မိုးတိမ်များနဲ့ စကားပြောခြင်း – 2
မိုးတိမ်များနဲ့ စကားပြောခြင်း – 2
မိုးတိမ်တစ်ချို့ကို လှမ်းကြည့်နေမိတယ် မေမေ
ပြေးပြေးလိုက်လိုက်တိုင်း သူတို့က ဝေးဝေးသွားသလိုပါပဲ
ကျွန်တော်ကပဲ လမ်းလွှဲနေမိလို့လား သူတို့က လမ်းခွဲသွားတာလဲ
ကျွန်တော်ကလည်း လိုက်မြဲလိုက်ဆဲ သူတို့ကလည်း ပြေးမြဲ ပြေးဆဲပါပဲ မေမေရယ်…။
မိုးတိမ်တွေဆိုတာကလည်း အကောင်အထည်မှ မရှိတာပဲကွယ်
သူတို့နဲ့ စကားပြောလိုက်တိုင်း ကျွန်တော့်မှာ ရေလိုက်ငါးလိုက်ပါ မေမေရယ်
ပင်ကိုယ်ဖြစ်မှုတွေဆိုတာကလည်း မပျောက်ပျက်အောင်သာ မှတ်သားထားရတယ်
ကိုယ့်ဒိုင်ယာရီနဲ့ကိုယ် ရေးပဲရေးခဲ့မိတာလား ရေးပဲရေးထည့်ခံရတာလား မသိနိုင်ခဲ့ဖူး…။
လေပြည်တွေ တိုက်လိုက်တိုင်း မျှောမျှောလွင့်လွင့် ရွေ့ရွေ့သွားဆဲပါ မေမေ
သာသာယာယာ ညနေခင်းတွေမှာ ညှာညှာတာတာ တေးဆိုမိတာလည်း ရှိပါတယ်
လေထန်တွေ ရိုက်ခဲ့လည်း ဟိုဝှေ့ဒီဝှေ့ လမ်းတော့ ဆက်လျှောက်ရတာပေါ့ မေမေရယ်
လေစုန်ကိုမှ မစီးလိုခဲ့တာပဲ လေဆန်ခရီးမှာ ကိုယ့်လမ်းကိုယ်လျှောက်ရင်းလည်း ပျော်အောင်နေပါတယ်…။
မိုးတိမ်တွေက နောက် ပြန်ပြန်လှည့်တတ်လား မေမေ
သူတို့ ဘယ်လို အတွေးနဲ့များ ခရီးဆက်ခဲ့လဲ မှန်းဆနေမိတယ် မေမေရယ်
မဖြတ်သန်းဝံ့ဖူးဆိုပြီး လာလမ်းကို ပြန်သွားရင် ပင်လယ်မှာပဲ ရေလျှံတော့မယ်ထင်တယ်နော်
တကယ်က တောင်တန်းတွေနဲ့ လွင်ပြင်တွေဆိုတာ ဖြတ်သန်းပြီးမှ ဘယ်လောက်လှလဲ သိရတာ မဟုတ်လား…။
မိုးတိမ်တွေနဲ့ စကားပြောကြည့်ပါ မေမေရယ်
ထိတွေ့ကိုင်တွယ်လို့မရပေမယ့် သူတို့မှာ ကြိုးမဲ့ချည်တိုင်တစ်ချို့ ရှိပါတယ်
ဘယ်လောက်ပဲဝေးဝေး ဘယ်လောက်ပဲပြေးပြေး တစ်ချိန်တော့ သူတို့ နားခိုရာနေရာရှာလိမ့်မယ်
အဲ့ဒီနေရာ တစ်နေရာကို မေမေလည်း သိတယ် ကျွန်တော်လည်း သိတယ် နီးနီးလေးလား ဝေးဝေးဆဲလားဆိုတာ တစ်ခုပါပဲ
မိုးတိမ်တွေဆီကနေ သင်ယူကြရအောင်လေ… ကျွန်တော်တို့မှာ မရှိသေးတဲ့ သတ္တိတွေ သူတို့မှာ ရှိနေခဲ့ မဟုတ်လား..။
(ဂျွန်မိုးအိမ်)
စကားချပ်…။ …။
တစ်ခါတစ်ခါ ပြောစရာ စကားလုံးတွေ ပျောက်ရှနေတဲ့အခါ… တစ်ခါတစ်ခါ ပြောချင်တဲ့ စကားလုံးတွေ ဆွံ့အနေတဲ့အခါ…မိုးတိမ်တွေကို လှမ်း စကားပြောချင်မိတယ်…။ သူတို့ ဘာမှတော့ အကြောင်းပြန်လာမှာ မဟုတ်ပါဖူး…။ သို့ပေမယ့် မိုးတိမ်တွေကို မော့ကြည့်လိုက်ရင်း ကိုယ့်ခံစားချက်တွေကို လိုအပ်သလို လိုအပ်သလောက် အဓိပ္ပါယ်ပြန်ဆိုလိုက်ပါတယ်…။ အခိုးအငွေ့တစ်ခုဆိုပေမယ့် သူတို့မှာ ကျွန်တော်တို့ မပိုင်ဆိုင်တဲ့ သတ္တိတွေတော့ ရှိနေခဲ့ မဟုတ်လားလေ…။
Comment #2
LIKE THIS POEM
Comment #3
idea ka top good tal
Comment #1
တော်တော်ပြောနိုင်ပေတယ်…..။