရနဲ့ အမှတ်တံဆိပ်ခြင်း တူနေခဲ့ရင်တောင် နေရာ ၊ ဒေသ၊ ကာလ တွေအပြင် အတူတူ အရသာခံသောက်မယ့်သူတွေ ပြောင်းလဲသွားနိုင်သလို ကော်ဖီအရသာတွေလည်း ပြောင်းလဲသွားနိုင်မယ် ထင်ပါတယ်။ ကော်ဖီတစ်ခွက်နဲ့အတူ ဖွင့်ခဲ့တဲ့ မနက်ခင်းတွေကိုပဲ ကော်ဖီတစ်ခွက်နဲ့အတူ ပိတ်သိမ်းလိုက်ရတဲ့ ညတွေလည်း ရှိခဲ့ဖူးမှာပါ။
ဒီကဗျာကို ရေးနေမိတဲ့အချိန်တုန်းက အမေဖျော်ပေးတဲ့ ကဖင်းဓါတ်ကို လျော့ချထားတဲ့ ကော်ဖီတစ်ခွက်ကို (နှစ်နှစ်ကာကာ ဒီအရသာကို မနှစ်သက်မိပေမယ့်) သတိရနေမိသလို၊ မြေလမ်းနဘေးတစ်နေရာ မွေးရပ်မြေက ကျောင်းတော်ကြီးရဲ့ ချောက်တီးချောက်ချက် ကော်ဖီဆိုင်မှာ သူငယ်ချင်းတွေနဲ့ အတူတူ အရသာ သိပ်မရှိလှတဲ့ ready made ကော်ဖီသောက်နေမိတဲ့ အချိန်တွေကို သတိရမိပါတယ်။ ဘ၀မှာ တစ်ခါတစ်ခါ ကျွန်တော်တို့ဟာ စွဲမက်စေမိတဲ့ အရသာတွေကို ဖြတ်သန်းခင်က တန်ဖိုးထားမှု ပြည့်ပြည့်၀၀ နားမလည်မိခဲ့မှုဆိုတဲ့ အချိန်တစ်ချို့ကို နံနက်ခင်း ကော်ဖီဆိုင်မှာ တွေ့နေမိခဲ့တယ်။ တွေးနေမိခဲ့တယ်။ တွေးနေမိဦးမယ် ထင်ပါရဲ့…။
နောင် တစ်ချိန် ကျွန်တော် အမှတ်ရမိတဲ့ နံနက်ခင်း ကော်ဖီဆိုင်တွေဟာ ကျွန်တော် သောက်နေမိတဲ့ ကော်ဖီ အမှတ်တံဆိပ်တွေ ပြောင်းလဲသွားသလို အတူတူ သောက်နေတဲ့ သူတွေ ပြောင်းလဲသွားသလို အမှတ်ရခြင်းတွေလည်း ပြောင်းလဲသွားမယ်ဆိုတာ သေချာတယ်ဆိုတာတော့…။