ချစ်သူ …. ရယ်
ချစ်သူ
ချိုအီနူးညံ့ မွှေးပျံ့နေတဲ့ ပန်းဝတ်မှုံလေးရဲ့
အထိအတွေ့လေးတွေ ——-
သွဲ့ပြောင်းတဲ့ ရစ်သမ်မှန်မှန် နဲ့ ကျူးသီနေတဲ့
ငှက်ကလေးတွေရဲ့ တေးတွန်သံသာတွေ ——-
တငြိမ့်ငြိမ့်စီးဆင်းနေတဲ့ စမ်းချောင်းလေးရဲ့
ကြည်လင်အေးမြမှုလေးတွေ ———
ရောင်သွေးစုံတဲ့ လိပ်ပြာလေးတွေရဲ့
ငေးကြည့်ချင့်ဖွယ် အလှတရားတွေ ———-
အနိမ့်အမြင့် အတက်အကျ အဖြူအမဲ
တွေနဲ့ ရှုပ်ထွေးလွန်းလှတဲ့ လောကတရားတွေ–
အဲဒါတွေ အားလုံးကို ကိုယ်ဟာ ကိုယ့်ကဗျာစာမျက်နှာပေါ်ကို
ကဗျာလေးတွေအဖြစ်နဲ့ ထိရောက်စူးနစ်စွာ
ပို့ဆောင်ဖွဲ့သီနိုင်ခဲ့ပါတယ် ချစ်သူ ။
ကိုယ့်ကဗျာစာမျက်နှာမှာ …..
အချစ် အမုန်း အလွမ်းအဆွေး
သောက မောဟ ၊
လောဘ ၊ ဒေါသ
သဘာဝဓမ္မ ၊ ၀န်းကျင်လောက
ရှိသမျှအရာအားလုံးကို
တခဏမှာ သီဖွဲ့ ဖန်ဆင်းနိုင်ခဲ့ပါတယ် ချစ်သူ ။
ကလောင်ကို ကိုင်ထားတဲ့
ကိုယ့်လက်ချောင်းလေးတွေဟာ
ချို့တဲ့ အားနည်းနေပေမဲ့
အဲဒီလက်ချောင်းလေးတွေကပဲ
အရာအားလုံးကို ကိုယ်ဆုပ်ကိုင်နိုင်ခဲ့ပါတယ် ချစ်သူ ။
ကမ္ဘာမြေကြီးရဲ့ အလှအပအမျိုးစုံ၊ ဘ၀ဓမ္မမျိုးစုံတို့တို့သည်
ကိုယ့်ကလောင်တံ ၊ ကိုယ့်ကဗျာစာရွက်ပေါ်မှာ
ဦးခိုက် ၀ပ်စင်း ချုပ်မိနေကြပါတယ် ချစ်သူ ………။
ချစ်သူ ……. ဒါပေမဲ့လည်း
ချစ်သူကိုချစ်တဲ့ ကိုယ့်အချစ်
ချစ်သူအပေါ်မှာထားတဲ့ ကိုယ့်ပေးဆပ်ခြင်း
ချစ်သူကို တန်ဖိုးထားလွန်းတဲ့ ကိုယ်မြတ်နိုးခြင်း
ချစ်သူအပေါ်မှာ တွေးမိတဲ့ ကိုယ့်စိတ်ကူးအိပ်မက်
ချစ်သူကို စွဲလန်းလွန်းတဲ့ ကိုယ့်သံယောဇဉ်
ချစ်သူအပေါ်မှာ အမြဲတမ်းတနေတဲ့ ကိုယ့်ရဲ့မမေ့နိုင်ခြင်း
ချစ်သူကို နှင်းအပ်ချင်တဲ့ ကိုယ့်ဖြူစင်ခြင်း …….
အဲဒါတွေ နည်းနည်းလေးလောက်ကိုမှ
ကိုယ့်ကဗျာ စာမျက်နှာမှာ
ရေးဖွဲ့သီချင်းငှာ ကိုယ်မတတ်နိုင်ခဲ့ပါလား ချစ်သူရယ် …
သီကျူးနိုင်ခွင့် မရှိခဲ့ပြီလား ချစ်သူရယ် ……………..။ ။
လေးစားရပါသော ဆရာချစ်ဦးညိုရဲ့ ချစ်သောပါဒဧကရီနိဒါန်းကိုဖတ်ပြီး ဒီကဗျာကို ရေးမိပါကြောင်း ၀န်ခံပါသည် ။