ညမပီပြင်တဲ့ ညတစ်ည
ဟိုဖက် နံရံက အသံကြားတယ်
ကုလားမကြီးတစ်ယောက်ရဲ့ ညဉ်းသံလိုပဲ။
နံရံကို ဆောင့်ကန်လိုက်တော့
တရုတ်မကြီး ပြန်ပြုံးပြတယ်။
မီးခိုးတွေသိမ်းဆည်းထားတဲ့
ငါ့ဗိုက်ထဲ အရည်တွေနဲ့ မွန်းကြပ်နေသလိုပဲ။
လှမ်းမိလှမ်းရာ ဆွဲလိုက်တော့
ဆေးလိပ်ပြာခွက် မှောက်ကျသွားတယ်…
“ဟာ နံလိုက်တာ” သူမ နောက်ဆုံးပြောသွားတဲ့ မျက်လုံးအတိုင်းပဲ။
ကောင်းကင်ကြီး မပြောမဆိုနဲ့
အန်ဖတ်တွေ ထွေးထုတ်လိုက်တယ်…
ငါ့မျက်နှာချဉ်စုပ်စုပ် အလွမ်းနဲ့ဆေးချလိုက်တာပဲ။
နှာခေါင်းက အငွေ့ထွက်တော့ လန့်သွားတယ်
“ဘယ်ဟုတ်မလဲ”…
သူမ ပေးဖူးတဲ့ အနမ်းတွေ အငွေ့ပျံကုန်တာ။
ညတိုင်း တရေးနိုးတတ်တဲ့အကျင့်ရှိတော့
မိန်းမနှစ်ယောက် ဘေးထားအိပ်တာ ကောင်းသလိုပဲ…လို့ ထင်တယ်
“ဟုတ်တယ်လေ” ကိုးထပ်တိုက်ပေါ်က ခုန်ချမိရင်
တစ်ကမ္ဘာလုံးကလူတွေ ပန်းခွေလာချတော့ ပန်းဈေးတက်မှာပေါ့။
ဟာ… ကြောင်တစ်ကောင် သီချင်းဆိုနေတယ်
ခလေးတစ်ယောက် ငိုနေတာလားလို့…
“ရှုပ်သလိုပဲဟာ”
ကြောင်တွေကို အချစ်နတ်ဖုရားမဆီ ယစ်ပူဇော်ရမယ်။
မနေ့ညက ရွာပြန်ဖြစ်တယ်…
အမေက မိန်းမပေးစားတော့
ပြီး…ပြီးရော ယူလိုက်တယ်။
ခလေး ၁၀ ယောက်လောက်လဲ မွေးပြီးတော့…
မနက်အိပ်ရာထ မျက်နှာသစ်ပြီး နေရောင်ခြည်နဲ့ စီးကရက်မီးညှိဖြစ်တာပဲ။
တရုတ်နှစ်သစ်ကူး ဈေးတွေပိတ်တယ်ဆိုပဲ…
လီရှန်လွန်းကို ခုံရုံးတင်ပြီး
တစ်မြီု့လုံး မီးဖျက်ခိုင်းလိုက်တယ်။
အရှေ့အလယ်ပိုင်းက
ချယ်ရီပင်အောက် သရက်သီးထိုင်စားရင်း
နှင်းတွေအောက်များ ချစ်သူပုန်းနေသလားလို့…
အဲ့ဆို သူမ အေးလွန်းလို့ သေတော့မှာပေါ့။
နှင်းလူ တစ်ယောက်ဆီ
ဖုန်းဆက်ခေါ်တော့ ကုလားအုတ်တွေလွတ်လိုက်တယ်။
ပိန်းလိုက်တာ…
အင်းသားတွေ လှေကို ခြေထောက်နဲ့လှော်တယ်တဲ့။
ဒီနေ့မနက်ထုတ် မှုခင်းဂျာနယ်ထဲ
အချစ်တွေ ပျောက်ပျောက်နေတယ်…တဲ့
ခေါင်းကြီးပိုင်းတင်ထားပါရော့လား
သေချာတယ်…
မနက်ဖြန်ကျနော် တစ်သက်တစ်ကျွန်း ကျတော့မှာ။
သီပေါမင်း ပါတော်မူတဲ့နေ့က
အဖြူနဲ့အနက်ဆို စက္ကူနဲ့မီးသွေးတောင် မသုံးရဘူးတဲ့။
စိတ်ညစ်ညစ်နဲ့ ကုလားမလေးတစ်ယောက်ကို
ချစ်တယ်ဆိုတဲ့ ယုံတမ်းစကားပြောပြတယ်…
ခေါင်းမြီးခြုံဇာဝန်းထဲက သူမမျက်နှာ သိုးမလေးကျနေတာပဲ။
တိမ်တွေနေတဲ့အရပ်ဆီက
စာချွန်လွာပါးလာတယ်…
သြော် မနက်ဖြန်ဆို ကြိုးမိန့်ကျထားတဲ့နေ့ပဲ။
အချစ်စစ်ဆိုတာ…
အိမ်ထောင်ကျပြီးသား မိန်းမတစ်ယောက်ရဲ့
အချစ်ကို ပိုင်ဆိုင်တပ်မက်မှုလား?
အားကိုးမဲ့စွာနဲ့
လမင်းကြီးကို မော်ဖူးမိတော့…
သူမက မချိပြုံးလား မခိုးတရို့ပြုံးလား…
ဟင့်အင်း… အဲ့လိုမျိုး မဆက်ဆံပါနဲ့။
ကြယ်လေးတွေကို
တစ်နေ့တစ်လုံး ခူးဆွတ်စားမိတာ
အထီးကျန်လွန်းခဲ့လို့ပါ။
ဘာမြူဒါတြိဂံနယ်တစ်ဝိုက်
တူးတူပုန်းတမ်းကစားရင်း
အချစ်အကြောင်းဆွေးနွေးဖူးတယ်။
အလွမ်းကြောင့်လဲ…
ကိုယ့်ကိုကိုယ် တစ်ဖက်လှည့်နဲ့
နှလုံးသားထဲ အပ်တွေ ထိုးစိုက်ပြလိုက်တယ်။
ရထားသံကြားရတယ်…
မြစ်ကြီးနားရောက်တော့မှာပဲ။
မျက်ရည်လားလို့?
နှင်းဖတ်တွေ မျက်နှာမှာကပ်နေတာ ခွာချလိုက်တယ်…
စာဥကို လာနှုတ်ဆက်တာ
မငိုပါနဲ့…
ခင်ဗျားသမီးလေးတောင် ခလေးချီထားသေးတယ်။
တစ်ချို့က လာငိုပြဖို့…
တစ်ချို့က လာနှုတ်ဆက်ဖို့…
တစ်ချို့က ဓမ္မစာအုပ်ကိုယ်စီနဲ့…
တစ်ချို့က တွံတေးသိန်းတံကို ပြန်အသက်သွင်းထားတယ်။
တစ်ချို့က ကြာနီကန်ဆရာတော်ကို ပြန်အသက်သွင်းပေးထားတယ်။
ပါးကွက်သားက နောက်ဆုံးဆုတစ်ခုတောင်းတဲ့
လက်ကျန်ရည်းစားတစ်လက်ကို
နှုတ်ခမ်းထဲတေ့ခိုင်းလိုက်တယ်…
သေချာတယ်… မနက်ဖြန် ပန်းဈေးတွေ ခေါင်ခိုက်ပြီ။ ။
သေချာတယ်… မနက်ဖြန် ကျနော်မငိုတတ်တော့ဘူး။ ။
ပဲပုပ်
Comment #2
ကိုရှမ်းပဲပုပ် ရဲ့ကဗျာဖတ်ရတာ ရှမ်းပဲပုပ်ကို ပိသာချိန်လိုက် စားလိုက်ရသလို အီစိမ့်သွားတာပဲဗျ
ရသစုံပါပေတယ် ။
Comment #1