နိစ္စဓူဝ (၁)
စိတ်အလိုမကျတာတွေ များလာတော့
ဘဝကို တစ်ခါတစ်လေ
မိုက်ကြည့် ကြည့်မိတယ်..
တစ်နေ့တစ်နေ့
နေထွက်ကနေဝင်
လူတွေရုန်းကန်ကြတာကြည့်ရင်း
ကြီးပြင်းရမှာကိုတောင်
နဲနဲကြောက်လာတယ်..
ဒါပေမယ့်
စိတ်ဆင်းရဲပင်ပန်းမှုတွေကြောင့်ပဲ
အိမ်အပြန် ပူပူနွေးနွေး အသင့်ရှိနေမယ့်
ဟင်းနဲ့ထမင်းက မွှေးတယ်။
ပြန်ရောက်ရောက်ချင်း
သောက်တတ်တဲ့
ရေအေးတစ်ခွက်နဲ့တင်
တစ်နေကုန် မျှော်လာသမျှ
အိမ်ပြန်ချိန်က
ပြည့်စုံနေတယ်။
စောင့်နေမယ့်သူ မရှိပေမယ့်
အချိန်မှန်မှန် Online တက်ပြီး
စောင့်နေတတ်တဲ့ မေမေ့ဆီ
အမီပြန်ရဦးမယ်။
တိုးတက်တယ်ဆိုတဲ့
London မြို့ကြီးက
ဘယ်တော့မှရပ်မနေတတ်တဲ့
ခြေထောက်တွေက မြန်လွန်းတယ်ကွယ်..
တစ်ခါတစ်လေ
ပူပြင်းတဲ့ နေအောက်က
မြန်မာတွေ ချွေးတစ်ပြိုက်ပြိုက်
အလုပ်လုပ်နေတာတွေကိုတော့
လွမ်းမိသား..
သူစိမ်းဆန်ဆန် မျက်လုံးတွေနဲ့
ခပ်တည်တည် မျက်နှာတွေက
အပြုံးတစ်ခုတောင် ခပ်ရှားရှားပါ ဖေဖေ..
ဒီရောက်မှ
လမ်းကြာကြာ လျှောက်ရလို့
မောတယ်မထင်တော့ဘူး..
စိတ်အလိုလိုက် မပေါက်ကွဲတတ်တော့တာကြာပြီ။
ကိုယ့်ဟာကိုတောင် သိပ်မပြုံးပြမိတော့ဘူး..
နွမ်းလွန်းလို့
စိတ်မပါဘဲ စားရတဲ့ မုန့်လည်းမြိုမကျတော့ဘူး။
ဘဝက ခါးသီးပေမယ့်
တစ်ခါတစ်လေကျ
မရှိတဲ့သကြားဖြူးမယ့်အစား
အံကျိတ်ပြီးပဲ နေလိုက်ပါတော့မယ်။
ဒီကဗျာမဟုတ် စာမဟုတ်ကို
ဘာလို့ရေးနေမိတာလည်း
ကိုယ့်ဟာကိုယ်တောင် မသိတော့ဘူး။ ။
*Snowflake*
15/08/11 (21:16pm GMT)
Comment #3
“ သူစိမ်းဆန်ဆန် မျက်လုံးတွေနဲ့
ခပ်တည်တည် မျက်နှာတွေက
အပြုံးတစ်ခုတောင် ခပ်ရှားရှားပါ ဖေဖေ..”
အားပေးသွားပါတယ်..
Comment #1
အားပေးသွားပါတယ်။