ကြေးနန်းစာ (သက်ထွေး)
ကျွန်တော် ရေးထားတဲ့ မော်ဒန်ကဗျာတွေထဲမှာ ပုံပြင်ဆန်ဆန်အကြောင်းအရာနဲ့ရေးဖြစ်တဲ့ ကဗျာ သုံးပုဒ်ရှိတယ်။ ပထမဆုံး ရေးဖြစ်တဲ့ကဗျာက “ကျူးကျော်မြေ … မဟုတ်ပါ” ဒုတိယကဗျာတစ်ပုဒ်က “မနက်ခင်း မှ နံနက်ခင်းဆီသို့” နောက်ဆုံးကဗျာကတော့ အခုအောက်မှာ ဖတ်ရမယ့်“ကြေးနန်းစာ” ပဲ။ ထုံးစံအတိုင်း ကျွန်တော်ရေးနေကျ Dark Theme မှာပဲ အခြေခံပြီးရေးထားတယ်။
သူမက
“လွတ်လပ်ခြင်း” ဟု
ကြေးနန်းရိုက်လိုက်သောအခါ
ကျွန်တော်က
သံယောဇဉ်
ရထားတစ်စင်း ပေါ်မှ
ခရီးသွားဖြစ်သည်။
အငွေ့တလူလူနဲ့
မျှော်လင့်ချက်တွေက
ကောင်းကင်ကြီးကို
ဂရုမစိုက်အားခဲ့ …
စိုက်ထူရခက်သော
ဆုပ်ကိုင်ရာမဲ့
ဒြပ်တို့ရှိရာ
မနက်ဖြန်များ ဆီသို့သာ
ဖိုသံတွေ ပေးလို့
ချီတက်ရင်း
အခမ်းအနားနဲ့
လာ နေခဲ့သည် ။
အလွမ်းဆိုတာ
ပြန်ဆုံတွေ့ရမဲ့
ချစ်သူနှစ်ယောက်အတွက်
အလှပဆုံး
ဇာတ်သိမ်းဖြစ်မယ်လို့
ကျွန်တော်
ယူဆခဲ့ဖူးရဲ့ …
ယနေ့တွေကို
ကန့်လန့်ကာချ
ပစ်လိုက်သောအခါ
အတိတ်ဆိုသော
အရာသည်
မြူစိုင်းများထက်တွင်
မီးကိုဖိုလို့ သာ
ကျန်ရစ်ခဲ့တော့သည် ။
သူမ
ဆိုက်ရောက် မလာခဲ့သော
ဘူတာလေးသည်
ရင်ခုန်သံများဖြင့်
စွံ့အလို့နေ၏ ….
ကျွန်တော်သည်
အဝေးပြေး စကားပြောစက်မှ
တစ်ဆင့်
အိပ်မက်သေများကို
ဖမ်းယူလှုပ်နှိုးခဲ့သည်။
လက်ချိုး ရေထားသော
သူမ၏ ပြင်ဆင်မှုများကြားထဲ
ကျွန်တော်
နေသားမကျခဲ့ …
သူမ၏
မျက်ရည်များသည်
ကျွန်တော့် လက်၏
တစ်ဖက်သက်
ဆုပ်ကိုင်မှုများအား
ဖြေချခဲ့သည် ။
“မလိုအပ်တော့ပြီ” ဟု
ဓာတ်ခဲဖြုတ်ချ
လိုက်သောအခါမှသာ
ကျွန်တော်သည်
သူမ၏ ရီမုဒ်လေးဖြစ်မှန်း
သတိထားမိခဲ့သည် …
ထိန်းချုပ်ရာမဲ့သော
နေ့ရက်တွေထဲ
ကျွန်တော်၏
လွတ်လပ်မှုသည်
အထီးကျန်ဆန်လွန်းလှသည်။
ဒီဘူတာအိုလေး ထဲသို့
သူမ
ပျံသန်းလာရန်
ကျွန်တော်
မမျှော်လင့်ခဲ့ပါ ..
တစ်စုံတစ်ယောက်၏
နိုးထခြင်းကို
တစ်စုံတစ်ယောက်၏
အိပ်မက်များဖြင့်
မပိတ်လှောင်စေခြင်းကြောင့်သာ
ဖြစ်သည်။
သူမ၏
ကြေးနန်းစာသည်
ကျွန်တော်၏
ဓာတ်ခဲအား
ကိုက်ချီယူဆောင်
ပြေးထွက်သွားခဲ့သည် ။ ။
သက်ထွေး
ညနေ ၅းဝဝ
Comment #6
“တစ်စုံတစ်ယောက်၏
နိုးထခြင်းကို
တစ်စုံတစ်ယောက်၏
အိပ်မက်များဖြင့်
မပိတ်လှောင်စေခြင်းကြောင့်..” တဲ့ ထပ်ကာထပ်ကာရွတ်သွားတယ်….
Comment #7
တစ်စုံတစ်ယောက်၏
နိုးထခြင်းကို
တစ်စုံတစ်ယောက်၏
အိပ်မက်များဖြင့်
မပိတ်လှောင်စေခြင်းကြောင့်….
ကူးပြီး စုတုပြု လုပ်ထားပါသည်။
Comment #1
အဟတ်… မိုက်ပါတယ်… ဂယ်ပြောတာ… ဝတ္ထုတိုလေးဖတ်နေရသလိုပဲ… ထိန်းချုပ်ရာမဲ့သော
နေ့ရက်တွေထဲ
ကျွန်တော်၏
လွတ်လပ်မှု့သည်
အထီးကျန်ဆန်လွန်းလှသည်။
အဲ့နေရာအကြိုက်ဆုံးပါ… ထပ်ရေးပါ… ထပ်အားပေးမယ်… ဟဲဟဲ…
အားပေးလျက်
wote wote 😛