ရုန်းထွက်ကြည့်ခြင်း
နတ်ကြမ်းကို ဓာတ်ကြမ်းနဲ့တိုက်မယ်။ ။
အစာသွပ်ယဉ်ကျေးမှုထဲကို
စီးမျောဖို့ အားမရှိသလို
သီးသန့်ဖြစ်ပါစေဆိုတဲ့
ဆုတောင်းကို မသတီဘူး။ ။
ညက ငါ့ကို လှောင်ပြုံးပြုံးတယ်လေ။ ။
ရင်းနှီးထားရတဲ့ နာရီတွေက
မျှော်လင့်ခြင်းကို ပေးစွမ်းနိုင်သလို
သိမ်ငယ်ခြင်းကိုလည်း တပြိုင်နက်ထဲပဲ။ ။
နာခံဖို့စေခိုင်းတဲ့ကောင်နဲ့
ငြင်းဆန်နေတဲ့ကောင်ရဲ့ကြားမှာ
ငါ့ကိုယ်ငါ ပျောက်ဆုံးနေသလိုပဲ။
တစ္ဆေတစ်ကောင်ရဲ့
ကစဥ့်ကလျားအတွေးနဲ့
စီးကရက်ကို ရှိုက်ရတာ
ငါရှက်တယ်…….။
ဆွံ့အ နေတာမဟုတ်ဘူး
တချို့ဟာတွေက ကားစင်ပေါ်တက်ရတာထက်
ဆိုးတယ်….. အဲဒါကြောင့်
ဝစီပိတ်ကျင့်နေတာ။ ။
သမင်ပျိုမလို မျက်လုံးမျိုးထက်
နဂါးရိုင်းလို အကြည့်နဲ့ ကြည့်ရတာ
ငါ့ကိုယ်ငါ လိပ်ပြာပိုသန့်တယ်။
ဖန်တီးခြင်းကို ငါမစွမ်းနိုင်သလို
ဖျက်ဆီးခြင်းကိုလည်း ငါ မတတ်နိုင်ဘူး
ရှိတာတွေ ရှိပါစေ…။
ဘယ်သူသိတာမှတ်လို့၊
နောက်ဆုတ်လို့မရရင် ရှေ့တိုးမယ်ထင်လား
ဟင့်အင်း…..။
ထွက်ပြေးမယ်။ ။
နှင်းဆီနက် (10th September 2011-1:48am)
Comment #1
ဘယ်သူသိတာမှတ်လို့၊
နောက်ဆုတ်လို့မရရင် ရှေ့တိုးမယ်ထင်လား
ဟင့်အင်း…..။
ထွက်ပြေးမယ်။ ။ (Good Idea)