ကိုလံဘတ်
တစ်ချိန်မဟုတ်ရင် တစ်နေရာမှာ (များသောအားဖြင့် မထင်မှတ်ဆုံး
ကိုယ့်ပစ္စုပ္ပန်ဟာ သူ့အစစ်ကို သူ့အတုနဲ့လဲပြီး ထားသွားခဲ့
ချွတ်ထားခဲ့တဲ့ မျက်နှာဖုံးကပါ ကိုယ့်ကို နေ့ခင်းကြောင်တောင်မှာ
ပခုံးချင်းဝင်တိုက်ပြီး မိုက်ကြည့် ကြည့်သွားတာ
ညတွေမှာ ငြိမ်တော့မှ ဂယက်ထထိုင်တဲ့အခါ) ဘယ်သူမဆို
သူ့နည်းသူ့ဟန်နဲ့ သူ့ကိုလံဘတ် သူပြန်ဖြစ်ရတယ်
ဖြတ်ခဲ့ပြီးတဲ့ သမုဒ္ဒရာကို ပြန်ဖြတ်ရ၊ ဆိုပါတော့
အမေရိကကိုပြန်ရှာဖွေရတယ်
အကြိမ်ကြိမ်ရှာဖွေ တွေ့ ရှိဖူးခဲ့၊ ကမ်းကပ်ခဲ့
အကြိမ်ကြိမ် သိမ်းပိုက်ခဲ့၊ အလံတင်ခဲ့၊ မြို့ရွာတည်ခဲ့၊
သမိုင်းအထပ်ထပ်ရေးခဲ့၊ မှတ်တမ်းတင်ဓာတ်ပုံတွေ၊
ဗီဒီယိုတွေ ရိုက်ခဲ့ပေမယ့်လည်း
ပြန်ရှာဖွေရတယ်၊ တစ်ခါပြန်ရှာဖွေရတိုင်း
အမေရိကဟာတစ်မျိုးပြောင်း၊ လမ်းကြောင်းဟာ တစ်မျိုးဖြစ်
တစ်ခေါက်တုန်းကဆို ယခင်ရှိနေသေးတဲ့ ကိုလံဘတ်ကို
တစ်ခါပြန်ရောက်လာတဲ့ ကိုလံဘတ်က
စိတ်မရှည်သလို မယုံသင်္ကာကြည့်လို့
သီဟိုဠ်ကျွန်းသားဖြစ်လိုက်၊ ဂျာမန်တိုက်သားဖြစ်လိုက်နဲ့
ကိုလံဘတ်ဟာ တစ်ခါမှ မသင်ယူခဲ့တဲ့ ဘာသာစကားတွေ ပြောလိုပြော
သူ့မိခင်ဘာသာစကားနဲ့ သူ့ဖခင်ဘာသာစကားကို မေ့လိုမေ့
လိင်အင်္ဂါ မသဲကွဲတာလည်း ထမင်းစားရေသောက်လို ကြုံရင်ကြုံရ
သူ့မြေပုံပေါ်မှာ အရပ်ဒေသတွေ ပေါ်လာလိုက် ပျောက်သွားလိုက်
သူ့အဝေးကြည့်မှန်ပြောင်းထဲမှာ
ပင်လယ်ဟာ မိုးကုတ်စက်ဝိုင်းနဲ့ ကန့်လန့်ဖြတ်လိုဖြတ်
အဝေးက နေလုံးကို မြင်လိုက် အနီးကပ် သူ့မျက်လုံး သူမြင်လိုက်
သူ့နာမည် သူမမှတ်မိအောင် ရူးသွပ်လိုက်
တစ်ယောက်စီရဲ့ လျှို့ဝှက်ဆိပ်ကမ်းမှာ
တစ်ယောက်စီရဲ့ ကိုယ်ပိုင်ကြေကွဲသင်္ဘောဟာ
လာလာနစ်မြုပ်တာ သင်္ဘောသားရဲ့ ထုံးစံပဲ
ဒါကို ကိုလံဘတ်သိတယ်
ဒါပေမယ့် ကိုလံဘတ်ရဲ့ အသွေးအသားထဲမှာ
ပင်လယ်ရဲ့ မာယာဟာ ပထမအသွေးအသားပဲ
ဘယ်သူမဆိုကြုံရတတ်တယ်
ပင်လယ်ဟာ ကြောင်ကလေးလို အိပ်နေပြီး
ကောင်းကင်ဟာ သူ့ကိုယ်သူ စမ်းရေထဲငုံ့ကြည့်သလို
ကြည်လင်တာမှ ကြည်ကြည်လင်လင်ကိုဖြစ်တဲ့အခါမှာ
လာပါပြီလေ အဝေးက အမှုံကလေး၊ အစက်ကလေး
ဦးပိုင်းမှာ ကိုလံဘတ်ခါးထောက်ရပ်နေတာ ပါမှပါပါ့မလားလို့
ကမ်းစပ်မှာ ရပ်နေတဲ့ ကိုလံဘတ်က ခါးထောက်ကြည့်လို့။ ။
(တေးကဗျာ၊ ဇွန် ၂၀၀၄)
Comment #1
မိုက်တယ်း)