အလင်းမဲ့ပိုးစုန်းကြူး
နွေလေရူးရဲ့ ဆော့ကစားမှုကြောင့်
ပေါက်ပန်းပွင့်နီနီရဲရဲတွေ မြေခခဲ့ရပြီ။
မြေနီလမ်းတစ်ခုလုံး ဖုံးလွှမ်းသွားခဲ့တဲ့
ပန်းပွင့်နီနီတွေ မဝေးသေးတဲ့အတိတ်ဆီကတော့
တိမ်မျှင်တွေကြား ကကြိုးဆင်လို့
နေရောင်ခြည်ကို စားသုံးပြီး
ရဲရဲတောက်ဖူးပွင့်ပေးခဲ့တယ်။
အသက်ရှုသံ ခပ်အက်အက်နဲ့
ဆူဝေနေတဲ့ နှလုံးသားကို
အတောင်ပံတွေတပ်ဆင်လို့
အသံတွေပျောက်နေတဲ့ ကမ္ဘာလေးထဲ
အနားယူအိပ်စက်ပေးချင်တယ်။
ကြိုးဝိုင်းထဲ မမျှော်လင့်ဘဲ
အရှိုက်ကို အငိုက်ထိုးခံရတော့
သွေးတစက်စက်ပေကျံနေတဲ့
ဒဏ်ရာကို ရှိုက်သံမဲ့
နာနာကျင်ကျင်ပဲ
မျိုသိပ်ထားလိုက်တယ်။
မသိခဲတာမှမဟုတ်တာ
စကားဝါပန်းရန့တွေ ယစ်မူးပြီး
ဟိုးအဝေးကြီးက
သမုဒ္ဒရာအလယ် ကျောက်ဆောင်ပေါ်ထိုင်ပြီး
ကြယ်ကြွေတာကို ထိုင်စောင့်နေခဲ့တာ
လှိုင်းပုတ်သံ၊ပင်လယ်စင်ရော်ငှက်အော်သံတွေကို
မကြားဟန်ပြု
လှိုင်းခေါင်းဖြူဖြူတွေကို မျက်နှာလွှဲ
ခရုခွံလေးတွေကို ရေတွက်ရင်း
အဆိပ်သင့်နေခဲ့တယ်။
သန်းခေါက်ထက်ပိုနက်တဲ့ နာရီတွေ
စွမ်းအားတစ်ခု ကိန်းအောင်းလို့
စတော်ဘယ်ရီရောင်ဖုံးလွှမ်းထားတဲ့
အဆိပ်ခွက်တစ်ခွက်ကို
သောက်စေခဲ့တယ်။
အဖွဲ့အနွဲ့တွေမပါ ရှင်းရှင်းလင်းလင်း
ရေးသားထားတဲ့ဝတ္ထုတစ်ပုဒ်
ယမင်းရုပ်ကလေးနဲ့ ရင်အဆိုင်မှာတော့
ကိုယ်တိုင်ပဲ လွင့်ပြယ်ပေးလိုက်ပါတယ်။
ကြယ်ရောင်တွေ တောက်ပနေပေမယ့်
ကိုယ့်ဘက်မှာတော့ ထာဝရ
အမှောင်ကျနေခဲ့တယ်လေ။
အိမ်မက်တွေတပုံတပင်နဲ့
ထောင့်ငါးရာကို ရိက္ခာအဖြစ်ထုပ်ပိုး
ညောင်းညာနေတဲ့ ခြေလှမ်းတွေ
တစ်ဝက်တစ်ပျက်မှာပဲ
လဲကျသွားခဲ့တယ်။
ခြေမြန်စစ်သားရဲ့ ဓားတစ်ချက်
နှလုံးသားထဲ အနက်ရှိုင်းဆုံး
ထိုးဖောက်ခဲ့ပြီလေ။
ရဲရဲနီနေတဲ့ သွေးစက်တွေ
ပြယုဂ်တစ်ခုအဖြစ်
ချန်ထားခဲ့လိုက်မယ်။
စစ်နိုင်ဘုရင်ရဲ့ အမိန့်သံအောက်
သုံ့ပန်းတွေ ထာဝရအိပ်စက်
လဲလျောင်းအနားယူတော့မယ်။
အသက်ရှုသံ မျှင်းမျှင်းလေးတောင်
လေမတိုးစေရဘူး။
မိုးထိအောင် မြင့်နေတဲ့
မာန်မာနတွေ
လေသွေးလိုက်တိုင်း ရှုရှိုက်နိုင်တဲ့
ပန်းရနံ့တွေ
ပါးစပ်ဖျားတိုင်း ရေပန်းစားနေတဲ့
ဂုဏ်သတင်းတွေအောက်
ပိုးစုန်းကြူးလေးတစ်ကောင်
အလင်းအချို့ကို အမှောင်ချလို့
မသိလိုက် မသိဘာသာပဲ
မြှပ်နှံပစ်လိုက်တော့မယ်။
ညိုလင်းသစ်
်
Comment #1
မသိခဲတာမှမဟုတ်တာ
စကားဝါပန်းရန့တွေ ယစ်မူးပြီး
ဟိုးအဝေးကြီးက
သမုဒ္ဒရာအလယ် ကျောက်ဆောင်ပေါ်ထိုင်ပြီး
ကြယ်ကြွေတာကို ထိုင်စောင့်နေခဲ့တာ