နောက်ကျခြင်း
မနေ့ကအတိုင်းပဲ။
… … …
အားလုံး မနေ့ကအတိုင်းပဲ…။
မိုးခြိမ်းသံတွေကြားလို့ မော့်ကြည့်လိုက်တယ်။
တဝေါဝေါကျနေတာ မိုးစက်တွေမဟုတ်ပဲ
ဓားတွေလှံတွေဖြစ်နေလေရဲ့။
အိမ်မှာများ ထီးကျန်ခဲ့သလား စဉ်းစားလိုက်မှ
ငါ့မှာ ထီးမေ့ကျန်စရာ အိမ်မရှိမှန်း သတိရ…
ခပ်ကြာကြာထောက်ထားခဲ့တဲ့ဒူးကို
အားပေးဖော်တစ်ယောက်လို နှုတ်ဆက်ရင်း
မတ်တပ်ထရပ်လိုက်တယ်။
ဘာရယ်မဟုတ်ပဲ အောက်ငုံ့ကြည့်မိတော့
မှုန်ဝါးဝါးနဲ့ နှလုံးခုန်သံတွေက
ရင်ဘတ်နဲ့ အဝေးကြီးက ချောက်တစ်ခုထဲမှာ
ကျိုးပဲ့ လွင့်မျောနေကြတုန်းပဲ။
လေအေးတစ်ချက် အဝေ့မှာ
ဟိုးတုန်းက လွင့်စင်ပျောက်ရှသွားဖူးတဲ့
မျှော်လင့်ချက်တချို့ကိုတောင်
အရောင်အဆင်းမဲ့ သတိရလိုက်မိတယ်။
လိုက်လေဝေးလေ ဖြစ်တတ်လွန်းလို့
တစ်ခါတစ်လေ ရပ်ကြည့်နေပြန်တော့လည်း
နီးမလာတတ်တဲ့ ဒီလောကကို
ခင်ဗျားတို့လည်း သိပ်ကြည့်လို့ရမယ်မထင်ဘူး။
ဒီလိုပါပဲ…
ကိုယ်ပိုင်အပြုံးတွေက လူမြင်မခံဝံ့အောင်
ခါးသက်ညှီစို့နေပေမယ့်
မျက်ရည်စက် အသိန်းအသောင်းကို စားပြီး
ကျန်းမာတတ်ကြတဲ့ သက်ရှိတချို့ကိုလည်း တွေ့ခဲ့ဖူးပြီ။
ဘယ်လောက်နာနာ အသံမထွက်ပဲ
အံကြိတ်ထားတတ်တဲ့ အကျင့်ဆိုးကိုလည်း
ဘယ်ကရခဲ့မှန်း မသိ…။
တစ်ခါတစ်လေတော့…
ခြောက်သွေ့တဲ့ ကုန်းမြေတစ်ခုကို လိုချင်တယ်။
အပြာရောင်စစ်စစ် ကောင်းကင်တစ်ခုကို လိုချင်တယ်။
ကိုငှက်ရဲ့သီချင်းအသစ်တစ်ပုဒ်ကို လိုချင်တယ်။
အမေ့ရဲ့ ရယ်သံတွေကို လိုချင်တယ်။
အ၀ါရောင်မပါတဲ့ ပန်းခင်းတစ်ခင်းကို လိုချင်တယ်။
မိုးလွန်မှ ထွန်ချမိလို့လား
မြေသြဇာမှာ သတ္တိအချိုးအစားနည်းသွားလို့လား မသိဘူး…
ဆန့်ကျင်ဘက်တွေချည်း ဖြစ်မနေတောင်
အိပ်မက်နဲ့ လက်တွေ့က
အမြဲလိုလို ခပ်လှမ်းလှမ်းဖြစ်နေတတ်ရဲ့။
မနေ့ကအတိုင်းပဲ…။
ငါ၏ ယုံကြည်ခြင်းများသည်
မည်သည့်အကြောင်း မည်သူ့ အတွက်
မည်သည့်အခါမှ မပြောင်းလဲဟု
ကိုယ့်လိပ်ပြာကိုယ် လုံခြုံနေတုန်းမှာပဲ…
… … …
ငါဝတ်ထားတဲ့ ရိုးသားခြင်းတီရှပ်ခပ်ပါးပါးတောင်
အမုန်းတွေ တော်တော်စိုရွှဲနေခဲ့ပြီ။
NMT
17.Jan.2010
Comment #3
Khan sarr arr pay twar par de.
Comment #1
မိုးလွန်မှ ထွန်ချမိလို့လား
မြေသြဇာမှာ သတ္တိအချိုးအစားနည်းသွားလို့လား မသိဘူး…
ဆန့်ကျင်ဘက်တွေချည်း ဖြစ်မနေတောင်
အိပ်မက်နဲ့ လက်တွေ့က
အမြဲလိုလို ခပ်လှမ်းလှမ်းဖြစ်နေတတ်ရဲ့။
အရမ်းကောင်းပါတယ်။ တစ်ပုဒ်လုံးကြိုက်တယ်။