“ရေပွက်ကလေး ရဲ့အတ္တအစု”
ပြင်ပလောကကြီး ကိုကြည့်ဖို့
ဝိုင်းနေတဲ့ လမင်းကြီးကို ငေးဖို့
လေချိုလေးများ ဝင်လာရင် ပြုံးပြုံးလေးခံယူတတ်ဖို့
ဖြိုးဖြိုးဖျက်ဖျက် နေပျောက်ကလေးတွေလင်းလက်စေဖို့
နံနက်ခင်းဆို နှိုးတတ်တဲ့ ငှက်ကလေး သံကြားရစေဖို့
ဘောင်ခတ်ထားတဲ့ ပြတင်းပေါက် ပါတဲ့
ခပ်မှောင်မှောင်
အခန်းငယ်လေးရှိတယ်………………………..။
ဆေးရောင်တွေ ဟိုတစ်ကွက်ဒီတစ်ကွက်
ဖတ်လက်စ စာအုပ်တွေ
ရေးလက်စ ကဗျာတို ကဗျာစ တွေ
စိတ်ကြိုက် မတွေ့တိုင်း ဖြဲပစ်တတ်တဲ့စက္ကူစတွေ
အနက်ရောင် ဘောပင်တွေ
ဆာလောင်တိုင်း သောက်တတ်တဲ့ ရေဘူးတွေ
ဘယ်လောက် ပင် ရှုပ်ပွနေပါစေ
အပြစ်မတင်တတ်တဲ့
လေးချောင်းထောက် စားပွဲ အိုလေး ရှိတယ်….။
အမြဲတစေ လက်ခံလေတဲ့ သည်ရင်ခွင်
လှန်လိုလှန် မှောက်လိုမှောက် စောင်းလိုစောင်း
ထုလို ထု ရိုက်လိုရိုက်
ကြည်ဖြူစွာလက်ခံပေး
ညီညီ ညာညာအနားသတ်လေးနဲ့
စက်တော်ခေါ် ဖျာ တစ်ချပ်ပေါ်က
မျက်ရည်တွေ အကြောင်းသိတဲ့
ခေါင်းအုံးလေး ရှိတယ်……………………။
ကိုယ်ငိုရင် သူငိုပြ
ကိုယ်ပြုံးရင် သူလိုက်ပြုံး
ကိုယ်မဲ့ရင် သူပြန်မဲ့
ကိုယ်ခြောက်တိုင်းသူမကြောက်
ဘယ်ကို ညာထင် ညာကိုဘယ်ထင်
ခံယူတတ်မယ်ဆို ရင်
ကိုယ့်အပြစ် ကိုယ်မြင်
အမှန် ကိုပြင်မယ် ဆိုတဲ့
ခပ်ဝါးဝါး ကြည့်မှန် တစ်ချပ် ရှိတယ်……..။
မရှိတာလည်းမသိ ရှိတာလည်းမသိ
အချိန်တန်လာရင်
ချိုချဉ်စပ်ငံဖန်ခါး ရသာ ၆ ပါး မပြည့်ရင်တောင်
အဟာရ ဖြစ်ပါစေတော့ရယ်လို့
ဖွယ်ဖွယ်ရာရာလေး ကို
ပူပူနွေးနွေး ကျွေးတတ်တဲ့
မေမေ့ ရဲ့ နေ့စဉ် ထမင်းဝိုင်းလေးရှိတယ်…။
လုံလောက်ပါပြီ
ဤမျှလောက် ဆို
အပ်နှစ်စင်းဆုံရာ
သမုဒ္ဒရာ ကြမ်းပြင်ထက် က
ရေပွက်ကလေး အတွက် ……လုံလောက် သွားပါပြီ…။
Comment #1
oh! that nice, you are more than me cause you have a home