အလွမ်းမြစ်ထဲ မိုးသည်းသည်းမှာ (ပိုင်စိုးဝေ)
အအိပ်မဲ့ညတွေကြား
အတိတ်ရဲ့ဘဝတွေ ဖြတ်သွားဆဲပါ မေ။
ကိုယ့်အတိတ်ရဲ့ဖြစ်စဉ်အစ
ကိုယ့်ဘဝသမိုင်းဦးမှာ
အချစ်မူး မူးခဲ့တယ်
အချစ်ရူးလည်း ရူးခဲ့တယ်။
တစ်ခဏလေး
ဘဝပေးကုသိုလ်ကောင်းခဲ့လို့
မေရယ်…ကိုယ်ရယ်
အချစ်တွေစီးမျောနေတဲ့
ချစ်နဒီပင်လယ်ကြောမှာ
အချစ်လှေကလေးနဲ့ မျောခဲ့တယ်။
နဂါးငွေ့တန်း
ကြယ်ထူးဆန်းတွေကြား
တို့နှစ်ဦးသားရဲ့ဝိညာဉ်
ခြေကျင်လမ်းလျှောက်
ဟိုး… မြောက်ဝင်ရိုးစွန်း
ရေခဲကျွန်းထိ ရောက်ခဲ့တယ်။
နှင်းဆီပန်းခင်း ..လေညင်းတွေထဲ
လူးလဲပွေ့ဖက် မနက်နေ့ည
ကာလမရှိ
အချိန်ဆိုတာ တို့မသိတဲ့
အချစ်ရဲ့နေ့တွေ ချိုလွန်းတယ်။
အခုတော့ အဲသည်နေ့တွေ
ဝေးခဲ့ပြီပေါ့ မောင့်ရဲ့မေရယ်။
မေ မရှိတဲ့
မောင့်ရဲ့ဘဝ ခဏတိုင်းမှာ
ရေ မြေ လေ မီး
ဓာတ်ကြီးလေးပါး မရှိတဲ့
ဒြပ်မဲ့ ကမ္ဘာပေါ် ရပ်တည်ရခြင်းပါ
အကြောင်းအကျိုးတွေလည်း
အကောင်းအဆိုး မဝေခွဲတတ်တော့ပါ။
ရာသီနှစ်ချို့
မြစ်တို့ခန်းခြောက်
တောင်နဲ့မြောက်လည်း
မသဲကွဲတော့ဘူး
အသည်းထဲ ဆူးစူးတာ
နှုတ်လို့မလွယ်ဘူးမေ။
နာရီတွေ စက္ကန့်တွေ
တရွေ့ရွေ့စီးမျောနေခြင်းဟာ
အချိန်ကာလပါပဲ
ကိုယ့်ဘဝမှာတော့
အလွမ်းတစ်ခုထဲ
အမြဲစီးဆင်းနေလျက်ပါ။
အလွမ်းလှေကလေး
ကမ်းနဲ့ဝေးခဲ့ပြီမို့
အလွမ်းမြစ်ထဲ မိုးသည်းသည်းမှာ
ရောက်ချင်ရာရောက် လှော်တော့မယ်။ ။
ပိုင်စိုးဝေ
မဟေသီ မဂ္ဂဇင်း ၊၁၉၈၅