အဝေးပြေးဝိညာဉ် (ပိုင်စိုးဝေ)
ဆီးနှင်းထုကြီးကို စိုက်ကြည့်ဖို့
ငါရောက်လာခဲ့တာ
မင်း ငါ့ကိုမြင်နိုင်ဖို့
ကြယ်တာရာ တစ်ခုလောက်ထိ
နောက်ဆုတ်လိုက်ဦး။
အမှန်တရားဟာ
မှားမနေဘူးဆိုရင်လေ
ငါ့ဘ၀အပေါ် ငါနေထိုင်မှုဟာ
တစ်စုံတစ်ရာမမှားခဲ့ဘူးဆိုတာ
သေချာတယ်။
သွေးကတောင်းတဲ့အနမ်းမှတစ်ပါး
တခြားဘာကိုမှ မတောင်းတတဲ့နေ့တွေမှာ
မင်းကိုလည်း ငါမတောင်းတခဲ့ပါဘူး
မင်းယုံကြည်။
အသည်းအသန် ၊ အငမ်းမရ
လောဘတကြီး ငါလိုက်ရှာဖွေခဲ့ရတဲ့
ဘ၀ဖြစ်တည်မှုဆိုတာလည်း နောက်ဆုံးတော့
အလကားပဲ။
သွေးပျက်မသွားပါနဲ့
စာမျက်နှာနည်းနည်းပါးပါးလောက်
ကျော်ပြီးလှန်လိုက်စမ်းပါ
လှလှပပငါ့ဘ၀ကို မင်းတွေ့စေရမယ်
သိလား။
ကိုယ်ဘာကို ဆိုလိုတယ်ဆိုတာ
အစကတည်းက သေချာမသိခဲ့ရင်
အခုလည်းမသိဘူး
ဘယ်တော့မှလည်း သိလာမှာမဟုတ်ဘူး။
ကိုယ်ဘာကောင်ဆိုတာ
ကိုယ့်ဟာကိုယ် အသေအချာသိခဲ့ရင်
ဘယ်သူဘာကောင်ဆိုတာသိဖို့
အလွယ်လေးပါပဲ။
ငါဟာ
သစ္စာတရားကို ရှာဖွေနေသူ
မဟုတ်။
ငါကိုယ်တိုင်သည်ပင်
သစ္စာတရားရဲ့ ပုံဆောင်ခဲတစ်ခု
ဖြစ်ရဲ့။
အလုံးအဖန်သေးသေးရှည်ရှည် အ၀ကျဉ်းကျဉ်း
ပုလင်းအလွတ်တစ်လုံးထဲ
ပိုးလောက်လန်းတစ်ကောင် ခွေနေရသလိုမျိုး
ဖြစ်တည်မှုဟာ
အနှစ်သာရမဲ့လှချည့်။
လူအများကို ကျောခိုင်းသွားခဲ့ခြင်းမှာ
သူ့ကိုယ်သူ ပို၍ကောင်းအောင်
အားထုတ်ခြင်းလည်းဖြစ်ပေသည် . . . တဲ့
ဟိုလ်ဒါလင်အကြောင်း
ငါဖတ်မိ။
စိတ်ကူးစိတ်သန်းတွေအတောင်ပံကျိုးတဲ့ည
နောက်ပြန်ဆုတ်ခဲ့ရတဲ့ ကြည်ညိုလေးစားမှုနဲ့
ပွန်းပဲ့သွားတဲ့လေထုထဲ
မပျော်ရွှင်ပဲ ပွင့်နေရတဲ့ ပန်းတွေကြား
ငါ့အသံကို ငါပြန်ကြားမှာ
ကြောက်မိပေါ့။
ကဲကွာ
ခေါင်းလောင်းကို ငါထိုးတဲ့အချိန်မှာ
ခေါင်းလောင်းထဲကို အသံထည့်သူဟာ
ငါကိုယ်တိုင်ပါပဲ။ ။
ပိုင်စိုးဝေ
Comment #1
လူအများကို ကျောခိုင်းသွားခြင်းမှာ…
သူ့ကိုယ်သူ ကောင်းအောင် အားထုတ်ခြင်း………….