မိုးကဗျာ
မိုးရေစက်တွေ ချစ်စရာကောင်းလောက်အောင်
ခုန်ပေါက်စီးဆင်းသွားကြ…
မိုးဟာ အသစ်ရောင်ကြိုက်တဲ့ ပန်းချီဆရာ
သူ့ဆေးစက်ကျရာ စိမ်းလန်းမှုတွေ ထင်တယ်…။
မိုးလို့ဆိုလိုက်တာနဲ့… …
အေးချမ်းမှုနဲ့ သင်းမြ လင်းပနေတဲ့
ပုန်းညက်ပန်းတွေကို သတိရတယ်…
နောက် ဆံစထက်က ရေစက်တွေကို
သွေ့ခြောက်အောင် သုတ်ပေးဖူးခဲ့တဲ့
လက်တစ်စုံကို သတိရတယ်…။
မိုးသံလေး ကြားလိုက်ရင်ပဲ… …
လတ်ဆတ်တဲ့ အငုံအဖူး
အဖြူနဲ့ အစိမ်း ကောက်ကြောင်းထဲ
အဖေ ချွန်ပေးခဲ့တဲ့ ခဲတံလေးတွေ
နာမည်ထိုးပေးခဲ့တဲ့ စာအုပ်ကလေးတွေ
နောက် မိုးထဲရေထဲ ပြန်မလာနိုင်သေးတဲ့
အဖေ နဲ့ အမေ ကိုစောင့်ရင်း
၁၂ နှစ်သား အစ်ကိုက ၇နှစ်အရွယ် ညီမလေးကို
ခူးခပ်ကျွေးခဲ့ဖူးတဲ့ ထမင်း အနပ်တွေ
တကယ်ကို တိမ်းတိမ်းမူးမူး အောက်မေ့မိရတယ်…
နောက်တော့ မိုးရေစက်တွေရဲ့ ချော့မြူမှုမှာ
ခဏ ခဏ လူးလွန့်ရရှာတဲ့ ဇာတိမြေရဲ့ မြစ်…
သူ့နဘေး ကမ်းပေါ်က
အထီးကျန်ဆန်ဆန် လှတဲ့ ဗန်ဒါ သစ်တစ်ပင်…
သနခါး ဖုံဖုံလိမ်း
ကြည်ကြည်နူးနူး ပြုံးတတ်တဲ့ ရေကြည်တစ်ပေါက်နဲ့
သူ့မြေးမလေးအတွက် ပျိုးထားတဲ့
အဖြူရောင် နှင်းဆီ တစ်ခင်း…
မြင်းကွင်းကျယ် ရှုမျှော်ခင်းတွေက
မိုးရေစက်တွေထဲ တဖြုတ်ဖြုတ်ကြွေကျ
အတိတ်နဲ့ အတွေးကို ညှို့တယ်…။
ညနေခင်း မိုးရေစက်တွေထဲမှာတော့… …
ရေသန့်ဗူး အခွံတစ်ခုကို အလုအယက် ကန်နေကြတဲ့
ဆယ်ကျော်သက် မိန်းမရွယ်လေး ခြောက်ယောက်…
မိုးရေစက်တွေ ရွှဲရွှဲ မစို မချင်း
အပိတ်မခံခဲ့ရတဲ့ ပြတင်းတစ်ပေါက်…
နောက် မိုးထဲရေထဲ
ကသုတ်ကရက် ခွဲခွာရပြီး ပြန်မဆုံဖြစ်သေးကြသူတွေ…
သူတို့တတွေက အာရုံထဲမှာ လျှပ်လက်လို့…။
မိုးသည်းည တစ်ညမှာတော့… …
ဂစ်တာတစ်လက်ပေါ် မိုးထားတဲ့
ထီးတစ်ချောင်း အကြောင်း
အိပ်မက် မက်ခဲ့သေးတယ်…။
အခု ဒီ မစဲသေးတဲ့ မိုး မှာတော့
မျိုးကြီးရဲ့ မိုး သီချင်းကို ကြိုက်တယ်ဆိုတဲ့
သူငယ်ချင်းရယ်…
ငါရယ်…
ချယ်ရီ FM ရယ်…
နောက် မောင်စိမ်းနီရဲ့ မိုးရာသီရယ်…သာ
အလွမ်းတွေကို ခြုံ
နွေးနွေးထွေးထွေးလေး
ဆွေးလို့
ရာသီစာ ကဗျာတစ်ပုဒ် အဖြစ်
သီးပွင့်ခဲ့တယ်….။…။
Comment #2
မိုးလို့ဆိုလိုက်တာနဲ့… …
အေးချမ်းမှုနဲ့ သင်းမြ လင်းပနေတဲ့
ပုန်းညက်ပန်းတွေကို သတိရတယ်…
နောက် ဆံစထက်က ရေစက်တွေကို
သွေ့ခြောက်အောင် သုတ်ပေးဖူးခဲ့တဲ့
လက်တစ်စုံကို သတိရတယ်…။
Comment #1
အလွမ်းတွေကို ခြုံ
နွေးနွေးထွေးထွေးလေး
ဆွေးလို့
ရာသီစာ ကဗျာတစ်ပုဒ် အဖြစ်
သီးပွင့်ခဲ့တယ်…….
ကောင်းတယ်ဗျား ရာသီစာကဗျာတစ်ပုဒ်