နောက်ဆုံးသောကြယ်စင်
သက်ပြင်းတွေ ခိုးခိုးပြီးချနေတာ
နင်လဲ မကြားမှာမဟုတ်..
ကြားမှာပဲ..
အရင်လို မသိသလိုပဲနေလိုက်ကွယ်။
ဆောင်းမှာကြွေတဲ့ သစ်ရွက်တစ်ရွက်လိုပဲ
ရိုးရိုးလေးပါ… ငါ နင့်ကိုကြွေခဲ့တာ။
နင့်ဘေးက အရိပ်တွေကို ငါပြုံးပြပြီး နေတတ်ပြီဆိုပေမယ့်…
အရင်အချိန်တွေကို ပြန်စဉ်းစားမိရင်
အလိုလိုဝဲတဲ့ ငါရင်ဘတ်က မျက်ရည်တွေမှာတော့
ဖြေဆေးမရှိရှာဘူးတဲ့။
အကြိမ်ကြိမ်ဆွံ့အခဲ့တဲ့ စကားလုံးတွေလဲ
အလျှော်အစားမဲ့နေဆဲ။
နင်နဲ့ပက်သက်သမျှ တည်ဆောက်ယူခဲ့တာမရှိ…
သစ်ပင်တွေလို မျှော်လင့်စိုက်ပျိုးခဲ့တာ…
ပွင့်ချပ်တွေက ပန်းနုရောင်မသန်းပဲ ဖြူလျော့နေလည်း
သုညထက်စာရင်တော့ အေးချမ်းနေတာပဲလေ။
ပိုင်ဆိုင်ဖို့မကြိုးစားခဲ့တာ ဆုံးရှုံးမှာကိုကြောက်လို့…
ဘာမှပြန်မပေးရင်တောင်..
မြတ်နိုးသမျှကို နားလည်တယ်ဆိုတဲ့ အကြည့်တစ်ချက်နဲ့တင် ကျေနပ်ပြီ။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service