အမေ့ဆီမရောက်ဖြစ်သေးတဲ့ လူကြုံ (ဖြိုးဖြိုး)
ညကဖြင့် မှောင်နေပြီ..
ကြယ်လေးတွေကတော့ အိပ်တုန်း မေမေရ..
သူတို့လေးတွေလည်း အရင်က သမီးရဲ့ “sound sleep” မျိုးနဲ့ အိပ်နေတယ်နဲ့တူပါတယ်..
အိပ်ပါစေလေ.. တိတ်ဆိတ်စွာ.. အေးချမ်းစွာ.. ကြည်လင်စွာနဲ့ နှစ်ခြိုက်စွာ ..
သမီးကတော့..
အမေ့ကို သတိရကြောင်း ကဗျာတွေရေးသလိုလိုနဲ့
ဝမ်းနည်းတဲ့ အကြောင်လေးတွေ ဖြည်ချတယ်
နှစ်ဆယ်ကျော် လူငယ်မလေးက
ခြောက်ဆယ်နားနီး မိန်းမကြီးဆီက “ခွန်အား” ကိုမျှော်တယ်
ခြောက်ဆယ်နားနီး မိန်းမကြီးကတော့
နှစ်ဆယ်ကျော် လူငယ်မလေးဆီက “အပြုံး” ကိုမျှော်တယ်
ဒီတော့လည်း သဘာဝကျကျ ပြုံးလိုက်မိတယ် မေမေ..
မနက်ဆိုတဲ့အရာကလည်း ဘာပယောဂမှမပါဘဲ သူ့သဘောသူဆောင်ပြီး လင်းလင်းလာတယ်
ဒီနှစ်ဆယ်ကျော် လူငယ်မလေးကတော့ မရှင်း မလင်း မသဲမကွဲနဲ့ေ၀၀ါးတုန်းပဲ မေမေရ..
ဒါပေမယ့်
ဒီအချိန်ရဲ့ အချိန်မှန် အမေ့အိမ်က ကြေးစည်သံကိုတော့ သူကြားပါတယ်တဲ့..
ဒီလိုနဲ့..
လက်ဗလာ ခြေဗလာ နှလုံးသားမှာ မာယာဗလာနဲ့
ဘ၀ ဆိုတဲ့ ကျောင်း လမ်းကို ကြိုးစားပမ်းစား လျှောက်လာခဲ့တာပေါ့..
တကယ်ကို ကြိုးစားပမ်းစား ပါ မေမေ..
ဒါနဲ့များတောင်
လောကဓံ လက်ရေးလှစာအုပ်မှာ ရေးနေတဲ့
“၀” လုံးလေးတွေက မ…၀ိုင်း..သေး…ဘူး..တဲ့
လက်ထပ်လို့ ကူပြီးရေးပေးပါဦး မေမေ..
နှစ်ဆယ်ကျော် လူငယ်မလေး
ဒီခြောက်ဆယ်နားနီး မိန်းမကြီးဆီကပဲ စစ်ကူတောင်းနေပြန်ပြီပေါ့
သဘာဝကျကျပါပဲ မေမေ သမီးပြုံးလိုက်မိပြန်တယ်.
တစ်ခါတလေတော့လည်း
မ၀ိုင်းဘူးဆိုတဲ့ “၀” လုံးလေးတွေကို အသာထားပြီး
ရောက်နေတဲ့ ဒီ “လမ်း” ရဲ့အကြောင်း တွေးမိတယ်
ပြန်မလှည့်တော့လို့များ ဖြောင့်ဖြူးနေသလားလို့ပေါ့လေ..
နောက်..
ခဏခဏ ညည်းခဲ့မိတဲ့ ကိုငှက်ကြီး သီချင်းထဲကလို
မပြီးဆုံးသေးတဲ့ အိပ်မက်ရှည်တွေရဲ့ အကြောင်း..
ရောင်စုံမျက်နှာဖုံး လှလှလေးတွေရဲ့အကြောင်း..
မကြာမကြာ ရောက်ရောက်လာတတ်တဲ့
စိတ်အပူချိန် ၁၀၇ ဒီဂရီ အဖျား ရဲ့လာရာလမ်းကြောင်း..
မေမေ..မေမေ..မေမေရေ..
မေမေ့ရင်ရိပ်ရဲ့အဝေးမှာလေ
အဲဒီလို
အတွေးတွေ များစပြုလာတယ်
ပူပင်မှုတွေ များစပြုလာတယ်
စိတ်မချရဲတော့တဲ့ မနက်ဖြန်တွေလည်း များစ ပြု ပြုလာတယ်..
“အရိပ်စစ်နဲ့ဝေးကွာခြင်း” ဘေးထွက်ဆိုးကျိုးများ လို့ပဲဆိုလိုက်ရမလားမေမေ..
ဆရာ ခရမ်းပြာထက်လူကတော့ ပြောတယ်တဲ့
သူများတွေ ချစ်တယ်ဆိုတာ အမေဆဲနေသလောက်ပဲရှိတယ်တဲ့..
ဒါဆို
အမေ့ကို အရမ်းချစ်ပါတယ်ဆိုတဲ့ သမီးကရော
မေမေ့အတွက် ….
…..
…..
ဆေးရောင်စုံတွေ ဟန်ချက်ညီညီ ခြယ်ထားတဲ့
သူများတွေက ချောင်ထိုးထားတဲ့
မေမေ့ နှလုံးသားနံရံမှာတော့ တမြတ်တနိုးနဲ့ ရှိနေတဲ့
ဒုက္ခ ဆိုတဲ့ မပြီးဆုံးနိုင်သေးတဲ့ ပန်းချီကားတစ်ချပ်များလား မေမေ..
ကိုယ်မေး ကိုယ်မဖြေနိုင် မေးခွန်းနဲ့အတူ
သဘာဝကျကျနဲ့ အလှပဆုံးပေါ့မေမေ သမီးပြုံးနေမိပါတယ်..
သဘာဝကျလွန်းတဲ့ အဲဒီအပြုံးတွေကိုပဲ စိတ်ချရတဲ့ လူကြုံရှိရင် သမီး ပါးလိုက်ပါဦးမယ်..
ကျေးဇူးတင်တာလေးတွေ ပြောမယ်ဆိုပြီး
အစချီလိုက်တဲ့
ဒီကဗျာလည်း
ခါတိုင်း ကဗျာတွေလိုပဲ
အပူလေးတွေ ပါသွားပြန်ပြီ မေမေ..
သမီးပေးတဲ့ အပူတွေကြား
အေးချမ်းပါစေ
ငြိမ်းချမ်းပါစေ မေမေ..
အဲဒီလို အပူတွေပေးတတ်တဲ့
သမီးရဲ့
သဘာဝကျကျ အပြုံးတွေကို စောင့်ကြည့်ပေးဖို့..
ဝမ်းနည်းအားငယ်တိုင်း
မေမေ့ရင်ခွင်ဆိုတဲ့
နောက်ဆုံးခံတပ်မြို့လေးရှိတယ်ဆိုတာ
သမီးက
ယုံကြည်နေချင်လို့..
အပျော်တွေသိပ်မများတဲ့
ဒီလောကကြီးမှာ
အကြာကြီးနေပေးပါဦးမေမေ..
ဖြိုးဖြိုး
29.04.2011
Comment #2
လောကဓံ လက်ရေးလှစာအုပ်မှာရေးနေတဲ့ ၀ လုံးလေးတွေက မ၀ိုင်းသေးဘူး တဲ့ ကောင်းလိုက်တဲ့စာသား ကြိုက်တယ်ဗျာ
Comment #3
with loverconcerto picture & poems letter i have nothing special to tell ! i like it (http://www.petalia.org/Media/loverconcerto.swf)
Comment #8
လောကဓံ လက်ရေးလှစာအုပ်မှာ ရေးနေတဲ့
“၀” လုံးလေးတွေက မ…၀ိုင်း..သေး…ဘူး..တဲ့
လက်ထပ်လို့ ကူပြီးရေးပေးပါဦး မေမေ..very nice !
Comment #9
တော်2ကောင်းပါတယ်။.
အေးချမ်းပါစေ
ငြိမ်းချမ်းပါစေ မေမေ..
Comment #12
နှစ်ဆယ်ကျော် လူငယ်မလေးက
ခြောက်ဆယ်နားနီး မိန်းမကြီးဆီက “ခွန်အား” ကိုမျှော်တယ်
ခြောက်ဆယ်နားနီး မိန်းမကြီးကတော့
နှစ်ဆယ်ကျော် လူငယ်မလေးဆီက “အပြုံး” ကိုမျှော်တယ်
ဒီတော့လည်း သဘာဝကျကျ ပြုံးလိုက်မိတယ် မေမေ..
Comment #15
ကောင်းပါတယ်…..အားလုံးကြိုက်ပါတယ်
Comment #16
စိတ်ထားလေးလှတယ်လို့ အလိုလို ခံစားမိနေတယ်…
လက်ဗလာ ဖြေဗလာ နှလုံးသားမှာ မာယာဗလာ ဆိုတာ ကို တကယ် ယုံ၏
Comment #17
ဖြိုး ကဗျာလေးတွေ စောင့် နေတယ်
Comment #19
ဘာသာစကားမတူ၊ အသားအရောငမတူ၊ နေထိုင်ရာဒေသမတူကြပေမယ့်
အမေကမွေးတာကတော့ တူကြပါတယ်ဗျာ . .
Comment #20
ဖြိုးဖြိုးရေ..
အကြံပြုပါရစေနော်
တို့ တတွေရဲ့ကျေးဇူးရှင်က
အမေတင်မဟုတ်ဖူးလေ
အဖေလည်း….
ကဗျာမှီ စာဖွဲ့လို့မရနိုင်တဲ့
ကျေးဇူးရှင်ပဲလေ
သူ့အတွက်လဲ …
နှလုံးသားခံစား
ကဗျာတချို့အား
လက်ဆောင်ပါးလိုက်ပါဦးလားနော်
အားပေးလျှက်……….ဝေယံ
Comment #1
နှစ်ဆယ်ကျော် လူငယ်မလေးက
ခြောက်ဆယ်နားနီး မိန်းမကြီးဆီက “ခွန်အား” ကိုမျှော်တယ်
ခြောက်ဆယ်နားနီး မိန်းမကြီးကတော့
နှစ်ဆယ်ကျော် လူငယ်မလေးဆီက “အပြုံး” ကိုမျှော်တယ်
ဒီတော့လည်း သဘာဝကျကျ ပြုံးလိုက်မိတယ် မေမေ..
မျှော်ရတာကိုက ခွန်အားဖြစ်သွားတာကို.. တို့လဲမျှော်နေတယ်.. ခွန်အားတစ်ခုခုရဖို့