မျက်ဝန်း
အဲဒီညနေပေါ့…
သူ့မျက်ဝန်းထဲမှာ
ကိုယ့်အိမ်ပြန်ချိန်တွေ ကျရှုံးခဲ့တာ
အတုံးအရုံးပဲ…
မျက်နှာချင်းဆိုင်ပြီး စကားလမ်းကြောင်းတွေ
စီးချင်းထိုးကတည်းက ကျရှုံးချင်တဲ့
စိတ်နဲ့ပဲ ခုခံခဲ့တယ်…ဆိုတော့…
ဒါဟာ မထူးဆန်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ…
ထူးဆန်းတာတစ်ခုတော့ သေချာရှာကြည့်ရင်…
အဲဒီမျက်ဝန်းထဲ
ကိုယ်ကျရှုံးသွားကတည်းက
ကိုယ့်အချိန်တွေကို သူသိမ်းပိုက်သွားခဲ့တယ်… ဆိုတာကို
မသိလိုက်တာပဲ…။…
…………………..
ဘာပဲဖြစ်ဖြစ်…
ရင်ထဲ မှိုင်းညို့နေတဲ့
မိုးတိမ်တွေကို
အဲဒီအကြည့်နဲ့ပဲ ကိုယ်လှဲထုတ်ပစ်နိုင်ခဲ့တယ်…
ဆိုတော့ ကိုယ်ဝမ်းသာတယ်…
ညတွေကို သူ့ဆီပေးအပ်တယ်…
အိပ်စက်ခြင်းပဲပေးပါလို့…
နေ့တွေကို သူ့ဆီ လွှဲပြောင်းတယ်…
ပြန်တွေ့တဲ့ အချိန်… လူမှုရေးအရပြုံးရယ်ပေးပါလို့…
……………………………..
ဂစ်တာတစ်လက်ရဲ့ ကြိုးလေးတစ်စင်း
လေဟာနယ်ကို ခုတ်ဖြတ်…
သူလဲ (ပိုင်းပိုင်းစစ)အပြတ်ပါပဲ…
သံစဉ်မဲ့သွားမယ့် စက္ကန့်တွေကြောင့်
ယိုဖိတ်လာမယ့် နှလုံးသားအလွမ်းဓာတ်တွေကိုတော့
သူသိရှာတော့မှာ မဟုတ်ဘူး…
ကောင်းတယ်… ဒါဟာ ရင်ခွင်မှာ
ကဗျာလေရူးတွေ ခုန်ပေါက်ခိုဝင်လာမယ့်
အလားအလာတွေပဲ…
ဒါပေမဲ့…
ကိုယ့်ကိုကိုယ် ပြန်ရေးနေရတဲ့
ငါ့လက်တွေပဲ ငါသနားလို့ မဆုံးဘူး…။…။…