သက္ကရာဇ်မြို့ဟောင်းသို့ သံကြိုးစာတစ်စောင်ရဲ့ အိတ်ဖွင့်ပေးစာ
သက္ကရာဇ်မြို့ဟောင်းသို့ သံကြိုးစာတစ်စောင်ရဲ့ အိတ်ဖွင့်ပေးစာ
လူသေရင် ကောင်းရာဘုံရောက်ဖို့ ဆုတောင်းသံ
ချိန်ခါမဲ့ မိုးရာမှုတစ်ခုကို ကို့ရို့ကားရား လူရာဝင်ချိန်
ရင်ဘတ်အ၀န်းကို လက်နဲ့စမ်းသပ်ရင်း
ဘ၀စစ်တမ်းမူဝါဒဟာ အပေါင်းအနုတ်သုံးရင်း စကားလှမ်းပြောသံကိုနားစွင့်
ငါကလူသား လူကငါလားလို့ လှမ်းမေးချိန်
လက်မလွန်ခင်နှင့်လက်လွန်ပြီး နေ့စွဲဟောင်းတွေကြား
ကိုယ့်သိက္ခာတောင် ခပ်မှိန်မှိန် မခေါ်နိုင်ခဲ့ဘူး …။
မနေ့က နေ့ပေါင်းလည်း အိုမင်းရင့် အသက်ရှုသံမတည်ငြိမ်
မနက်ဖြန်နေ့တွေဟာ မတည်ငြိမ်မှုကလွဲလို့ နေ့တွေဘာကြောင့်မကြာခဏရှည်လျားနေတာ ခုကြည့်
ဒုက္ခကိုဖန်တီးတဲ့ တချို့စိတ်ညံ့ညံ့သဘောထားတွေကို ကျိန်ဆဲရင်းအသက်ရှင်
စာနာမှုတရားကို ဘယ်နေ့ပေးဝေမလဲ
ရယ်မောသူရှိတိုင်း ငိုကြွေးမှုကိုရပ်ခိုင်းနေတာ ဘယ်အသံလဲဟေ့
ရင်ဘတ်ထဲက အသည်းဆိုင်ကို ဆွဲလှုပ်နေတာငါဟေ့…
လုပ်ချင်တာ လုပ်ကြစတမ်းဆို
ဘယ်တော့မှလူ့ဘ၀ထဲ မလာတော့ဘူးလို့ ချောင်ကုပ်နေရင်း တွေးနေတဲ့ ဥပေက္ခာတစ်ခုကို
ဂုဏ်သိက္ခာတည်ကြည်မှုရှိမရှိ
လက်မှတ်စစ်စစ် ရေးထိုးပါ …
ငါမည်တဲ့အဖြေတွေကြား မိုးကောင်းကင်ခုံးတဲ့ကိစ္စလောက်သာ တွေးနေလျက်လို့
လုံးဝ ပြန်မလာတော့တဲ့ သေဆုံးသူတွေရဲ့အတွေးလှလှ ၀င်္ကပါပျောက်ဆုံးခန်းလို
ခံစားမှုရင်ဘတ် မဆုံသရွေ့ ခံပေဦးတော့ မြေစာပင်သဘော
သံသရာသင်ခန်းစာ မဆုံးသရွေ့ အထုပ်တွေဘယ်နေ့လျော့နည်းလာမလဲ ပေးဆပ်ရွေ့လျား
အများကော်ပက်ခံ ဘ၀ အယူအဆ ဘယ်ရာသီမှာကပ်ဆိုက်နေသလဲ
မိုးချုပ်နေ၀င် မိုးလင်းနေထွက် ကတိသစ္စာ မေ့ပျောက်ခဲ့တာ မဟုတ်ဘူး
ငရဲကို တကယ်ကြောက်ခဲ့တယ်
ပစ္စုပ္ပန်တည့်တည့်မှာ ငွေကြေးပြည့်စုံဖို့ လိုလိမ့်ဆိုတာ
ငါ့အတ္ထုပတ္တိစာတမ်းမှာ လုံးဝကင်းစင်ချင်တယ် ယုံလိုက်
မဟုတ်ဘူး မယုံနဲ့
အမြဲမရှိခြင်း လောကသား ငါဟာ
ငါ့ကိုယ်ငါတော့ အဟုတ်ထဲက သူကောင်းသားအဖြစ်နဲ့
ငါမသိတဲ့ မြို့ပြထဲက ဖြူဖြူမဲမဲ တချို့ကို မေတ္တာပေးဝေလိုက်တာကလွဲလို့။
ကလင့်(မန္တလေး)
အဇ္ဈတ္တအယ်လဘမ် ကဗျာစာအုပ်ပေါင်းချုပ်မှထုတ်နုတ်သည်
Comment #1
ငါမသိတဲ့ မြို့ပြထဲက ဖြူဖြူမဲမဲ တချို့ကို မေတ္တာပေးဝေလိုက်တာကလွဲလို့။…။