သူငယ်ချင်းတစ်ယောက်အကြောင်း
သူငယ်ချင်းတစ်ယောက်အကြောင်း
(၁) အပြင်မှာ မိုးတွေရွာနေတယ်
မင်းဆုံးခဲ့တာ ဘယ်အချိန်ဘယ်ကာလ
အရင်က အမှတ်အသားမရှိလည်း
အခုမှ ပြန်မှတ်မိချင်ခဲ့တာ။
(၂) အိမ်အပြင်မှာ မိုးတွေရွာနေတယ်
ဒီအချိန်မရှိတော့တဲ့ မင်းကိုသတိရ၊
မင်းဟာ ဘယ်ဘုံဘယ်ဘ၀ရောက်နေလဲ၊
မင်းက ငါ့ထက် လိမ္မာတယ်
ကောင်းရာသုဂတိဘုံ လားပါလိမ့်။
(၃) ငါတို့ ကျောင်းအတူ တက်ခဲ့တယ်၊
လက်တောက်လောက် အရွယ်ကတည်းက ငါတို့ခင်ခဲ့ကြ၊
မင်းနဲ့ငါ တစ်ရပ်ကွက်တည်းသား၊
မိုးရွာထဲမှာ ငါတို့ဖားကောက်ခဲ့ဖူးတယ်
မင်းမှတ်မိလား၊ ကိုကိုမောင်လည်း ပါတယ်လေ။
(၄) ငါတို့ သွားအတူ၊လာအတူ၊စားအတူ
ဖြစ်ခဲ့တယ်၊ သေတာကတော့ မတူခဲ့ဘူး၊
မင်းက ကျူရှင်မယူပဲ ဆယ်တန်းနှစ်ချင်းပေါက်
အောင်တယ်နော်၊ တက္ကသိုလ်မတက်ခင်
မင်းလက်မောင်းမှာ အတွင်းဒဏ်ရာရသွားတာက ဆိုးတာပဲ။
(၅) မတော်တဆလို့ မင်းပြောတယ်
ဖာသိဖာသာ မင်းနေတယ်၊
ဒဏ်ရာဟာ ပို၊ ပိုဆိုးလာပေါ့။
အိမ်ကို ဘာမှ မင်းမပြောဘူး၊
မဖြစ်တော့မှ (လက်ကြီးတစ်ခုလုံး ဖောင်းကားလာမှ)
မင်း တိုင်းရင်းဆေးနဲ့ကုတယ်၊
ပိုက်ဆံမရှိခဲ့ဘူး၊ မင်း ဆေးမြီးတိုနဲ့ ကုတယ်မလား။
(၆) ငါ မင်းအိမ်ကိုရောက်တော့
မင်းဟာ ကုတင်ပေါ်မှာ ပက်လက်ကလေး၊
အစာလည်း မ၀င်ချင်၊ လက်ကလည်း သွေးပုပ်တွေနဲ့ဖောင်းကား
အရိုးကင်ဆာလား၊ ဆေးရုံက လက်ဖြတ်ရမယ်လို့ပြောသလား၊
လက်မဖြတ်ပဲ ဆေးရုံမသိအောင် မင်းပြန်ဆင်းလာတယ်ပေါ့၊
ငါ လုပ်ပေးခဲ့တာ မင်းကို အားပေးစကားပြောပြီး
ကိတ်မုန့်တစ်လုံး ပေးခဲ့ရုံ၊ ကြည့်၊ ငါ၏ညံ့ဖျင်းပုံ၊
သူငယ်ချင်းကို ဂရုမစိုက်နိုင်လောက်အောင်
သောက်သုံးမကျခဲ့ပုံ။
(၇) နောက်ဆုံးတစ်ခေါက် ငါရောက်တော့
မင်းကတော့ ငါ့ကို အားယူပြီးယဲ့ယဲ့လေးပြုံးပြ
“ ငါ နေကောင်းသွားမှာပါကွ ” ဆိုပြီး၊
မင်းက ပြုံးပေမယ့်လည်း ငါကတော့ မပြုံးနိုင်၊
ငါ သိနေပြီပဲ၊ ကိုကိုမောင်လည်း စိတ်မကောင်းဘူး၊
“ မင်းနေကောင်းလာရင် ငါတို့သူငယ်ချင်းသုံးယောက်
တာရိုးပေါ် လျှောက်သွားတာပေါ့ ”
အဲဒီလိုပြော၊ အဲဒီလိုလိမ်၊ အဲဒီလိုဖျောင်းဖျပြီး ငါတို့ပြန်ခဲ့ကြ၊
သေမင်းက မင်းကိုခေါ်ဖို့ ကြိုးစားတာကို မသိကျိုးကျွံပြုခဲ့ကြ။
(၈) မကြာပါဘူး၊ မင်းဆုံးပြီလို့ ငါကြားရတယ်၊
ဒီတစ်ခါ ငါလာကြည့်တော့ မင်းငါ့ကိုစကားတောင်ပြန်မပြောတော့ဘူးပဲ၊
မင်းမျက်နှာလေးဟာ ပြုံးနေဆဲ၊ မင်းဈာပနဟာ လူမစည်ဘူး၊
ကျောင်းစာမေးပွဲရှိလို့ ငါ လိုက်မပို့နိုင်ခဲ့ဘူး၊
တက္ကသိုလ်တောင်မတက်လိုက်ရရှာတဲ့ ငါ့သူငယ်ချင်းလေး . . .
ငါဟာ သူငယ်ချင်းကောင်း မပီသခဲ့ပါဘူး
ငါဟာ ညံ့မြဲညံ့နေဆဲ . . . ။
(၉) အပြင်မှာ မိုးတွေ ပို ပိုသည်းလာတယ်၊
ဒီအချိန်မရှိတော့တဲ့ မင်းကိုသတိရ၊
မင်းဆုံးခဲ့တာ ဘယ်အချိန်ဘယ်ကာလ၊
အရင်က အမှတ်အသားမရှိလည်း
အခုမှ ပြန်မှတ်မိချင်လောက်အောင်
ညံ့ဖျင်းခဲ့ရတဲ့ ငါပါကွာ . . . . . ။ ။
နရီမင်းထက်(ဆေးတက္ကသိုလ်)
P.S/ မရှိတော့ပြီဖြစ်သော ငယ်သူငယ်ချင်းတစ်ယောက်သို့။
Comment #1
never forget that the most powerful force on earth is friendship & love.