အနာအဆာနဲ့
မီးလျှံမပါတဲ့စာသားတွေ စဉ်းစားတယ်
အနာအဆာနဲ့
မီးလျှံပါတဲ့စာသားတွေပဲ ထွက်လာတယ်။
ငါရေးမယ့်ကဗျာ
ဘယ်လိုအနုပညာနဲ့ ဘယ်လိုကဗျာဆန်နိုင်တော့မလဲ။
“မီးလောင်နေတဲ့အသံ” ပြာကျပြီး
မင်းဟာ
ငါ အသစ်မက်မိတဲ့အိပ်မက် ၊ ငါအသစ်တွေ့ထားတဲ့ကမ္ဘာ
အခု ငါအသစ်ဖွဲ့နွဲ့ရတဲ့ အိပ်မက်ကမ္ဘာပျောက်ဆုံးခြင်း။
ငါက
ဆံပင်ပုံစံပျက်ရင်တောင် ကမ္ဘာပျက်မတတ် ခံစားတတ်တဲ့လူ
သစ်ရွက်ကြွေရင်တောင် ဝမ်းနည်းစိတ်နဲ့ မီးလောင်လွယ်တဲ့လူ
မင်းမရှိတဲ့အခါ
ငါ့ကိုယ်ငါ ဘယ်လို အထူးပြုရမလဲ မသိတော့။
မင်းဟာ
အရင်က ဘာမှမရှိတဲ့ စာရွက်လွတ်တစ်ရွက်
အခု ငါ့ဘဝတန်ဖိုးတွေ ပုံနှိပ်ထားတဲ့ စာရွက်စာတမ်း
အိပ်မက်ညိုရယ်
မင်းနာမည်မကြားရတော့ မင်းနာမည်ခေါ်ပြီး လွမ်းရတယ်
မင်းမျက်နှာမမြင်ရတော့ မင်းမျက်နှာမြင်ပြီး ကျွမ်းရတယ်။
“ကျွန်မဟာ
အချစ်မှာ မိုက်မဲမိတဲ့ နံရိုးတစ်ချောင်းပဲ”
ငါ့နှုတ်ခမ်းမှာ
မင်းအနမ်းနဲ့ ရေးထိုးသွားတဲ့ ဆေးမင်ကြောင်။
“အချစ်က အမှန်တရားဖြစ်လာတဲ့အထိ
ကျွန်မတို့ မိုက်မဲကြမယ်”
ငါ့လက်သန်းမှာ
မင်းလက်သန်းလေး ချိတ်သွားတဲ့ သင်ကေတ။
နောက်ကြောင်းပြန်သမျှ အရာရာ
လူကို ရူးသွပ်စေတဲ့ အကြောင်းအရာတွေ။
ကံကြမ္မာက
ငါတို့အိပ်မက်ကို မြစ်တစ်ဖက်ကမ်းစီ ခွဲခြားပြီးတဲ့နောက်
လူဟာ ရင်ဟင်းလင်းနဲ့ လမ်းတကာလွင့်လို့
အာရုံမှာ အဝါရောင်မီးစုန်းတွေ သွေးပျက်ဖွယ်။
မင်းမရှိပေမဲ့ ငါရှိခဲ့တယ်
ငါရှိခြင်းမှာ စိတ်ဒုက္ခဟာ တောမီးလိုတောက်လောင်လို့
ဒီအဖြစ် မင်းမသိပေမဲ့ ငါသိခဲ့တယ်။
တစ်ခုခု ခံစားနေချိန်မှာ
လူဟာ အထီးကျန်ပဲ
ဘာအပိုအလျှံမှ မလို
တစ်ယောက်တည်းနဲ့ စကြာဝဌာတစ်ခုစာ ပြီးပြည့်စုံတယ်။
တစ်ချိန်က
နှစ်ယောက်အတူ ရှင်ခဲ့ဖူးတဲ့ အသက်မှာ အလှအပရှိတယ်
အခု ငါ့အသက်မှာ ဘာမှမရှိတော့။
အနာတရတွေနဲ့ လိပ်ပြာ
အနာတရတွေနဲ့
အသက်ဆက်ရပြန်ပြီ။
ငါက အသိုက်ပျက်ဖူးတဲ့ ဌက်တစ်ကောင်
အသည်းကွဲခြင်းမှာ ပဲ့တင်ထပ်အောင် သေပွဲဝင်ခဲ့သူ
ငါ့မီးငါ အပူမခံနိုင်တော့တဲ့ အဆုံး
အဖြစ်အပျက်အားလုံးကို တရားနဲ့ဖြေရတယ်။
ခံစားမှု့နဲ့ရန်ဖြစ်နေတဲ့ ဆင်ခြင်တုံတရား
ကြေကွဲမှုဟာ သူ့ကိုယ်သူဆုံးမသွန်သင်လို့
အသက်ဆန့်ငင်နေတဲ့ လူနာ။
“ကျွန်မ သိပြီ
ကျွန်မ ရှေ့ဆက်မမိုက်မဲချင်တော့ဘူး”
ငါ့စိတ်မှာ မီးသွေးနဲ့ခြစ်သွားတဲ့ မိန်းမလက်ရေး
ငါ့ဘဝထဲ တစ်နာရီမိုင်ရှစ်ဆယ်နှုန်း မောင်းဝင်ပြီး
ဘက်ဂီယယာထိုးသွားတဲ့ ချစ်ခြင်းမေတ္တာ
မိန်းမတစ်ယောက်ရဲ့ သစာတ္တရားဟာ
ပိ သန္ဓေကာကွယ်ဆေးလို သုံးလပဲ အာမခံသတဲ့လား။
အချစ်က
ဂျော်ဒန်းနိုးဝမ်းဆက်မြင်ရင် မျက်လုံးတွေအေရာင်အဝါ လင်းလက်လို့
ဘဝရှေ့ရေးတွေးမိရင် သွေးဆုတ်လေဖြန်းသွားတတ်တဲ့ ရောဂါ။
“အချစ်က အမှန်တရားဖြစ်လာတဲ့ အထိ
ကျွန်မတို့မိုက်မဲကြမယ်” တဲ့
ကမ္ဘာပေါ်မှာ ရယ်စရာ အကောင်းဆုံးပြက်လုံးပဲ
ရယ်မောကြ
အချစ်ကို မျက်ကန်းယုံကြည်ခဲ့မိသူ
လူညံ့တွေ ငါနဲ့အတူ စိတ်နာလက်နာ ရယ်မောကြ
ရွေစစ်ပြီး ငွေမရှိတဲ့ အချစ်ဟာ
သူရဲဘောကြောင်တဲ့ အမှန်တရားဖြစ်ခဲ့ပြီ ချစ်သူတို့။
ဟေး …
ကမ္ဘာမြေမှာ
ချစ်ခြင်းမေတ္တာ မရှိတော့ဘူးလား
အရူးတစ်ယောက်လို
မေးခွန်းတွေ အသံပြာအောင် မေးမိရဲ့။
ခေတ်တစ်ခေတ်လုံးဆီက
လှောင်ပြောင်စုတ်သပ်သံတွေပဲ ပဲ့တင်ပြန်လာတယ်။
အပေါစားဝတ္တုတွေ
ရုပ်ရှင်ဇတ်လမ်းတွေထဲ စိတ်ကူးယဉ်ခဲ့
လူငယ်ဘဝတစ်လျှောက်လုံး အစွဲအလန်းကို
အတွေးဟောင်းတစ်ခုလို စွန့်လိုက်တော့
နှစ်ဆယ့်တစ်ရာစု အချစ်ဟာ
နောက်ဆုံးပေါ် ဆဲလ်ဖုန်းတစ်လုံးရဲ့ အမှတ်တံဆိပ်ဖြစ်ခဲ့ပြီ
ချစ်သူတို့။
ဖက်ရှင်ပစည်းနဲ့
ပိုက်ဆံမက်ခြင်းကိစ္စမှာ
မိန်မတွေ ဗီဇစိတ်တစ်ပုံစံတည်း
အချစ်ကြီး ချစ်တတ်ခဲ့သမျှ
အဆိုးမြင်ဝါဒပဲ အဖတ်တင်ကျန်ခဲ့တယ်။
ငါသုံးစွဲခဲ့
တစ်ခါသုံးဆေးထိုးအပ်လို မိန်းမများ
မင်းတို့နာမည်ကို
ငါ့အဘိဓာန်ထဲက ဖျက်သိမ်းလိုက်ပေရဲ့။
ဥပဒါန်းဟာ
ဒီကဗျာထဲ အသားတဆတ်ဆတ်တုန်ယင်လို့
ဥဒါန်းဟာ
ဒီကဗျာထဲ အသည်းတဆတ်ဆတ်နာကျင်လို့
ဘယ်ဘဝက စခဲ့မှန်းမသိတဲ့ ကျိန်စာတွေ
ငါ့ကန္တာရပေါ် အမိုက်အမှောင်လို ပိန်းပိတ်နေတော့တယ်။
အောင်ရင်ငြိမ်း
(Heart Magazine April, 2004)
Comment #1
ကျနော်တို့ စကားပြောကြည့် မလားကိုအောင်ရင်ငြိမ်း။ကျနော့ လိပ်စာက[email protected]ပါဆက်သွယ်ပေးပါ